အစကတည်းကပင် အဖျားလေးနဲ့တခွေခွေမို့ တယုတယလုပ်နေရသောလူက မူးမိုက်ခွေလဲသွားသဖြင့် တစ်အိမ်လုံးယောက်ယပ်ခတ်ကုန်ရသည်။ဒရိုင်ဘာကိုပဲ ကားတစ်စီးနဲ့လွှတ်လိုက်ကာ အနီးအနားက ဆရာဝန်တစ်ယောက်ကိုရှာဖွေပင့်ခေါ်စေလိုက်ရလေသည်။
ချမ်းကား သတိတော့ရနေလျက် မူးဝေချာလည်ကာ နေတာပင်။အလျင်လိုကာမှ အနှေးဖြစ်ကာ ဆရာဝန်သွားပင့်သူကလည်း အတော်နဲ့ပေါ်မလာ။အစောင့်ကြီးစောင့်လျက် မိနစ်နှစ်ဆယ်လောက်ကြာမှပင် ပေါ်လာတော့သည်။
''ဟဲ့ ဆရာဝန်ကဝင်စရာအပေါက်မရှိတော့ဘူး လမ်းဖယ်ပေးကြလေ အမလေး အံ့တာပဲ သူတို့ကဘာလုပ်တတ်လို့ အခန်းထဲစုပြုံနေပါလိမ့်တော် ''
တစ်ယောက်ကအော်လိုက်သဖြင့် တရုန်းရုန်းထကာ ဖယ်ပေးကြလေသည်။ဆရာဝန်မကလေးကငယ်ငယ် မျက်မှန်ကလေးပင့်ကာ ပင့်ကာနဲ့ အေးအေးလူလူဘာမှမသိပဲဝင်လာလာချင်း လူအုပ်ကြီးပြုံအုံနေတာတွေ့သဖြင့် ထိတ်လန့်သွားသည်။ဘုရား ဘုရား အခြေအနေအတော်ဆိုးသောလူနာများလား။မပြောကောင်းပြောကောင်းမီးဇာကုန်ဆီခမ်းကာ အမှည့်ကြွေကြွေတော့မည့်လူနာမျိုးကိုကြည့်ပေးရမှာများလား။
တထိတ်ထိတ်နဲ့ဝင်လာသောအခါ အခန်းထဲမှာ ထင်ထားသလို ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသည့် ဘယ်အဘိုးကြီးအဘွားကြီးကိုမှမတွေ့။အရွယ်ကောင်းယောကျာ်းပျိုကလေးတစ်ယောက်ကိုသာတွေ့သဖြင့် အူကြောင်ကြောင်ကလေးဖြစ်ကာ စမ်းသပ်လေသည်။
'' ဆေးရုံတွေဘာတွေတင်ဖို့လိုသလား ဆရာမလေး လိုရင်ပြောပါနော် ''
'' အို အဲ့သလောက်ထိမလိုပါဘူးရှင် ရိုးရိုးအအေးမိဖျာတာက နမိုးနီးယားဝင် ပြီး အားနည်းနေတာပါ ... ကောင်းကောင်းနား ကောင်းကောင်းစားရင်မြန်မြန်ပျောက်ပါတယ် ... ကျွန်မဆေးလည်းထိုးပေးခဲ့မယ် ကောင်းကောင်းအိပ်ပျော်အောင်''
ဆရာမကလေးသည် အခုမှပဲသက်ပြင်းချနိုင်ကာ သဘောကောင်းကောင်းတပြုံးပြုံးဖြင့် အခန်းထဲအခန်းဝတို့တွင် ဝိုင်းနေသောလူအုပ်ကြီးကိုအံ့သြစွာအကဲခတ်ရလေသည်။ရောဂါဝေဒနာဒါလောက်ပြင်းထန်သောလူနာလည်းမဟုတ်ပါပဲနဲ့ အားလုံးအထိတ်တလန့်စုပြုံအုံနေကြတာကို နားမလည်ပဲပြုံးချင်နေမိသည်။