Chapter 40:ရှာမတွေ့ခြင်း

248 49 3
                                    

ဆည်းဆာချိန်လမ်းထောင့်ကို သူနှင့်အကျွမ်းတဝင်မရှိဟူ၍သာ ဖော်ပြနိုင်ပြီး ရှစ်အန်းမှာလမ်းဘေး၌ ငေးကြောင်ကြောင်ဖြင့်ရပ်နေရင်း နှုတ်ခမ်းများကို ကိုက်ထားခဲ့၏။

သူ ရှာမတွေ့တော့ပေ။

ကြော်ငြာမီးဆိုင်းဘုတ်များ ဒေါင်လိုက်၊အလျားလိုက်ချိတ်ထားသော ကျောင်းနောက်ဘက်လမ်းဖြစ်လေသည်။တစ်ဖက်တစ်ချက်ရှိ စတိုးဆိုင်များက လူစည်ကားနေပြီး တွန်းလှည်းဆိုင်ခန်းငယ်လေးများကလည်း လမ်းဘေးတစ်ဖက်စီ၌ ဟိုတစ်စုသည်တစ်စုပင်။အဆာပြေမုန့်ကြော်များ၏ တဖြောက်ဖြောက်မြည်သံများနှင့် ယာဉ်အသွားအလာဟွန်းသံများက ရောနှောနေလျက် လူများ၏ဦးနှောက်အားချာလပတ်လည်ကာ ထုံထိုင်းသွားစေ၏။

ဤကဲ့သို့အချိန်မျိုး၌ လမ်းမပေါ်၌ရပ်နေလျှင် လောကကြီး၏ပျားပန်းခပ်လှုပ်ရှားမှုများကြောင့် မိမိကိုယ်မိမိသေးငယ်လှပါသည်ဟု အမြဲတမ်းခံစားနေရပေလိမ့်မည်။

ကြောင်တစ်ကောင်ဆိုလျှင်တော့ ပြောနေစရာပင်မလိုပေ။

သူရှာမတွေ့တော့။

မျက်လုံးအိမ်များက နာကျင်လွန်းလှသဖြင့် ရှစ်အန်းမှာမျက်ခွံများပေါ် လက်ချောင်းများဖြင့်ဖိထားရပြီး စည်းချက်ညီညီဖြင့် အသက်ပြင်းပြင်းရှူသွင်း၊ရူထုတ်လုပ်ရန် သူ့ကိုယ်သူတွန်းအားပေးနေရ၏။

သခင်မကြီးပျောက်သွားခဲ့လေပြီ။

ပြိုင်ပွဲမပြီးရက်တွင် ရှစ်အန်းကအဆောင်သို့ပြန်လာခဲ့ပြီး ကြောင်ဖြူလေး၏အေးစက်ကြည်လင်သော မျက်လုံးလေးများကို မတွေ့ခဲ့ရပေ။

ယခင်က သခင်မကြီးမှာသူ့အိပ်ယာထောင့်ရှိ ဇစ်ဖွင့်ထားသောအိတ်ထဲတွင် အမြဲတမ်းဝင်ကွေးနေလေ့ရှိ၏။မကြာခဏဆိုသလိုပင် မေးစေ့လေးအားအိတ်အစွန်း၌တင်ထားတတ်ပြီး အပြာရောင်မျက်လုံးလေးများက တံခါးဆီသို့စိုက်ကြည့်နေတတ်လေသည်။

အိတ်ကရှင်းလင်းနေခဲ့၏။

ရှစ်အန်းကလွယ်အိတ်ကြိုးများကို ဆွဲကိုင်လိုက်ကာ
ဘာမှရှိမနေသောကျောင်းလွယ်အိတ်မှာ သူ့လက်ထဲ၌ ဝမ်းနည်းစွာဖြင့်တွဲလောင်းဖြစ်နေခဲ့၏။

 It Seems There is Light || ဘာသာပြန် 《Completed》Where stories live. Discover now