တဖြည်းဖြည်းအေးစက်ကာ တဆတ်ဆတ်တုန်ယင်လာသော လက်ဖျားတွေကိုအချင်းချင်းဆုပ်နယ်ရင်း ရွှေဥဩသည် ထိတ်လန့်တုန်လှုပ်မှုကိုမပေါ်လွင်ရစေအောင်သိမ်းဆည်းကာ လည်တိုင်ကိုခိုင်မတ်စေလျက် ထီမထင်သလို မျက်နှာကိုရအောင်ပင့်မော့ထားသည်။
ဒါပေမယ့် ဝိုင်းကြည့်နေသော မျက်လုံးတွေအောက်၌ နောက်ကျောမှာချွေးစိမ့်စိုကာ အင်္ကျီနဲ့အသားနဲ့ကပ်နေသည်အထိ အနေရခက်ကာပင်ပန်းလှပြီ။ထိုမျက်လုံးတွေသည် မိမိအပေါ် ကိုယ်ချင်းစာစိတ်နဲ့ သနားကရုဏာသက်သော မျက်လုံးများမဟုတ်တာကိုသိနေသည့်အတွက် ပို၍ပင်အနေရခက်နေပါသည်။အထူးသဖြင့် ခြံကိုရောက်လာကတည်းက သူမအတွက်မိဘလိုပဲအတူနေအတူစားစောင့်ရှောက်ချစ်ခင်ပေးခဲ့သည့် ဦးကရင်တို့နှစ်ယောက်ကပါ သူမကိုနားမလည်နိုင်သော မေးခွန်းထုတ်သော မျက်လုံးများနဲ့ငေးကြည့်နေသည်ကိုမြင်ရလျင် မှားပြီလားဟု နောင်တစိတ်ကလေးက လှစ်ခနဲထွက်ပြူလာလေသည်။
သို့သော် ဒီအချိန်မှ နောင်တရလို့ကော ပြန်လည်ပြုပြင်ဖို့မှီနိုင်ဦးမှာလား။ဘွာခတ်လိုက်ရုံနဲ့ ဒီအဖြစ်အပျက်က မရှိတော့သလိုပြီးပျောက်သွားမှာမဟုတ်တော့ပေ။ပြီးတော့ ဥဩသည်ဒီအချိန်မှတော့ မှန်မှန်မှားမှား မာနနဲ့ပဲတင်းခံကာနောက်မဆုတ်နိုင်တော့ပြီတည့်။ဘဝတစ်ခုလုံးစာသိက္ခာတရားကိုပါ မြေမှာချနင်းပြီး ဒီလမ်းကိုသူမရွေးချယ်လိုက်ကတည်းက နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဒီပါချမ်းမြနဲ့တော့ ရေစက်ဖြတ်တောက်ရတော့မှာဆိုတာကို နားလည်လက်ခံထားပြီးသား။
အခန်းတစ်ခုထဲမှာ အတူတူထိုင်နေရပါလျက် သူမကိုကြည့်ပင်မကြည့်ချင်သလို မျက်မှောင်ကျုံ့လျက် မျက်နှာလွှဲထားသော တမန့်ကိုမြင်လျင်တော့ သူစိတ်နာလှသည်။
ဒါတွေအားလုံး ရှင့်ကြောင့်ပဲစေတမန်....
ဖြစ်ပျက်ခဲ့သမျှသည် ကြိုတင်ကြံစည်ထားခြင်းတစ်ခုမှမပါခဲ့။ ခြံထဲမှာရပ်ထားတဲ့ကားကိုမြင်ကာ ရုံးခန်းထဲရောက်လာခဲ့စဉ်က သူမမှာတကယ့်ကိုပဲ ဘာများဖြစ်လို့ပါလိမ့်ဆိုတဲ့ သိလိုစိတ်သက်သက်တစ်ခုအပြင် ဘာစိတ်ဆိုးစိတ်ညစ်မှရှိမနေခဲ့ပါဘူး။တမန်အော်ထုတ်တော့ ရှက်လည်းရှက်ကာ အမြင်လည်းကပ်ပေမယ့် ဒီလောက်ထိအဆုံးစွန်မိုက်မဲပစ်လိုက်ဖို့တော့ စိတ်မကူးခဲ့သေးပါ။ဪ... သူမူးနေလို့ပဲ ဆိုသည့် ဖြေသိမ့်စိတ်ကလေးနဲ့ အရက်တွေဖိတ်လိုဖိတ် ဘာမှန်းမသိတာတွေပေကျံချဉ်တူးနံစော်နေသည့် တမန့်ကို ဖေးမကူညီဖို့တောင်ကြိုးစားခဲ့သေးသည်။ချစ်ခင်မြတ်နိုးရလှသော ဒီယောကျာ်းတစ်ယောက်ကတော့ သူမကို ရက်ရက်စက်စက်ပင်မောင်းထုတ်ခဲ့တာလေ။အကြင်နာညှာတာမှုကင်းမဲ့လှသော စကားလုံးများနဲ့ သူမကိုထိုးနှက်ခဲ့တာ။သူမကို မထူးဇာတ်ခင်းချင်အောင်လုပ်ခဲ့တာ။