ကားကိုဖြည်းဖြည်းမောင်းရင်း လမ်းဘေးဝဲယာဆိုင်တွေကိုအကဲခတ်လာသော တမန်က ဆိုင်တစ်ဆိုင်ထဲမှာ သူရှာနေသေလူကိုလှမ်းတွေ့လိုက်တာမို့ ချက်ချင်းပဲကားကို ထိုးရပ်ပစ်လိုက်ကာ ကားပေါ်ကခုန်ချလိုက်သလိုဆင်းလာခဲ့သည်။ခရီးဝေးတွေသွားထားပြီး စုတ်ပြတ်ပြတ်ဖုန်တင်ရွှံ့ကပ်နေသည့် ကားတစ်စီးကို ဆိုင်ရှေ့တည့်တည့်ကြီးမှာ မဆင်မခြင်ထိုးရပ်ပြီး ကားတံခါးကိုဂျိုင်းခနဲအသံမြည်အောင်ပင် ပိတ်လိုက်သည့်တမန့်ကို ဆိုင်ထဲကလူတွေက ဘာကောင်လဲဆိုတဲ့ မျက်လုံးတွေနဲ့ အကဲခတ်ကြတာကိုလည်း ဂရုမစိုက်နိုင်။ခြေလှမ်းကျဲတလွှားလွှားနဲ့လျောက်လာကာ လက်ဖက်ရည်ဆိုင်ထိုင်ခုံပုလေးတစ်လုံးမှာ ထိုင်နေသည့် လူတစ်ယောက်ကို အင်္ကျီစကနေ ခပ်ကြမ်းကြမ်းဆွဲမလိုက်ပါသည်။
" မင်းကို ငါရှာနေတာ ဘယ်လောက်ကြာပြီထင်လဲ... ထွက်ခဲ့ ဟေ့ကောင်.."
အောင်အောင်သည် တမန်ပြန်ရောက်နေမှန်းလည်းမသိ။စေတမန်ကိုသိပေမယ့် သူတို့နဲ့အဆင့်တူ ခင်မင်ပေါင်းသင်းရမယ့်လူလည်းမဟုတ်ခဲ့သဖြင့် သူ့ကိုဒီလိုလာတွေ့လိုက်လိမ့်မယ်လို့လည်း အိပ်မက်မျှပင်မမက်ဖူး။ရုတ်တရက်ကြီးဘွားခနဲသူ့ရှေ့ပေါ်ထွက်လာသဖြင့် လန့်ဖြန့်ကြောင်အကာ ဘာတစ်ခွန်းမှပြန်မပြောရဲပဲ သူဆွဲခေါ်လာတဲ့ အတိုင်း ဆုတ်ကန်ကန်တရွတ်တိုက်ဖြင့် ဆိုင်အပြင်ဘက်ကိုပါလာသည်။
" အစ်ကို .. အစ်ကို ဘာလုပ်မလို့လဲ.....ကျွန်တော်ဘာမှမသိဘူး..."
မမေးရသေးခင် ကြောက်ကန်ကန်ပြီးဘူးကွယ်နေသည့် အောင်အောင့်ကို တမန်က ကားနဲ့ကပ်သွားအောင်ဆောင့်တွန်းပစ်လိုက်ရင်း..
" ဘာမသိတာလဲ.... မင်းဟိုတနေ့က ချမ်းဆီကိုလာတာငါတွေ့တယ်... ဘာလာပြောတာလဲ....သူ့ဆီကိုမင်းလာစရာဘာအကြောင်းရှိလို့လဲ.."
ရွှေဥဩရဲ့ မိသားစုကို တခြားလူတွေမသိပေမယ့် တစ်နေရာထဲမှာအလုပ်လုပ်နေသည့်တမန်ကတော့ သိပါသည်။မြင်ဖူးရုံမက ရင်းပင်ရင်းနှီးသည်အထိပါပဲ။တမန်က အထက်စီးကမနေတတ်သည့်သူမို့ ရိုးရိုးမှန်တန်းသာနေသည့်တိုင် သူတို့တွေက ဒီပါချမ်းမြကလူဆို အကုန်ကြောက်ရွံ့ရိုသေဝပ်တွားသောပုံစံဖြင့်ဆက်ဆံကြတာပင်။အောင်အောင့်ကိုတော့ ကိုယ့်ထက်လည်းငယ်တာမို့ နည်းနည်းပိုရင်းနှီးပြီး ဒီလိုနိုင့်ထက်စီးနင်းဘယ်တုန်းကမှမပြုဖူးပေမယ့် အခုတော့အတော်ပင်စိတ်တိုနေကာ ဆွဲထိုးချင်စိတ်ပေါက်နေတာမို့ပင်။