ကိုကို့ကားနောက်မီးကလေး တဖြည်းဖြည်းဝေးကွာသေးကွေး ကွယ်ပျောက်သွားတဲ့အထိ ခြံတံခါးကိုကွယ်လျက်ပုန်းခို စောင့်ကြည့်နေပြီးမှ....ပန်းရင့်ရောင်ပြေးသော ပါးကလေးနှစ်ဖက်ကို လက်ဖျားနဲ့ဖွဖွစမ်းကာ ပွတ်သပ်ရင်း ခြံထဲကို သူအပြေးတပိုင်းလေးခုန်ပေါက်ပေါက်ဝင်လာပါသည်။ရင်ထဲမှအသံကျယ်ကျယ်မြည်ဟီးကာ အရှိန်အဟုန်နဲ့ခုန်ပေါက်လှုပ်ရှားနေတာကို ကိုယ့်ဘာသာလည်းခံစားသိရှိလို့နေပါ၏။
ကြည့်စမ်း... ချမ်း.. ဒီနေ့... ကိုကို့ကို ချစ်တယ်လို့တောင် ခေါင်းညိတ်ဝန်ခံလိုက်မိတော့မလို့ပါလား....ကိုကိုကသာ ဒီထက်နည်းနည်းလေးပိုပြီး အချိန်ဆွဲကာ ညစ်ထားရင် ချမ်းတကယ်ကိုပဲ အဖြေပေးလိုက်မိတော့မှာ...ကိုကို့လက်ထဲကနေ ကိုယ့်လက်ကိုယ် ဟန်ဆောင်ပန်ဆောင်ရုန်းထွက်ရင်း ... ကိုကို့အကြင်နာအကြည့်တွေမှာ တိမ်းမူးရင်း....နွေးထွေးတဲ့အထိအတွေ့မှာ မွန်းသိပ်ရင်ခုန်စွာ ကိုကို့ပခုံးမှာ မှီနွဲ့ခိုတွယ်မိလုနီးပါးပင်ဖြစ်ခဲ့တာ...
ပထမဆုံးအတွေ့အကြုံမို့ ဖြစ်သင့်တာထက်ပိုပြီး ဟန်ဆောင်အမူပိုနေမိသလိုဖြစ်နေရင်လည်း... ကိုကိုက စိတ်ရှည်ပါနော်...ကိုကို့မှာ အရင်က ဇာတ်လမ်းလေးတွေရှိခဲ့ဖူးရင်လည်း သဝန်မတိုပဲ နားလည်ခွင့်လွှတ်လိုက်တော့မှာမို့...ချမ်းကို ... အရင်ကရှိခဲ့ဖူးတဲ့...သံယောဇဉ်တွေနဲ့ .. နှိုင်းယှဉ်လို့တောင်မရအောင် ... . အများကြီးပိုချစ်နော်...ဆိုးနွဲ့အနိုင်ကျင့်ရတာကို အသားကျနေသူမို့ အရင်လိုပဲ ဂျီကျအနိုင်ယူမိရင်လည်း စိတ်ပျက်မသွားပဲ သည်းခံစိတ်နဲ့ အများကြီးကြင်နာပေးနော်....
" ဒါ ဘယ်ကပြန်လာတာလဲ.."
ကိုယ့်စိတ်ကူးနဲ့ကိုယ် ယစ်မူးကြည်နူးကာ ပြုံးပြုံးကလေး ပေါ့ပါးခုန်လွင့်လျက် ခြံထဲကိုလှမ်းဝင်လာသော ချမ်းက ဒေါ်မြသက်ထားအသံကြောင့် တုန်ခနဲနေအောင်လန့်သွားပါသည်။
" ဘွား.... "
အပြင်မှာပဲရပ်ကာ သူ့ကိုချပေးသွားတဲ့ ကိုကို့ကားကို ဘွားမြင်လားမမြင်လား အပြေးအလွှားစဉ်းစားရင်း အဘွားကိုလည်း ဖားဖားယားယားချော့ချော့မြူမြူလေးပြုံးပြကာ အနားကိုတိုးကပ်သွားလိုက်သည်။