ဘွား မကြည်လင်လှဘူးလို့ ထင်သဖြင့် နှစ်ရက်သုံးရက်တော့ ချမ်း အပိုးကျိုးကျိုးပိပိပြားပြားလေးလိမ္မာချင်ယောင်ဆောင်နေရလေသည်။ဘောလုံးလည်းခိုးမကန်။အပြင်လည်းမထွက်။
မေမေ့နားမှာ ယောင်လိုက် ။မီးဖိုထဲဝင်ကာ ဒေါ်ချို့နားမှာယောင်လိုက်။နေ့လယ်ဘက်တွေကျတော့ ခြံကူးကာ အဘွားလေးတို့ခြံဘက်မှာသွားနေတာမို့ ...
" ချမ်း...နင်မုန့်ဖိုးမရှိလို့ အိမ်ကပ်နေတာလား."
မမကြီးရွှေစင်က ရယ်ကာမေးတတ်သေးသည်။လူကိုများလိမ္မာနေတယ်လို့တွေးပေးဖို့အတော်ခဲယဉ်းကြတာကိုး။ပိုက်ဆံမရှိတာတော့မရှိပေမယ့် ပိုက်ဆံမရှိလို့အိမ်ကပ်နေတာတော့ လုံးလုံးမျှပင်မဟုတ်ရတာကို ဘာကြောင့်မယုံကြတာတုန်း။
" ပိုက်ဆံမရှိရင် ငါ့ဆီကယူသုံးလေ... ဟိုတစ်နေ့က ပိုချို့ကိုခမည်းပေးဖို့ မေမေထုတ်ပေးထားတဲ့ ဆယ်ပြားစေ့တွေရှိတယ်..."
မချိသွားဖြဲကလေးနဲ့ သူရယ်ပဲရယ်နေလိုက်၏၊မမကြီးရဲ့သမီး ချမ်းရဲ့တူမကလေးကို ပိုချိုလို့ယာယီနာမည်ပေးထားကြလေသည်။ကျောင်းတက်ရင်သုံးမယ့်နာမည်ကိုတော့ နောက်မှရွေးကြမှာပေါ့။
ချမ်းလာရင် ကလေးနို့မှုန့်တွေ ကော်စားတတ်သဖြင့် ရွှေစင်လည်းစိတ်ညစ်လှပြီ။ဒီကြားထဲ ကလေးနဲ့အပြိုင်အော်ကာ လသားသာသာကလေးပေါက်စနဲ့အပြိုင်လည်းစိတ်ကောက်ချင်တတ်သေး၏။
ညနေခင်း ဘွားခြံထဲဆင်းတဲ့အချိန်ဆို ချမ်းလည်းလိုက်ဆင်းကာ ပန်းခူးပေးသလို အမှိုက်ကောက်သလိုလူလုံးပြလျင် ဘွားက မျက်နှာထားနဲ့ မျက်မှန်ပေါ်က ကျော်ကြည့်ကာ ဘာမှမပြောပေ။
မေမေကတော့ သားကလေးသူ့အနားကပ်နေတာကို ကျေနပ်နေတာကလွဲလို့ ဘာမှသတိထားမိတဲ့သူမဟုတ်ပါ။မေမေက ဘွားလိုအရိပ်အကဲမြန်သူမှမဟုတ်တာ။
ထက်မြက်သော စိတ်ဓာတ်ပြင်းထန်သော ယောက္ခမနဲ့ပင် ဘယ်တုန်းကမှ မဆင်မပြေအဖုအထစ်မဖြစ်ဖူးအောင် အေးချမ်းနူးညံ့သောစရိုက်မျိုးရှိသူမို့ ဒီမိသားစုထဲမှာပဲ အေးအေးချမ်းချမ်းလေးကျင်လည်နေကာ အပြင်လောကအကြောင်းလည်းသိပ်မသိ။ယောက်ျားကိုပြုစုယုယမည်။သားကို ချစ်မည် ။အလိုလိုက်မည်။ခြံထဲကပန်းပင်တွေကို ပြုစုထိန်းသိမ်းမည်။