Chapter 8:ဆေးရုံ

352 58 1
                                    

2015 ခုနှစ်၏ဆောင်းရာသီမှာ သာမန်ထက်လွန်ကဲစွာ အေးစက်နေခဲ့၏။

ထိုနှစ်က ရှစ်အန်းသည် သူ၏ဆယ့်သုံးနှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့ပြီး အလယ်တန်းပထမနှစ်ကို တက်ရောက်နေခဲ့လေသည်။သူတက်နေခဲ့သည့် အလယ်တန်းကျောင်း၌ မသင်မနေရ ညအချိန်ပိုရှိသောကြောင့် ကျောင်းကည၉း၃၀မှသာဆင်းလေသည်။

သာမန်နေ့များလိုပင် ယန်လျန့်နှင့်ကျိုးယွမ်တို့ကတစ်ယောက်နှင့်တစ်ယောက် နောက်ပြောင်ရင်း ရှေ့မှလျှောက်နေကြ၏။နောက်ဆုံးဘက်စ်ကားမှာ လမ်းထောင့်၌ ဖြည်းညှင်းစွာရွေ့လျားနေပြီး လမ်းမီးတိုင်၏နွေးထွေးသောအလင်းရောင်အောက်တွင် ဖုန်မှုန့်လေးများကမျောလွင့်နေကာ လမ်းတစ်ဖက်ရှိOden[1]မှာလည်း လျှပ်စစ်အပူပေးအိုးထဲ၌ပွက်ပွက်ဆူနေ၏။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အပူချိန်အလွန်ကျဆင်းသွားခဲ့လေသည်။ရှစ်အန်းမှာ ထိုရက်အနည်းငယ်ဆက်တိုက် အဆင်မပြေဖြစ်နေခဲ့သောကြောင့် သူ၏ခြေထောက်များကိုဆွဲကာ ယန်လျန့်နှင့်ကျိုးယွမ်နောက်မှ ဖြည်းညှင်းစွာဖြင့်လိုက်လာခဲ့လေသည်။

အကျွမ်းတဝင်ရှိလှသော လမ်းကြားလေးထဲသို့ကွေ့ဝင်လိုက်ပြီးနောက် ရှစ်အန်းကမော့ကြည့်လိုက်ရင်း အနည်းငယ်အံ့ဩသွားမိလေသည်။

တစ်ချက်ကြည့်ရုံဖြင့် ယနေ့ည၌ချင်းကျိုးလမ်းကြားမှာ ယခင်နှင့်အနည်းငယ်ကွဲပြားမှုရှိနေသည်ဟု သူသေချာပေါက်ကို ပြောနိုင်လေသည်။

ယခင်ကဤအချိန်ဆိုလျှင် စတိုးဆိုင်များအားလုံးနီးပါးက ပိတ်ထားပြီဖြစ်ပြီး အချိန်အတော်ကြာကတည်းက လူတိုင်းကခြေထောက်များကိုရေနွေးစိမ်ပြီး တီဗီကြည့်ရန်အတွက် အိမ်သို့ပြန်သွားကြပြီဖြစ်၏။စတိုးဆိုင်များ၏တံခါးမှ မီးချောင်းများ၏ မှိန်ဖျော့သောအလင်းရောင်နှင့်အတူ လမ်းကြားကအလွန်တိတ်ဆိတ်နေတတ်ပေသည်။

ယနေ့ညတွင် လမ်းကြားရှိလေထုမှာ ပို၍တင်းမာနေသလို။ဆိုင်အားလုံးနီးပါးမီးထွန်းထားခဲ့ပြီး လူအချို့ကတစ်ခုခုကိုစောင့်ဆိုင်းနေသလို တံခါးရှေ့၌ခြေဦးတည့်ရာ လမ်းလျှောက်နေကြလေသည်။၎င်းမှာရည်ရွယ်ချက်ဆိုသည်မျိုးရှိမနေဘဲ စိတ်ခံစားချက် တစ်ခုခုကိုဖြေလျော့ရန်အတွက် လုပ်နေခြင်းဟု ထင်ရလေသည်။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now