ခုံကို ဆွဲထုတ်ကာ သေသေချာချာ အခြေကျအောင်ထိုင်ပြီးမှ... ဆိုင်ကလေးကိုသူလှည့်ပတ် အကဲခတ်လိုက်သည်။Cupcake ပုံ ကော်ဖီခွက် ပုံ စတေကာလေးတွေ ကပ်ထားသော မှန်ကြည်ကြည်တွေနဲ့ အဝင်အထွက်တိုင်းမှာလှုပ်ခတ်အသံမြည်နေသောခေါင်းလောင်းလေးတွေတပ်ထားတဲ့ မှန်တံခါး။အထဲမှာကလည်း... ခဲရောင်နဲ့ ပန်းရောင်ကို လှပစွာ အရောင်စပ်ပြီးဆေးသုတ်ခြယ်ထားတဲ့ နံရံမျက်နှာကျက်တွေနဲ့.... စားပွဲခုံနဲ့ ထိုင်ခုံတွေက အစ... ခဲရောင်မှာ အဖြူရောင်ခြေထောက်ကလေးတွေနဲ့ အမြင်ဆန်းချစ်စဖွယ်ရာ အရောင်ဆင်တူလေးတွေ။
" ဆိုင်လေးက လှတယ်နော်..."
ချမ်းနဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တဲ့ မအက်စတာ က သူ့မျက်မှန်ကြည်ကြည်လေးကိုပင့်ရင်း ပြောသည်။လူကခြောက်ယောက်လောက်ရှိတာမို့... လေးယောက်စာစားပွဲလေးနဲ့ မလောက်.... ဒီလိုဆိုင်တွေက စားပွဲတွေကလည်း အလှအပကို ဦးစားပေးပြီး ခုံပိစိလေးတွေနဲ့ နေရာများများရအောင်လုပ်ထားတာမို့... မုန့်နဲ့ အအေးကော်ဖီခွက် တင်လိုက်ရင်.. တခြား ဖုန်းတို့ ပိုက်ဆံအိတ်တို့ပင် ထားစရာမရှိတော့အောင်...ကျပ်တောက် သွားတတ်ရော... ခွဲလည်းမထိုင်ချင်ကြတာမို့... စားပွဲနောက်တစ်လုံးကို သွားယူကာဆက်... ခုံတွေ ရွှေ့ကြ ပြောင်းကြနဲ့... ရှုပ်ရှက်ခပ်သွားရ၏။ရယ်ကာမောကာ.. စကားတွတ်ထိုးရင်း... လှုပ်ရှားနေကြသည့်အုပ်စုမှာ...အကုန်လုံးက... အသားဖြူဖြူ... ဆံပင်ကလည်း တစ်ယောက်မှ အနက်မပါ... တစ်ယောက်တစ်ရောင်စီနဲ့... ယောက်ျားမိန်းမ မရွေး.. ဘောင်းဘီတိုကလေးတွေဝတ်ကာ...လူကြားထဲမှာ ဆန်းပြားထင်းထွက်နေတာမို့....တစ်ဆိုင်လုံးကလူတွေ သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး... အထူးတဆန်းဝိုင်းကြည့်ကြရလေသည်။
" မုန့်တွေကကော ကောင်းလား.."
" မဆိုးပါဘူး... မုန့်ထက် အသီးအစစ်နဲ့ဖျော် တဲ့ ဂျူ့ စ် တွေရတာကို ပိုကြိုက်တာ မအက်ရဲ့..."
" အပြင်မှာ ပန်းခြံရှိတယ်...ကိုကြီး... ပန်းခြံ...."
ငါးနှစ်သာသာ ချာတိတ်ပေါက်စလေး ဘော်ဘီက လမ်းမဘက် မှန်နံရံအပြင်မှာ... ဝရန်တာဖြူဖြူလေးနဲ့ ပန်းပင်တွေ ချထားတာကို လက်ညှိုးထိုးပြနေသဖြင့် ချမ်းက ကုန်းကြည့်လိုက်ရသည်။နေရာလေးက သေးသေးလေးမို့ အပင်ကြီးကြီးတော့ မရှိပါ.. ကြယ်သီးပင်လို့ခေါ် ကြသည့် နွယ်တန်းလန်းကျတတ်သော အပင်လေးတွေရှိသည်။အပွင့်သေးသေးလေးတွေ ပြွတ်သိပ်ပွင့်တတ်သည့် နှင်းဆီပင်တွေ ရှိသည်။လှောင်ချိုင့်လှလှလေးနဲ့ ထည့်ထားတဲ့ ငှက်သေးသေးလေးကိုတွေ့လိုက်တော့ နှုတ်ခမ်းလေးတွေ ဟအောင်ပင်နှစ်သက်သွားရလေသည်။ငှက်ကလေးက တကယ့်ကို သေးသေး လက်တစ်ဆုပ်စာလေး....ကျေးကျုတ်ခေါ် ကြတဲ့ ငှက်မျိုးလားမသိ။