(3)zawgi

71 0 0
                                    


ဆရာမကြီးအိမ်က အပြန် တလမ်းလုံး မေ့ကို စိတ်ကောက်နေသူ မမယုက စကားလုံးဝမပြော။ အကြောင်းရင်းက ဟိုပေါက်စလေးကို မမွေးစားလို့တဲ့။ မဟုတ်သေးပါဘူးနော် မေက ဘာကိစ္စလွယ်လွယ် နဲ့ ကလေးတစ်ယောက်ကို အိမခေါ်လာရမှာလဲ။ မေ့ ဘဝမှာ အရှုပ်အယှက်တွေ မလိုချင်ဘူးလို့ပြောတော့ သူ့ကလေးကိုပါ မချစ်ဘူးလားဆိုပြီး မျက်ရည်လေးစမ်းပြသည်။ "ကိုယ်ဝန်ဆောင်သည်ကို စိတ်ချမ်းသာအောင် ထားမယ်မရှိဘူး မေက သိပ်အသည်းမာတာပဲ" "အယ် ကြည့် လွန်လာပြီနော် မမယု" တကယ်ကို ပွစိပွစိနဲ့ ပြောနိုင်လွန်းသည်။ ကိုယ့်လောက် သူ့ကို စိတ်ချမ်းသာအောင်ထားတာ ကိုယ်ပဲရှိတယ်။ လိုလေသေးမရှိ ပါးစပ်က တစ်ခွန်းမှ ထုတ်မပြောရအောင် ဝယ်ခြမ်းပေးထားတယ်။ ပိုက်ဆံဆိုလည်း မမယုပါလာတာကို တပြားမှ မထိစေရ မေကပဲ ထုတ်ပေးသည်။ အစားအသောက်ကအစ ပြည့်စုံပါစေဆိုပြီး သူ့လက်သူ့ခြေထားပေးတာကို မမယုတို့က စိတ်ကောက်ပြပြီ။ တကယ်ဆို တခြားကလေးမရှိရင် သူ့ကလေးကို မေက ပိုဂရုစိုက်နိုင်တယ်ဆိုပြီး တွေးရမှာမလား။ ဒါသပ်သပ် ဆရာတပည့်နှစ်ယောက်ပေါင်းပြီး မေ့ကို အနိုင်ကျင့်တာ။ မေတို့ကား လမ်းထဲ ဝင်လာတော့ အိမ်ရှေ့မှာ ရပ်ထားသည့် ကားနှစ်စင်းကို တွေ့ရသည်။ စိတ်ကောက်ကာ ပွစိပွစိပြောနေသည့် မမယုမှာ ပါးစပ်ကလေးပိတ်ကာ မေ့ကို လှည့်ကြည့်သည်။ သေချာကြည့်မှ မေသိလိုက်ရသည်က မမယုတို့ အမေနဲ့ မေ့ရဲ့ မိဘတွေဖြစ်နေသည်။ "မေ သူတို့ဘာလာလုပ်တယ်ထင်လဲဟင်" "ကလေးကို ခမည်းပေးဖို့ရောက်လာတာနေမှာပေါ့" "မေ မမယုအကောင်းမေးနေတာ" အသိသာကြီးပဲလေ မေ့အားကိုးနဲ့ အိမ်ပေါ်ကဆင်းလာသည့် မမယုနဲ့ လက်ခံထားသည့် မေ့ကို လာဆုံးမတာနေမှာပေါ့။ မမယုကတော့ ကားပေါ်က ဆင်းတာတောင် ခြေထောက်တွေတုန်နေတာ သတိထားမိသည်။ မမယုကို တွဲပြီး အိမ်ထဲသို့ ဝင်ဖို့လုပ်ရသည်။ ခြံတံခါးရှေ့မှာ ပိတ်ရပ်လိုက်သူက မမယု အမေ ။ "အန်တီကြီး ပြောစရာရှိရင် မေတို့ အိမ်ထဲရောက်မှ ပြောကြတာပေါ့" "မလိုဘူး ကသစ်မေ ငါ့ ဟိုကောင်မကို အပြတ်ပြောမို့ ပြီးတော့ ညည်းလဲ သိထားသင့်တာရှိတယ် ငါဒီကောင်မ ကလေးမွေးဖို့ကို သဘောမတူဘူး အဲ့တာကြောင့် ညည်းလဲ ဘာမှ မြှောက်ပင့်ပေးနေစရာ မလိုဘူး" မေ့ရဲ့ မိဘတွေကတော့ နောက်က ရပ်ကြည့်နေရုံသာ။ အစ်မကြီးဖြစ်သူကို မလွန်နိင်လို့လား သို့မဟုတ် အပြောခံရသူက မေပဲ ဖြစ်နေလို့လားမသိ သူတို့တစ်ခွန်းမှ ဝင်မဟ။ "အန်တီကြီးတို့ မကျေနပ်လို့ မမယုကို အမွေဖြတ်ပြီးပြီ မဟုတ်လား ဘာကြောင့် ဒီအထိရောက်လာပြီး သူ့သဘောကို ကန့်လန့်တိုက်ချင်နေတာလဲ တကယ်ဆို မမယုနဲ့ အန်တီကြီးတို့က မဆိုင်တော့ဘူးမဟုတ်လား" "အမလေး အမလေး ငါထင်တယ် ငါထင်တယ် ယုယမေတို့ သတ္တိတွေ သိပ်ရှိနေပါတယ် အောက်မေ့နေတာ မြှောက်ပေးတဲ့ သူရှိလို့ကိုး ကြည့်စမ်း အလတ်မ သင်းတို့ နှစ်ကောင်မ အချိုးကို" ခပ်လှမ်းလှမ်းမှာ ရပ်နေသည့် မေမေက မေ့ကို တချက်ကြည့်ပြီး ဘာမှ မပြော အန်တီကြီးကိုသာ တောင်းပန်နေလေသည်။ "မေမေက ဘာကြောင့် အန်တီကြီးကို တောင်းပန်နေတာလဲ မေမေမှ ဘာအမှားမှ မလုပ်ထားတာ" "တိတ်စိမ်း ကသစ်မေ ဒါတွေအကုန်ဘယ်သူ့ကြောင့်လဲ ညည်းကြောင့်လေ ညည်းသာ ယုကို မြှောက်မပေးရင် မမကြီးတို့လည်း စိတ်မချမ်းမသာဖြစ်မှာ မဟုတ်ဘူး"မေမေဟာ ဒီလိုပါပဲ ။ မေ ဘာမှ မလုပ်ရင်တောင် အဲ့တာက အပြစ်ဖြစ်ရသည်။ မေမေ့အတွေးအမြင်မှာ မေက ဘယ်တော့မှ လူရာမဝင်။ "မမယုကို သမီးမြှောက်ပေးတယ်လို့ ထင်တယ်ပေါ့ အန်တီကြီးတို့သမီးက အန်တီကြီးထက်တောင် လူပီသလို့ ဒီလိုလမ်းကိုရွေးချယ်ခဲ့တာ မမယုကို မေ မကူညီဘူးဆိုရင်တောင် မမယုက သူ့နည်းသူ့ဟန်နဲ့ ဒီကလေးကို ပြုစုစောင့်ရှောက်ပြီး အမေတာဝန်ကျေဦးမှာ" "ဘာကို အမေလဲ ဘာကို လူပီသတာလဲ ကသစ်မေ နင့်အစ်မက အဲ့ဒီကလေးကြောင့် ဘဝပျက်တော့မှာ နင်ကိုယ်တိုင် မခံစားရတိုင်းပါးစပ်ဖျားကနေ ချီးကျူးမနေနဲ့ အဲ့တာနင့် ဘဝမဟုတ်ဘူး တော်လိုက်တော့ ကျေးဇူးပြုပြီး ငါ့သမီး ဘဝကို ဝင်မစွက်ဖက်ပါနဲ့" အသံကုန်မြှင့်ကာ အော်လိုက်သော အန်တီကြီးစကားကြောင့် ပတ်ဝန်းကျင်က လူတချို့ပါ ကွက်ကြည့် ကွက်ကြည့်လုပ်လာကြသည်။ အန်တီကြီး စကားတွေဟာ သိပ်ကို တဖတ်သက်ဆန်လွန်းတယ်။ ပိုပြီး ခံပြင်းစရာကောင်းတာက မေ့ရဲ့ မိဘတွေပဲ။ သူတို့က မေ့ဖက်က တခွန်းမှ ဝင်မပြောခြင်းပင်။ ပြီးတော့ မေ မြင်လိုက်ရတာက ဖေဖေ့ရဲ့ အကြည့်တွေပဲ ။ အမြဲလိုလို အေးစက်စက်နိုင်တယ်ဆိုပေမယ့် ဒီတခါတော့ အန်တီကြီးနဲ့ ထပ်တူ အတွေးကျနေသည့် မျက်ဝန်းများဖြင့် မေ့ကို ကြည့်နေခဲ့ခြင်းပင်။ "မေမေ မေ့ကို ဘာမှ ပြောစရာမလိုဘူး ကိစ္စအားလုံးက ယုသဘောနဲ့ ယုရွေးချယ်ဆုံးဖြတ်ခဲ့တာချည်းပဲ မေမေ မမှတ်မိတော့ဘူးလား ဒီကလေးကို မွေးရင် ယုကို အမွေဖြတ်မယ် သမီးအဖြစ်ကစွန့်လွှတ်မယ် ဆိုလို့ ယု အမွေတွေ စွန့်လွှတ်ပြီး အိမ်က ထွက်လာခဲ့ပြီပဲ ယုနဲ့ မေမေတို့နဲ့ က မသက်ဆိုင်တော့ဘူးမို ဒီလိုတွေ လာပြောစရာမလိုတော့ဘူးလေ" "မိယု ညည်း" "ပြီးတော့ ရှေ့လျှောက် မေ့ကို မဟုတ်တမ်းတရားတွေ ပြောနေဦးမယ်ဆိုရင်လည်း ယုက သည်းခံတော့မှာ မဟုတ်ဘူး ယုနဲ့ မေက မေမေတို့ လက်ခုပ်ထဲက ရေမဟုတ်တော့တာမို့ မှောက်ချည် လှန်ချည်လာမလုပ်ပါနဲ့" အန်တီကြီးရဲ့ လက်ဝါးက မမယုပါးပြင်ဆီသို့ ကျရောက်လာသည်။ ဘေးမှာရှိတဲ့ မေက ထိန်းလိုက်လို့သာ မမယု လဲကျမသွားတာ။ အန်တီကြီးတို့နဲ့ အတူပါလာသည့် အိမ်အကူအစ်မတွေက အန်တီကြီးကိုလာဆွဲသလို မေတို့အိမ်က ထမင်းချက်အန်တီကြီးပါထွက်လာသည်။ မမယုကို အန်တီကြီးလက်ထဲ ထည့်ပေးရင်း မေတို့ အိမ်ထဲ ဝင်ဖို့ လုပ်ရသည်။ ရုန်းရင်းကန်ရင်းနဲ့ ကားပေါ်ပါသွားသော အန်တီကြီးမှာ ပါးစပ်ကနေလည်း အယုတ္တအနတ္တတွေ ဆဲသွားသေးသည်။ ဒီပတ်ဝန်းကျင်ရောက်ပြီးမှ မေတို့ ပထမဆုံးအကြိမ်အရှက်ကွဲခြင်းပင်။ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေ ဆိုတာ တော်ရုံလူ မူးမေ့လဲဖို့တောင် လုံလောက်အောင် မနှစ်မြို့စရာကောင်းလိုက်လေခြင်း။ အော်...လူဆိုတာလည်း ခက်သားလားပဲ။ ဆိုဖာပေါ်မှာ ထိုင်ပြီး တအိအိငိုနေသည့် မမယုကို မေ ဘာစကားမှမပြောနိုင်သေး။ မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်ကာ အမောဖြေရသည်။ ဒီလို ဖြစ်ရပ်မျိုးကို မေ သိပ်မုန်းတာ။ နေလာခဲ့ တဲ့ တလျှောက် ပတ်ဝန်းကျင်မှာ ဒီလို မျက်နှာပျက်ရတာ ပထမဆုံးအကြိမ်။ ပြီးတော့ ခံလာရသည်က သူစိမ်းတွေဆီကလည်းမဟုတ် မိဘဆွေမျိုး အသိုင်းအဝိုင်းဆီက။ "မေ မမယုတောင်းပန်ပါတယ် မမယုကြောင့် ညီမလေး အပြောခံရတာ အဟင့်" "မငိုပါနဲ့ မမယုရယ် ဒါငိုစရာကိစ္စမှ မဟုတ်တာ မျက်ရည်မကျနဲ့ ကလေးက ရုပ်ဆိုးကြီးထွက်လာဦးမယ်" "အဟင့် မဆိုးနိုင်ပါဘူး မေရဲ့ အဟင် ဟင့်" မေ့စကားကြောင့် မျက်ရည်တွေ ကမန်းကတမ်းသုတ်ကာ အငိုတိတ်ဖို့ ကြိုးစားနေသူ မမယုဟာ ကလေးကိုတော့ သိပ်ဂရုစိုက်တာပဲ။ "မမယု တောင်းပန်ပါတယ်နော် မေ စိတ်မဆိုးပါနဲ့" ထပ်တလဲလဲ တောင်းပန်စကားသံတွေဟာ ညီအစ်မချင်းတောင် မမယု ဘယ်လောက် စိတ်မကောင်းဖြစ်နေလဲ ခံစားလို့ရသည်။ မေ ပြန်လည် ကြားယောင်နေသည်က အန်တီကြီး ကားပေါ်မရောက်ခင် ပြောသွားသည့် တခွန်းသော စကား။ "မမယု" "ဟင် ပြောလေ မေ မမယုကို နှင်တော့မထုတ်ဘူးမလား" "မေပြောတဲ့ အတိုင်းလိုက်နာနိုင်ရင် နှင်မထုတ်ဘူး""ဟင် ဘာကို လိုက်နာရမှာလဲ ဟင်" "မမယုကလေးကို မေ မွေးစားမယ် တစ်ယောက်တည်းမဟုတ်ဘူး နှစ်ယောက်" "နှစ်ယောက်ဟုတ်လား မေ" "အင်း မမယုကလေးရော ဟိုကောင်လေးပေါက်စကိုရော မေ မွေးစားမယ် မေ့အိမ်ထောင်စု စာရင်းထဲ ထည့်ပြီး မေ့ကလေးတွေလို စောင့်ရှောက်မယ် မမယုက ကူညီပေး" "ဘာလို့ စိတ်ပြောင်းသွားရတာလဲမေ" စောင့်ကြည့်လိုက်ဦးမယ် အိမ်ပြေးတစ်ယောက်နဲ့ ဆက်ကော့လက်ကော့မိန်းမတစ်ယောက် ပျိုးထောင်တဲ့ ကလေးက ဘယ်ပုံကြီးပြင်းလာမလဲဆိုတာ အန်တီကြီးရဲ့ စကား၊ မေ့ မိဘတွေရဲ့ အထင်မကြီးခြင်းတွေပြည့်နေသည့် အကြည့်၊ ပတ်ဝန်းကျင်ရဲ့ တီးတိုးကဲ့ရဲ့သံတွေ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားအောင် မေ လုပ်ပြမယ်။ သွေးသားအရင်းကိုတင် မဟုတ်ဘူး မေက စိတ်ဆုံးဖြတ်လိုက်ရင် သူစိမ်းကလေးကိုတောင် သူမတူအောင် ကြင်နာပြနိုင်တယ်။ ပျိုးထောင်နိုင်တယ်။ "အဲ့တာအကြောင်းပြချက်ပဲ မေ ကောင်လေးကို မွေးစားမယ် မမယုကလေးကို မွေးစားမယ် ပြီးရင် တလောကလုံးက လူတွေ ပါးစပ်ပိတ်သွားအောင် တော်လွန်းတဲ့ အထိ ပြုစု ပျိုးထောင်ပြမယ်"တတိုင်းမွှေး(11/3/23)A/N- ဒါက လုံးဝကို Pure Normal fiction ပါ။ ..........................................................................

တိမ်ခိုးလေနှင်(Normal)Where stories live. Discover now