1(U/Z)

2.2K 67 4
                                    

U...

"တော့် မိတင်တင်ရေ..ဟော အရပ်တို့ ဘယ်များသွားကုန်ကြ​ပါလိမ့်အေ."

နှစ်ဆောင်ပြိုင်အိမ်ကြီးရဲ့ ဘေးက ထီးထီးမားမားရှိနေတဲ့ မာလကာပင်ရိပ်မှာ အဖေလုပ်ပေးထားတဲ့ ရွှံရုပ်လေးတွေနဲ့ ကစားနေရင်း ခေါ်သံကြားလိုက်တာကြောင့် ကျွန်တော်ပြေးထွက်လာခဲ့တယ်။ချည်ဘောင်းဘီတိုတိုလေးနဲ့စွပ်ကျယ်တစ်ထည်ကိုဝတ်ထားတဲ့ သုံးနှစ်သားလေး စောမြတ်မင်းဟန်က လုံးလုံး,လုံးလုံးနဲ့ပင်။

"ဟော့...လဲနေပါ့မယ်တော်၊ကလေးနှယ်..ဖြည်းဖြည်းလာပါအေ့။မိတင်တင်တို့များ ကလေးကို တစ်ယောက်တည်းလွှတ်ထားရသလား။.."

အထုပ်တစ်ထုပ်ကိုခေါင်းပေါ်ရွက်ထားရင်း ကျွန်တော့်ကိုပွေ့ချီကာ နှုတ်မှနေလဲ အမေတို့ကို အပြစ်တင်စကားပြောနေသေးသည်။ဒီအဘွားက ဘယ်သူလဲဆိုတာ ကျွန်တော်သိတာပေါ့။ရွာတောင်ပိုင်းက မုန့်ကြိတ်တဲ့အဘွားဒေါ်ညွန့်ခင်လေ။ကောက်ညှင်းပေါ်ချိန်၊မုန့်လုပ်ချိန်တွေဆို အဘွားဆီမှာ ကျွန်တော့်တို့အိမ်က ကောက်ညှင်းသုံးပိဿာလောက်ထိ ကြိတ်ခိုင်းရတယ်။မျိုးရိုးစဥ်ဆက် မုန့်ကြိတ်လာခဲ့ကြတော့ ရွှေမရှားငွေမရှားနေပေမယ့် ဝါသနာအရဆိုကာ ကြိတ်မြဲပင်။ဒါကြောင့်လဲ အဘွားညွန့်ရဲ့ လက်ကိုင်းတွေဟာ သန်မာနေလွန်းတယ်။

ကွမ်းယာတမြုံ့မြုံ့နဲ့အဘွားက သဘောလည်းကောင်းသလို၊ကလေးလဲချစ်တတ်သည်။ရွာမိရွာဖ၊ရှေ့မီနောက်မီလူကြီးတစ်ယောက်ဆိုလဲ မမှားပါ။သူထိန်းကြောင်းပေစဖူးတဲ့ကလေးတိုင်းလိုလိုကို ပုံတိုပတ်စတွေအပြင်၊သူတို့ခေတ်ကကြုံတွေ့ခဲ့ရတဲ့ ဓားပြတိုက်မှုတွေ၊ကျူးကျော်စစ်ပွဲတွေကြားတွေ့ကြုံခဲ့ရတဲ့ အကြောင်းတွေ၊ပုန်းကျင်းတွေတူးကာ ပုန်းအောင်းခဲ့ရတဲ့အကြောင်းတွေကို ပြောပြတတ်တယ်။

ကျွန်တော်တို့အိမ်ကရွာလူကြီးအိမ်ဖြစ်တာကြောင့် အမှုပေါင်းစုံသလို၊ဧည့်သည်တွေလဲ မရှားတတ်တာကြောင့် မြန်မာမုန့်တွေဖြစ်တဲ့ မုန့်ဆီကြော်၊မုန့်လက်ကောက် စတဲ့မုန့်တွေမရှားတတ်ပေ။ကျွန်တော်တော့ မြန်မာမုန့်တွေသိပ်မကြိုက်လှ။မေမေကျွေးရင်တောင် စိတ်ကျေနပ်သွားအောင် တစ်လုပ်လောက်သာဝါးပြရင်း ကွယ်ရာမှာ ထွေးထုတ်ပစ်တတ်သည်။မြန်မာမုန့်တွေရဲ့ ချိုရဲရဲအရသာကို ခံတွင်းမတွေ့ပါ။ကောက်ညှင်းပေါင်းပူပူလေးကိုသာ မက်မက်စက်စက်စားတတ်သည်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now