"တမန်ရောက်ပြီဟေ့..."
ရွံ့အလူးလူး ဖုန်အတက်တက်နဲ့ ကားပြာပြာစုတ်စုတ်ကြီး ခြံဝကနေကွေ့ပတ်တက်လာကာ အိမ်ဘေးဘက်မြေနေရာလွတ်ထဲဆိုက်ရပ်လိုက်သည်ဆိုလျင်ပဲ ဒေါ်ချို့ကြေငြာမောင်းခတ်သံကြီးက ကျယ်ကျယ်လောင်လောင်ပင်ပျံ့လွင့်လာလေသည်။
" ကြည့်စမ်းပါဦးဟယ်.. အသားတွေလည်းမည်းသွားလိုက်တာ.... နင်ဘာတွေများလုပ်နေလို့လဲ ငါ့သားရယ်.. ဟင် မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်နဲ့ "
မမြင်ဖူးသော ကားစုတ်စုတ်ထဲကနေဆင်းလာသည့် အသွင်သဏ္ဍာန်ပြောင်းလဲလှသော စေတမန့်ကိုမြင်လျင် ဒေါ်ချိုသည် ရင်ဘတ်ကိုဖိကာ ပါးစပ်အဟောင်းသားအံ့ဩမဆုံးပေ။ပခုံးကိုဖက်ကာ လက်မောင်းလက်ဖျံတွေကိုကိုင်တွယ်ကာ တဖြစ်တောက်တောက်ရေရွတ်နေသည်ကို တမန်က ပြုံးရယ်နားထောင်နေရပါသေးသည်။မရွှေစင် လေးလေးသိင်္ခ အန်တီဝင်နီ ဘွား...ကားမောင်းတဲ့ဦးမောင်တင့် ဒေါ်ချိုစသဖြင့် ဒီပတ်ဝန်းကျင်ဟာ သူ့တသက်လုံးကျင်လည်ရင်းနှီးခဲ့တဲ့နေရာမို့ သံယောဇဉ်က ဒီမှာနေတဲ့မိသားစုဝင်တွေထက်မလျော့ပါးနိုင်ပါ။ဒါကြောင့်မို့ပဲ အချိန်အကြာကြီး သူပျောက်ကွယ်အဆက်အသွယ်ဖြတ်ထားတဲ့အပေါ် အားလုံးဟာ ဝမ်းပန်းတနည်းမကျေမနပ်ဖြစ်သမျှ အခုမှစုပြုံအပြစ်တင်နေကြတာကို မျက်နှာလည်းပူ အားလည်းနာ... တကယ်ပင် ကိုယ့်ကိုယ်ကိုယ်လည်းအပြစ်မကင်းဝမ်းနည်းခံစားရလျက် ခြေထောက်ညောင်းတောင့်အောင်ရပ်ကာ နားထောင်ပေးနေရပါသည်။လေးလေးသိင်္ခပင်လျင် သူတို့အုပ်စုကြီးကို စကားတော့လှမ်းမပြောပေမယ့် ခါးထောက်ရပ်ကာခပ်ပြုံးပြုံးစောင့်ကြည့်နေခဲ့လေသည်။
" အမလေး ဒေါ်ချိုရယ် အထဲရောက်မှစကားဝအောင်ပြောပါ....ဘယ့်နှယ့်အပေါက်မှာ မတ်တပ်ကြီးတွေ....သား... ကိုမန်..လာလေ...အိမ်ထဲဝင်.."
အန်တီဝင်နီလာဆွဲခေါ်မှ သူအိမ်ထဲကိုရောက်တော့သည်။ကိုကိုရောက်နေပြီကြားကတည်းက ကမန်းကတန်းပြေးဆင်းလာသည့် ချမ်းသည် အိမ်တံခါးပေါက်မှဝင်လာသည့်တမန့်ကိုမြင်လျင် စိတ်ထဲမှာဒီမိသားစုတွေကြား ဘာအပြောင်းအလဲမှမဖြစ်စဖူးသလို အရင်ကလိုပဲ ကိုကိုလာလည်လိုက်သလိုခံစားလိုက်မိရကာ ဆွတ်ပျံ့ကြည်နူးသွားလျက် ရှေ့ဆက်မတိုးမိပဲ နေရာမှာငြိမ်ငြိမ်ကလေးရပ်တန့်ပြီး လည်ပင်းကလေးဆန့်လျက်သာငေးကြည့်နေမိလေသည်။