ထိုနေ့ညနေက သိဒ္ဓိသည် ညအတော်နက်တဲ့အထိမအိပ်ဖြစ်သေး။မေမေတို့ကြည့်နေတဲ့ရုပ်ရှင်တစ်ကားကိုဝင်ကြည့်ကာ ဟေးလားဝါးလား ယောင်နေပြီး ညဆယ့်တစ်နာရီလောက်မှ ထမင်းစားသည်။ပြီးတော့ ရေချိုးသည်။အဝတ်လျော်တာနဲ့ဘာနဲ့ အချိန်အတော်လင့်သွားပြီးမှ ကိုယ့်အခန်းထဲကိုယ်ဝင်ဖြစ်ပါသည်။အဲ့ဒီအချိန်မှာ သူဟာတမန့်ကိုမေ့လျော့သွားပြီ။အရင်လည်း ဒီလိုပဲအတူတူသောက်ကာ လမ်းခွဲပြန်နေကျမို့ အထူးတလည်စိတ်မပူ။တမန်ပြန်သွားချိန်မှာ ခါတိုင်းထက်တော့ ပိုသောက်ထားခဲ့တာပဲဆိုတာကိုလည်းသတိမရတော့ပေ။
ရုံးခန်းထဲမှာလည်း တစ်နေ့လုံးအဲကွန်းနဲ့နေခဲ့တာမို့ အိမ်ပြန်ရောက်တော့လည်း အခန်းအလုံပိတ်ကာ အဲကွန်းဖွင့်ပြီးနေရတာမျိုး သူမကြိုက်ပါ။ရေချိုးပြီးတာတောင် မအေးမြပဲ ချွေးစေးထွက်ကာ အိုက်စက်စက်လည်းရှိလှသဖြင့် သဒ္ဓိက ပြတင်းပေါက်တွေကိုဖွင့်ပြီးနေသည်။သူ့အခန်းဟာ အိမ်ရှေ့မျက်နှာစာအကျဆုံးအခန်း။ပြတင်းပေါက်ကလည်း အရှေ့ဘက်ကော ဘေးဘက်ပါ နှစ်ဖက်လုံးပါရာ နှစ်ခုစလုံးကို ဖွင့်ထားလိုက်ပါသည်။
ပြီးတော့ မအိပ်ချင်သေးတာမို့ ကုတင်ပေါ်မှာထိုင်ပြီး laptop computer ကိုဖွင့်ကာ ထွေထွေရာရာကြည့်နေပါသည်။ထိုအခိုက် သူတို့ခြံရှေ့လမ်းမပေါ် ကားတစ်စင်းထိုးစိုက်ကာ ရပ်တန့်သွားတဲ့အသံကိုကြားတာမို့ သိဒ္ဓိကဘာရယ်မဟုတ်မော့ကြည့်နေမိသည်။သူ့ရဲ့ ပြတင်းပေါက်တစ်ပေါက်ဟာ အိမ်ရှေ့ကိုလှည့်ထားတာမို့ ခြံအရှေ့ဘက်မြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရတာပင်။ညနက်လှပြီမို့ ဘာလုပ်တဲ့ကားများလဲလို့ စူးစမ်းရုံလှမ်းကြည့်မိတာသာဖြစ်သော သိဒ္ဓိသည် ကိုယ့်အိမ်ကိုလာတဲ့ကားလို့တော့လုံးလုံးပင်မထင်သေး။
ကားမီးတွေကိုမမှိတ်ပဲ ကားပေါ်က လူတစ်ယောက်ဆင်းလာတာ... ခြံရှေ့မှာ ရပ်ပြီးအထဲကိုလှမ်းမျှော်ကြည့်နေတာကို မြင်မှပင် ဘာလဲဟ လို့ အံ့အားတသင့်ဖြစ်သွားရပါသည်။တစုံတရာကနှိုးဆော်သတိပေးလိုက်သလို စိတ်ထဲထင့်ခနဲဖြစ်သွားလျက် ချက်ချင်းပင်ထပြီး အိမ်ထဲကထွက်လာသည်။ခြံရှေ့က လူကတော့ အိမ်ထဲကတယောက်ယောက်ထွက်လာတာမြင်ကတည်းက လှုပ်လှုပ်ရွရွ ဂနာမငြိမ်ဖြစ်နေရင်း အနီးကပ်လာလို့ တစ်ယောက်ကိုတစ်ယောက်သဲသဲကွဲကွဲမြင်လိုက်ရချိန်မှာ မျက်နှာဝင်းပသွားလျက် ခြံတံခါးအနီးကို ပြေးကပ်လာပြီး တံခါးသံတိုင်များကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်ပါသည်။