(2)Zawgi

115 1 0
                                    


"မမယု တကယ်ပြောနေတာလား"မမယုက ကိုယ်ဝန်ရှိနေတယ်တဲ့။ အနေအေးပြီး သိမ်မွေ့တဲ့ မမယုကလေ ယောကျာ်းတွေကို သိပ်အယုံလွယ်ခဲ့တာပဲ။ ဗိုက်တလုံးနဲ့ ကျန်ခဲ့တာတောင် ပြန်လာခဲ့ပါမယ်ဆိုတဲ့ ကတိပေးပြီး ပေါ်မလာတော့တဲ့ ချစ်သူကို စုံလုံးကန်းအောင် ယုံခဲ့တာ။ အခုတော့ အမွေဖြတ်ကာ စွန့်ပစ်ခြင်းခံလိုက်ရတော့ နောက်ဆုံးတန်းတန်းမတ်မတ်ရောက်လာသည်က မေ့ထံသို့သာ။ "မေ မမယုက မနှစ်မြို့ဘူးဆိုရင်တောင် ကလေးမွေးပြီးတဲ့ အချိန်ထိလက်ခံပေးထားလို့ရတယ်မလား မမယုမှာ လက်ဝတ်လက်စားတွေနဲ့ စုငွေတွေရှိပါသေးတယ် ကလေးမွေးပြီးရင်တော့ မမယုကိုယ့်လမ်းကို လျှောက်မှာပါ" "တောက်ခ် မမယု ဘာစကားတွေပြောနေတာလဲ မေက မမယုဘယ်အခြေအနေပဲဖြစ်ဖြစ် ကိုယ့်အစ်မမို့ မှဲ့တပေါက်တောင် အစွန်းမခံချင်ဘူး အခုက ကလေး ကလေး အဲ့ဒီကလေးမွေးလာရင် ကျစ် မမယုက ကလေးအမေကြီးဖြစ်လာတော့မှာ" "ဪ မေရယ် ကလေးမွေးထားမှတော့ ကလေးအမေပေါ့""ဟာ အဲ့လိုဆိုလိုတာမဟုတ်ဘူးလေ မေပြောချင်တာ သိတယ်မဟုတ်လား မမယု ပညာရေး ဘယ်လိုလုပ်မလဲ မမယုပဲ သူနာပြုဆရာမကြီးဖြစ်တာဆို ကလေးတဖက်နဲ့ ကျောင်းကလည်းပြီးသေးတာ မဟုတ်ဘူး ဒင်းလေးထွက်လာရင် မမယုက သူ့ကို ထိန်းရဦးမှာ စောင့်ရှောက်ရဦးမှာ ဘယ်မှာလဲ မမယုရဲ့ ရည်မှန်းချက်တွေ လွတ်လပ်မှုတွေ အကုန်အကုန်ရေစုန်မျောတော့မှာ" ဆံပင်ရှည်တွေကို လက်ချောင်းကြားဆုပ်ကိုင်ထားပြီး အော်ဟစ်ဆူပူကာ ထိုင်မရထမရဖြစ်နေသော ညီမဖြစ်သူကြောင့် ယုပြုံးလိုက်မိသည်။ အသက်သာ သူ့ထက်ငယ်တာ တွေးလိုက်ရင် လူကြီးအတွေးတွေချည်းပဲမို့ ဒီညီမလေးက မလွယ်တာမှ တော်ရုံမဟုတ်။ တော်သေးတယ် ကလေးဖျက်ချဖို့တော့ မပြောလို့။ "အဲ့ဒီကလေးကို တကယ်တစ်ယောက်တည်မွေးမှာလား မမယု" "တစ်ယောက်တည်း မမွေးပါဘူး မေပါ ထိန်းကူရမှာ အဟင်း""မမယု နောက်နေတာမဟုတ်ဘူး စကားအကောင်းပြောစမ်းပါ" "မေ ....မမယု တကယ်ပြောတာပါကွယ် ကလေးကလည်း ရွေးချယ်ခွင့်ရှိရင် မိစုံဘစုံလိုချင်မှာပဲလေ မမယုရဲ့ လိုအပ်ချက်ကြောင့်ပါ အဲ့တော့ ကလေးလေးကို လူလောကထဲမှာ မျက်နှာမငယ်အောင် အချစ်တွေ အများကြီးပေးပြီး စောင့်ရှောက်ချင်တယ် မမယုမှာ မပြည့်စုံမှန်း လိုအပ်ချက်တွေရှိမှန်းလည်းသိပါတယ် ဒါပေမယ့် မမယု အဲ့ဒီတာဝန်တွေ ဝတ္တာရားတွေကို လိုလိုလားလား ထမ်းဆောင်ချင်တယ် ဒါဟာ မိခင်တယောက်ရဲ့ စိတ်ထားဆိုမလားပဲ မေက ကူညီပေးပါလားဟင် အားအင်တွေပေးပါလားဟင် မေသာ မမယုနဲ့ အတူဆိုရင် ကိစ္စတွေက ဘာမှ မခက်ခဲလောက်ပါဘူး" အရင်းခံစိတ်ထားကောင်းသူလေးဟာ မေ့စကားအဆုံးမှာ မျက်ဝန်းဝိုင်းဝိုင်းလေးတွေဖြင့်မော့ကြည့်လာသည်။ ပြီးတော့မှာ ယု ထိုင်နေရာနားသို့ တိုးလာပြီး ယု ဗိုက်ကလေးကို ကိုင်ကြည့်သည်။ "ကလေးလေးက ဒီထဲမှာ ရှိနေတာပေါ့ သေးသေးလေးကလေ""အင်း ဒါပေါ့ မေရယ် ဟိုနေ့က အာထွာဆောင်းတောင် ရိုက်လာသေးတယ်" "အထီးလေးလား အမလေးလားဟင်" မေ့စကားကြောင့် ယု မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ တကယ့်ရိုက်ပေါက်တွေ မေးတတ်သည့် ညီမငယ်မှာ အရိုးခံလေး။ "ယောကျာ်းလေးလား မိန်းကလေးလား မေးရတယ် မေရဲ့ ဒါက အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ ကြောင်လေးတွေ မဟုတ်ဘူး""အင်း အင်း အဲ့တာမေးတာ ဘာလဲလို့" "မသိသေးဘူးလေ ငါးလ ခြောက်လလောက်မှ သိမှာတဲ့ မေဘာလေးလိုချင်တုန်း" "အမ် မသိ မသိဘူးလေ ဘာဖြစ်ဖြစ် ပြောင်းလို့ရတာလည်းမဟုတ်ဘဲနဲ့ ဒီတိုင်း မမယုပဲ နေကောင်းအောင်နေ" နောက်ဆုံးခက်ခက်ခဲခဲ သဘောတူပြီးတဲ့နောက် သူတို့ ညီအစ်မနှစ်ယောက်ရင်ဆိုင်ရတာက မိဘဆွေမျိုးတွေရဲ့ အပြောအဆိုတွေပဲ။ သေချာသလောက်တော့ မမယုရဲ့ ပြတ်သားမှုကို ဘယ်သူမှ မလွန်ဆန်နိုင်ရုံပါပဲ။ ဒီအတောအတွင်း ကြိတ်စုံစမ်းနေခဲ့ပေမယ့် ကလေးရဲ့ အဖေနဲ့ ပတ်သတ်လို့ မေ ဘာတစ်ခုမှ မတွေ့မိ။ မကြားမိ။ အခုဆို မေ့ရဲ့ အိမ်လေးမှာ မမယုနဲ့ မရောက်လာသေးတဲ့ ကလေးလေးအတွက် ကြိုတင်ဝမ်းသာနေသူတွေချည်း။ ဂရုစိုက်လိုက်တာလည်း ပြောမနေနဲ့။ မေကိုယ်တိုင်ကတော့ ဘာသိဘာသာပင်။ "ပြောပြီးပြီးနော် မွေးဖို့ဖွားဖို့ တခုခုအခက်အခဲရှိတယ်ဆိုရင် မေ့ရွေးချယ်မှု့က မမယုကိုပဲ တကယ်ပြောတာ အဲ့ကလေးကို မမယုလောက် အရေးမပေးနိုင်ဘူး" အဲ့လိုပြောတတ်တဲ့ ညီမလေးက ကိုယ်ဝန်ဆောင် အားဆေးတွေနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်နိုင်ဖို့ ဆရာဝန်တွေ သူနာပြုတွေကိုလည်း မလစ်လပ်အောင်စီစဉ်ပေးသည်။ ကလေးတွေဆိုတာ မေ့အတွက်ရှုပ်ရှုပ်ယှက်ယှက်တွေလို့ ပြောတတ်တဲ့သူဟာ မမွေးလာသေးတဲ့ ကလေးအတွက် အခန်းငယ်လေးတစ်ခန်းနဲ့ အပြည့် အဝတ်အစား အရုပ်တွေ ပြင်ပေးထားတာလည်းရှိသေးသည်။ တစ်ခုသော ညနေစောင်းလောက်မှာ မေ့ဆီကို အရေးတကြီးဖုန်းဝင်လာခဲ့သည်။ ဆက်သွယ်သူက ဆရာမကြီး ။ အရေးကြီးတာပြောစရာရှိလို့ သူ့ဆီလာခဲ့ပါလို့ ပြောတဲ့ ဆရာမကြီးဆီကို မေတို့ ညီအစ်မနှစ်ယောက်လုံး ရောက်သွားခဲ့သည်။ ပုံမှန်အချိန်တွေမှာဆို တိတ်ဆိတ်နေတတ်တဲ့ ဆရာမကြီးရဲ့ တစ်ထပ်တိုက်လေးက အခုတော့ တစ်ခုခုတော့ ပုံမှန်ဟုတ်မနေ။ အိမ်ထဲ မဝင်ရသေးဘူး ကြားလိုက်ရတဲ့ အော်သံစူးစူးလေးကြောင့် မေနဲ့ယု တယောက်မျက်နှာ တစ်ယောက်ကြည့်မိသွားသည်။ "ဘယ်ကကလေးလဲ ဆရာမကြီး" ရောက်မဆိုက် မေးလိုက်တဲ့ မေ့အသံကြောင့် ဆရာမကြီးမှာ ဆိုဖာပေါ် တင်ပလ္လင်ခွေထိုင်ကာ ကလေးမြူနေရင်း မေတို့ကို လှည့်ကြည့်သည်။ "မမှတ်မိဘူးလားမေ သေချာကြည့်ပါဦး" ဆရာမကြီးလက်ထဲက ကလေးပေါက်စမှာ မေသိစရာ အကြောင်းရှိလို့လား။ မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ လက်မစုပ်နေသည့် ကလေးသည် အခုတော့ သူမဟုတ်သလို အော်မငိုတော့ဘဲ တခစ်ခစ်အသံထွက်အောင် ရယ်နေသည်။ မေ့ကို တည့်တည့်ကြည့်ကာ လက်လေးနှစ်ဖက်မြှောက်ပြသည်။ မမယုမှ ကလေးရှေ့သွားကာ ချီရန်ပြင်လိုက်သည်။ အင့် အဟင့် ဟင့် အင်း အင့် ဆရာမကြီးရင်ခွင်ထဲ ခေါင်းတိုးကာ ငိုသွားသည်။ မေကတော့ မျက်နှာချင်းဆိုင်က ခုံမှာပဲ ထိုင်ကာ ကလေးမချီရရေး တို့အရေးလုပ်နေလိုက်သည်။ "အယ် မလိုက်ဘူးလား ကလေးရဲ့ ဆရာမကြီး ဘယ်ကကလေးတုန်း" ဆရာမကြီးက ကလေးကို တကျွစ်ကျွစ် နဲ့ စုပ်သပ်ကာ ချော့မြူနေရင်းမှ မေ့ဘက်ကို လှည့်ကာ ပြန်ဖြေသည်။ "ယောက်ျားလေးလေ ယုရဲ့ မေမှတ်မိလား သူလေးကို" "အယ် မသိဘူးလေ ဆရာမကြီးရဲ့" မေတကယ်မသိတာ။ ဘယ်သူလဲ ။ အိမ်မှာတောင် အကောင်မပေါက်သေးတဲ့ ကလေးတစ်ယောက်နဲ့တင် လုံလောက်တာကို ဘယ်က ကလေးကို မေက သိရမှာလဲ။ တဆိတ်လောက် ဟိုကလေးကရော ဘာလို့ မေ့ဆီ လက်လှမ်းနေတာလဲ။ "ချီကြည့်ပါလားမေ" "အယ် မချီ မချီတတ်ဘူး ဆရာမကြီး မေ မချီတတ်ဘူး မမယုကိုပဲပေးလိုက်" မမယုက မျက်စောင်းတချက်ထိုးကာ ကလေးကို ပွေ့လိုက်သည်။ မေနဲ့ ယုက ကပ်လျှက်ရှိနေတာကြောင့် ကလေးငယ်ရဲ့ လက်သီးဆုပ်လေးဟာ မေ့လက်မောင်းကို လာလာထိနေသည်ကို မေ မသိချင်ယောင်ဆောင်နေရသည်။ "မေ ဆရာမကြီး ဆေးရုံတက်တုန်းက တွေ့ခဲ့တဲ့ ဟိုကလေးမကို မှတ်မိလား ဒါသူ့ကလေးလေးလေ" "သူက ဘာလို့ ဆရာမကြီးဆီရောက်နေတာလဲ" "ကလေးအမေမရှိတော့ဘူး လွန်ခဲ့တဲ့ ညကမှ ကြိုးဆွဲချသွားတာ တခြားဆက်သွယ်စရာမရှိလို့ လူမှုကူညီရေးအဖွဲ့က ဆရာမကြီးဆီကို လာပို့ထားတာ" "အော် အာ့ နာတယ် ပေါက်စရဲ့" ခစ် ခစ် ဆရာမကြီးစကားပြောနေတုန်း မေ့ဆံပင်ကို လှန်းဆွဲလိုက်တဲ့ ပေါက်စဟာ တ ခစ်ခစ်နဲ့ ရယ်နေပြန်သေးသည်။ ဘယ်လို အတင့်ရဲတဲ့ ဟာလေးလဲ။ မေနဲ့ အကြည့်ချင်းဆုံသွားတော့ ပါးချိုင့်လေးပေါ်အောင် ရယ်ပြန်သည်။ မဟုတ်သေးဘူးနော် မေ့ကို ဘာများမှတ်နေလဲ ။ မလေးမစားနဲ့ ။ အံကြိတ်ပြလိုက်တော့ ပိုတိုးလို့ရယ်လာပြန်တာ အသံတွေတောင် ထွက်လို့။ "မေ့ကို သဘောကျတယ်နဲ့တူတယ် ကြည့်စမ်း ရယ်နေလိုက်တာ အခုနကတော့ အာပြဲအောင် ငိုနေတာကို""ဟုတ်ပ ဆရာမကြီးရယ် ယုကိုတောင် အခုထိ မကြည့်သေးဘူး ကျန်း" "အဲ့တာပြောတာပေါ့ ယုရယ် ဆရာမကြီးမယ် တနေ့လုံး တွေးတောနေရတာ မိဘမဲ့ ဂေဟာမဟုတ်ဘဲ ဘယ်ကိုများပို့ရမလဲလို့ ကလေးတစ်ယောက်အတွက် သင့်တော်တဲ့ နေရာရှိပါ့မလား" ဆရာမကြီးက ခပ်ညည်းညည်းလေး ပြောလာသည်။ မေကတော့ ဆံပင်ထပ်ဆွဲဖို့ ပြင်နေတဲ့ ပေါက်စရဲ့ လက်ကို ပုတ်ချပြီး မျက်စောင်းထိုးလိုက်သည်။ "မပူပါနဲ့ မေ စိတ်ချရတဲ့ မိဘမဲ့ဂဟာတစ်ခုကို စုံစမ်းပေးပါ့မယ်" ဆရာမကြီးက သူ့မူပိုင် အပြုံးလေးနဲ့ မမယုကို လှမ်းကြည့်လိုက်သည်။ မမယုကတော့ ကလေးချီထားရင်းမှ အသံထွက်အောင် ရယ်ပြန်သည်။ ဘာများလဲ မေ နားမလည်တဲ့ အဲ့ဒီလေထုက ထူးဆန်းတယ် ။ "ဆရာမကြီးကတော့ ဒီကလေးလေးကို မေ မွေးစားစေချင်တယ်" အအေးသောက်နေတုန်း တန်းလန်းပေမယ့် မေ သီးမသွားပါ။ ဒါပေမယ့် ခေါင်းကိုတော့ ဆယ်ပေါင်တူနဲ့ အထုခံလိုက်ရသလို ကျိန်းသွားတာပဲ။ မဟုတ်သေးပါဘူး ဘာကြောင့်များ အခုတလော သူ ကလေး ကလေး ကလေးဆိုတဲ့ စကားလုံးနဲ့ အကျိုးပေးနေရတာပါလိမ့်။ မဟုတ်ဘူး မကောင်းကျိုးပေးတာ။ "မနောက်ပါနဲ့ ဆရာမကြီးရယ်" "မနောက်ပါဘူး မေရယ်" တကယ်ကြီး အတည်ကြီးပြောနေတဲ့ပုံဖြင့် ဆရာမကြီးက မေ့ကို တုံ့ပြန်သည်။ ဆရာမကြီးကို တလှည့် ဘေးက လက်သီးဆုပ်တရွယ်ရွယ်နဲ့ ပေါက်စကို တလှည့် မေကြည့်နေတာ အတော်ကြာကြာ။ "အဟမ်း မေ အတည်ပြောမယ် ဘယ်လိုမှ မဖြစ်နိုင်ဘူး လုံးဝပဲ နိုး နိုး နိုး ငြင်းတယ်နော် လုံးဝငြင်းတယ်" ခစ်ခစ် ခစ် "မရီနဲ့ ပါးစပ်ပိတ်ထား" အလိုက်မသိ ထရယ်နေသည့် ကလေးပေါက်စကြောင့် မေစိတ်တိုသွားကာ အော်လိုက်မိသည်။ ချက်ချင်းကြီး ငြိမ်ကျသွားပြီး မျက်ရည်တွေ ဝိုင်းလာသည့် ပေါက်စကြောင့် မမယုက မေ့ကို ဆူသည်။ ဆရာမကြီးကလည်း မျက်နှာထား တည်သွားသည်။ မဟုတ်သေးဘူးလေ မတရားလိုက်တာ။ မမယုက ကလေးကို ခေါ်ပြီး ခြံထဲ ဆင်းသွားတော့ ဆရာမကြီးနဲ့ မေ နှစ်ယောက်တည်းကျန်ခဲ့သည်။ "မေ ကလေးလေးကို မမွေးစားချင်ဘူးလား" "လုံးဝပဲ မေကလေးမချစ်တတ်ဘူး မမယုကလေးတောင် မတတ်သာလို့ လက်ခံပေးရတာ" "မေ မိန်းကလေးတွေဆိုတာ အနာဂတ်ကို တွေးရတယ် မေက အိမ်ထောင်မပြုဘူးဆိုတာ ဆရာမကြီးကို ပြောပြီးသားဆိုတော့ ဆရာမကြီးက မေ့ကို ချစ်လို့ မေ့အစား မေ့အနာဂတ်ကို ‌တွေးပေးမိလိုက်တာ" ဒီလို လေသံအေးအေးနဲ့ စကားတွေအများကြီးပြောနေတတ်တဲ့ ဆရာမကြီးရဲ့ ပုံရိပ်ကို မေမတွန်းလှန်မိ။ ငယ်ကြောက် ဆိုတာ ဒါပဲဖြစ်ရမယ်။ "ယုက မွေးတဲ့ ကလေးဟာ မေ့ကလေးဖြစ်မလာနိုင်ဘူး မေ့ အနာဂတ်မှာ မေကြိုက်သလို ပုံသွင်းလို့ရတဲ့ လူတစ်ယောက် ရှိသင့်တယ်မေ လောကကြီးဟာ ကြောက်စရာကောင်းတယ် တစ်ယောက်တည်းဆို ပိုကြောက်စရာကောင်းတယ်" "မေဟာ သတ္တိရှိတယ် ရဲရင့်တယ် ဒါကြောင့် မေ့ရဲ့ အရိပ်အောက်မှာ ဟောဒီ သနားစရာ ကလေးတစ်ယောက်ကို ခိုနားခွင့်ပြုလိုက်ပါ ပြောခဲ့သလိုပဲ တစ်ယောက်တည်းဆိုရင် ပိုကြောက်စရာကောင်းတဲ့ လောကဓံကို ဒီကလေးတစ်ယောက်တည်း ရင်ဆိုင်ဖို့ တတ်နိုင်မှာ မဟုတ်ဘူး" "မေ တစ်ယောက်တည်းပဲ နေချင်တယ် ဆရာမကြီးရဲ့" "ဒါပေါ့ ဒါပေါ့ မေက ပြည့်စုံတဲ့လူပဲ နေလို့ရတာပေါ့ ....အနည်းဆုံး ဆယ်နှစ်လောက်ပဲ ဒီကလေးလေးကို စောင့်ရှောက်ပေးပါလားမေ မပြည့်စုံတဲ့ ဒီကလေးလေးက မေ့အရိပ်အောက်မှာ ဆယ်နှစ်လောက် ရှိနေရင် ကြံ့ကြံ့ခိုင်ခိုင် ရှင်သန်သွားနိုင်မှာ သေချာတယ် ဆရာမကြီးက မေတ္တာရပ်ခံတာပါ" မေတအားစိတ်ရှုပ်လာသည်။ ပြတင်းပေါက်က လှမ်းမြင်နေရသည့် မြင်ကွင်းထဲမှာ မမယုနဲ့ ကလေးပေါက်စ။ အနည်းငယ်ပူနေသောဗိုက်လေးကို လက်တဖက်ဖြင့် ထိန်းရင်း ကျန်လက်တဖက်တည်းဖြင့် ကလေးကို ချီပွေ့ထားသည့် မမယုပုံစံက မေ မကြိုက်တဲ့ ဘဝနေထိုင်မှု့ပုံစံ။ "မကြိုက်ဘူး ကလေးတွေကို မကြိုက်ဘူး အိမ်ထောင်ပြုရတာကို မကြိုက်ဘူး အိမ်ရှင်မဆိုတဲ့ စကားလုံးကို မကြိုက်ဘူး" "မေ အဲ့ဒီကလေးက မေကြောက်နေတဲ့ ချုပ်နှောင်မှုတွေ မပါဘူး မေ့ဘဝကို ထိန်းချုပ်မယ့် တစုံတယောက်နဲ့ ဆက်နွယ်မနေဘူး မေကသာ ဒီသက်ရှိလေးရဲ့ ဘဝကို ချုပ်ကိုင်နိုင်တဲ့ တစ်ဦးတစ်ယောက်ပဲဖြစ်လာမှာ ပြီးတော့ တသက်လုံး မေ စေလိုရာသွားတဲ့ ရုပ်သေးရုပ်လေးဖြစ်လာမှာ အချိန်တွေက အကုန်မြန်တယ် မေ"ဆရာမကြီးပြောတဲ့ စကားတွေဟာ မေ့ အတွေးတွေကို တိုက်ရိုက်ထိမှန်သည်။ ဒါပေမယ့် မေက လူသားတစ်ယောက်ပါ။ ဘယ်လိုပဲ မေ့ အတွေးတွေ ခံယူချက်တွေက လူသားဆန်မနေဘူးဆိုပေမယ့် သက်ရှိတစ်ယောက်ကို အဲ့ဒီလို သတ်မှတ်ဖို့ကြတော့လည်း မဝံရဲပြန်။ "ဆရာမကြီးရဲ့ နောက်ဆုံးဆန္ဒပါမေ အဲ့ဒီကလေးကို မေ့အရိပ်မှာ ခိုဝင်ခွင့်ပေးလိုက်ပါ" မိသားစုနဲ့ ဆန့်ကျင်ပြီးတော့တောင့် မေ့ ဘက်က ရပ်တည်ပေးခဲ့တဲ့ ဆရာမကြီးရဲ့ တောင်းဆိုမှုတွေကို မေဘယ်တုန်းကမှ မငြင်းနိုင်ခဲ့။ ဒါပေမယ့် အခုကိစ္စကတော့ မဖြစ်နိုင်။ မေ သိတယ် မေဘယ်တော့မှ .....ဖြစ်နိုင်မှာ မဟုတ်ဘူး။ "မေ တောင်းပန်ပါတယ် ဒီကိစ္စက မဖြစ်နိုင်ပါဘူး"

တိမ်ခိုးလေနှင်(Normal)Where stories live. Discover now