2(U/Z)

577 34 1
                                    

U.....

"သားရေ..ငှက်ခါး။ဘယ်သွားနေတာလဲသား."

လေးနှစ်အရွယ်ရှိပြီဖြစ်တဲ့သားလေးက တစ်သွေးတစ်မွေးရှိလှသည်။ကြည်လင်ပြီးဝိုင်းစက်နေတဲ့ မျက်ဝန်းအိမ်လေးနဲ့မျက်ဆံနက်လေးတွေဟာ ထက်မြက်တဲ့ကောင်လေးတစ်ယောက်ဆိုတာကို ပြောပြနေသလိုပါပဲ။စကားပြောအေးသလို၊တစ်ယောက်တည်း တစ်ကုတ်ကုတ်နဲ့ မိဘလုပ်သူတွေနဲ့ ဒွေးဖြစ်တဲ့သူကိုပါ အလိုက်တသိရှိလှသည်။

အကောင်းတွေကြီး ပြောနေလို့လဲမဖြစ်။လူ့ဆိုတဲ့သတ္တဝါတွေက ဖြစ်ပျက်သဘောနဲကိုက်ညီစွာ အကောင်းအဆိုးဟာလဲ ဒွန်တွဲလို့နေတာလေ။ပြီးတော့ ငယ်ငယ်တုန်းကစရိုက်နဲ့အရွယ်ရောက်လာတဲ့စရိုက်က တူချင်မှတူနိုင်တာဆိုတော့ သားကိုအတော်လေး လေ့ကျင့်သင်ကြားပေးရအုံးမည်။
လူ့တန်ဖိုးကိုနားလည်ဖို့၊ကိုယ့်နေရာကိုယ်သိဖို့ စတာတွေပေါ့။

မြစ်လက်တက်ချောင်းငယ်တစ်ခုက ရွာကိုပတ်ခွေစီးဆင်းနေတာကြောင့် စိုက်ပျိုးရေးဖြစ်ထွန်းသည်၊ရာသီဥတုမှန်သည်။ငှက်ခါးက အိမ်ထဲကအိမ်ပြင်သိပ်မထွက်တတ်ပေမယ့် ညနေတစောင်းဆိုရင်တော့ အိမ်နောက်ဖေးကိုထွက်ကာ တစ်ယောက်တည်းတိတ်တိတ်လေးထိုင်နေတတ်သည်။

"သား..မေမေခေါ်နေတာ ကြာနေပြီ။ဘယ်အချိန်တည်းက ဒီမှာလာထိုင်နေတာလဲ."

သားကိုထမင်းကျွေးဖို့ ပြင်တော့အိမ်ထဲမှာမရှိ။ နောပ်ဖေးကိုသာထွက်လာခဲ့လိုက်တာမှန်သွားသည်။သားက သူထိုင်နေကျ မန်ကျည်းပင်ကြီးအောက်မှာထိုင်ရင်း ခပ်ဝေးဝေးကို ငေးနေသည်။တစ်ခါတစ်လေ တုတ်တစ်ချောင်းနဲ့ မြေကြီးပြောင်ပြောင်ပေါ်မှာ ဟိုခြစ်သည်ခြစ်လုပ်တတ်သေးသည်။

"သား..ထမင်းစားရမယ်လေ။နောက်ဖေးကို ဘယ်သူမှမသိပဲမလာပါနဲ့သားရယ်။ခြေကင်းလက်ကင်းကြောက်ရတယ်။ညနေတစောင်း၊နေဝင်ရီ​တရောအချိန်က အိမ်ထဲမှာရှိနေတာ အကောင်းဆုံးပဲ။လာ..အိမ်ထဲဝင်ရအောင်.."

"နီနီရော မေမေ။."

ကျွန်မပြောတဲ့စကားတွေကို သေချာနားထောင်ရင်း သူ့အဒေါ်ကိုမေးနေသည်။သစ်မြစ်ပေါ်မှာထိုင်ရာက မထသေးတဲ့ သားရဲ့ခေါင်းလေးကို ပွတ်သတ်ပေးရင်း ကျွန်မပါထိုင်နေလိုက်သည်။သားကိုကြည့်ရတာ အိမ်ထဲကို ဝင်ချင်ပုံမရ။တိတ်တိတ်ဆိတ်ဆိတ်ရှိတဲ့နေရာလေးမှာ ထိုင်နေရတာကို သူကြိုက်တဲ့ပုံပါ။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now