အပိုင်း(၂၃)"မေပြောတော့ မိသားစုကိစ္စဖြေရှင်းစရာရှိလို့ပါဆို အခု ဒီကောင်က ဘယ်သူလဲပြောစမ်း ကိုယ့်ကို မလိမ်နဲ့နော်" အဆက်အသွယ်ပြတ်တာ ဆယ်နာရီပင်မပြည့်သေးပေမယ့် မြန်မာပြည်တောင်ဖျားကနေ မြောက်ဖျားထိ ရုတ်ခြည်းရောက်ရှိလာနိုင်စွမ်းတွေနဲ့ ဒီလူသည် မေ့ကို တွေ့တွေ့ချင်း ဒေါသစကားတို့သာ ဆိုနေပြန်သည်။ တိုက်ဆိုင်လိုက်တာရယ်လို့လည်း မဆိုချင်။ ကိုယ်တွေက မဟုတ်တာ လုပ်ထားတဲ့သူတွေမှ မဟုတ်တာ။ "မေ ဖြေစမ်းပါလို့ ဟိုကောင်က ဘယ်သူလဲ မေ့ကိုဘာလို့ ပိုင်စိုးပိုင်နင်းဖက်ထားရတာလဲ" တကယ်ဆို မေ ဘာဖြစ်သွားလဲ အဆင်ပြေရဲ့လား မေးဖို့မျှော်လင့်ထားတာ။ ဒီလို အတ္တလွန်ကဲတဲ့ စိုးရိမ်မှု့မျိုးမဟုတ်။ သူတို့နှစ်ယောက်အခြေအနေကို အကဲခတ်နေသော စက်လှေပေါ်က လူတွေဟာလည်း ဒီအတိုင်း လျစ်လျူရှုထားရုံသာ တတ်နိုင်သည်။ တော်သေးတာက လိုက်လာတဲ့အထဲမှာ မမယုတို့မိသားစုပါ ပါတာမို့ မောင့်ကို အတူထည့်လိုက်နိုင်သည်။ ဒါတောင် မေးခွန်းပေါင်းများစွာနဲ့ မကျေမချမ်းဖြစ်သွားတဲ့ မျက်နှာလေးကိုတော့ မေစိတ်မကောင်း။ "ကသစ်မေ မင်း ဘာအကွက်တွေရွေ့နေပြန်တာလဲ" ဖြန်း "ပါးစပ်ပိတ်ထားပါဦး ရှင်းနေရောင်ရဲ့ ငါတကယ် နေလို့မကောင်းလို့" အားပါပါလွှဲရိုက်လိုက်တဲ့ မေ့ ရိုက်ချက်ကို တဖက်လူက အံ့ဩနေရုံက လွဲလို့ ဘာမှမတုံ့ပြန်။ တခုတော့ ကောင်းသည် ဒီတစ်ယောက်က ဘယ်တုန်းကမှ မေ့ကိုရုပ်ပိုင်းဆိုင်ရာ နာကျင်အောင်မလုပ်ဖူးဘူး။ အသံကုန် အော်လိုက်ပြီးနောက် မေ့ခန္ဓာကိုယ်ကလည်း တကယ် မဟန်တော့တာမို့ ကြမ်းပြင်ပေါ်ကို ပစ်ထိုင်လိုက်မိသည်။ "မေ နေမကောင်းဘူးလားဟင် ဘယ်နားထိခိုက်သွားသေးလဲ" ဒီလိုအခြေအနေရောက်တိုင်း ပျာပျာသလဲ။ အစကတည်းက ပင်ပန်းအောင် မလုပ်ပါနဲ့တော့လားလို့သာ စိတ်ထဲက ပြောမိသည်။ အတူပါလာသည့် ဆေးအဖွဲ့ကို လှမ်းခေါ်နေသေးတာမို့ ရှင်းနေရောင်ရဲ့ လက်မောင်းကိုသာ အသာဆွဲပြီး မေ ခေါင်းခါပြလိုက်သည်။ စိတ်ငြိမ်သွားသူဟာ အမှားလုပ်မိမှာစိုးဟန်ဖြင့် မေ့အနားကို ရောက်လာပြီး တံကောက်ကွေးမှ အသာပွေ့ကာ သီးသန့်ရှိနေသည့် အခန်းထဲသို့ ခေါ်သွားပေးသည်။ ဆိုဖာခုံအိအိပေါ်မှာ ချထားပေးပြီး စောင်ခြုံလာပေးသည်။ "ကိုယ် အတင်းအကျပ်မမေးတော့ပါဘူး မေ နေမကောင်းရင် အနားယူလိုက်နော် ကိုယ်စောင့်ပေးမယ်" ခေါင်းငြိတ်ပြလိုက်မိသည်လားမသိ။ ဒီအတိုင်းလေးပဲ ထိုင်နေမိတာတော့ အသေအချာ။ အချိန်က ဘယ်လောက်ကုန်သွားသည်မသိ နောက်ဆုံး မေ အိပ်ပျော်ခါနီး စက်လှေ စက်သံ တိုးသွားတာကိုတော့ သတိထားမိလိုက်သည်။ ပင်လယ်ပြင်ဟာ မှောင်မိုက်နေတာများ သူ့ဘဝအလား။ တခါမှစိတ်ကူးနဲ့တောင် မတွေးဖူးတာတွေက လက်တွေ့ဖြစ်လာခဲ့ပြီ။ မိန်းမတစ်ယောက်ကြောင့် ရှင်းနေရောင်ဆိုတဲ့ သူ့ဘဝမှာ အကြိမ်ကြိမ်အခါခါ လဲပြိုဖူးတာ ရာဇဝင်ရိုင်းလိုက်လေခြင်း။ ချစ်တော့လည်း .........အင်း ကိုယ်က ချစ်မိပြီဆိုတော့လည်း အရာရာကို ကျော်ဖြတ်ရဦးမှာပေါ့။ ပြီးတော့ ကိုယ့်ချစ်ရသူဆိုတာလည်း သာမာန်မဟုတ်။ ဉာဏ်ကောင်းလွန်းလှပြီး မာယာများတတ်သူလေး။ ဘာမှမလုပ်ရင်တောင် ဒူးထောက်ခစားပြီး အလိုဖြည့်ပေးချင်နေတဲ့ ပုရိသတွေက ကိုယအပါအဝင်အများသား။ ခဏလောက် အချိန်ယူရအောင်ပါလို့ပြောပြီး ကိုယ့်အချုပ်အနှောင်ကနေ ရအောင်ရှောင်ထွက်သွားခဲ့သူ။ မိသားစုအရေးကိစ္စတွေဟာ ဘယ်အတိုင်းအတာထိ ဖြေရှင်းစရာရှိနေသလဲ မသိခဲ့တာ သူ့အမှား။ နောက်ဆုံးတော့ စောင့်ကြည့်ခိုင်းထားတဲ့သူတွေရော၊ ဖုန်းအဆက်အသွယ်ပါ ပြတ်သွားခဲ့လို့ ရောက်ရာ အရပ်ကနေ လိုက်လာတော့လည်း ပင်လယ်ထဲဆင်းသွားတာ ရှာမတွေ့ဘူးဆိုပဲ။ ဒီအမျိုးသမီးငယ်က ကိုယ်ကလွဲရင် ဂရုစိုက်မယ့်သူ မရှိတာ သတိမထားမိလေသလား။ ရင်ပူပူနဲ့ လိုက်ရှာရင်း တွေ့ရတာက တခြားသော ယောကျာ်းသားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာတဲ့။ နှလုံးသားကို မီးစနဲ့ မြိုက်လိုက်သလိုပါပဲ။ "လူကြီးမင်း စုံစမ်းလို့ရလာပါပြီ" အိပ်ပျော်နေသူအား အနှောင့်အယှက်မဖြစ်စေချင်တာမို့ စက်လှေကို ကမ်းစပ်မှာပဲ ရပ်ခိုင်းထားလိုက်သည်။ မော်တော်ဘုတ်တစ်ခုက အနားရောက်လာပြီး ဆင်းလာသူက ကိုယ့်လူယုံ။ အမျိုးမျိုးသော အကြောင်းရာတို့သည် ထိုလူယုံလက်ထဲ အပ်လိုက်တာနဲ့ လျို့ဝှက်ချက်မဟုတ်တော့ဘဲ အကုန်သိနိုင် ဖြေရှင်းနိုင်သည်။ "အဲ့ဒီတစ်ယောက်က မကသစ်မေရဲ့ မွေးစားသားလို့ပြောလို့ရတယ် လက်ရှိကတော့ မမေရဲ့ အစ်မက အုပ်ထိန်းသူအဖြစ်ရှိနေပါတယ်" "မွေးစားသား" မဖြစ်နိုင်လိုက်တာ။ သိတယ် ....သိတယ် မဖြစ်နိုင်ဘူးဆိုတာကြီးကို သိနေပါသည်။ ဒီကောင်လေးရဲ့ အကြည့်တွေ၊ အမူအရာတွေကို ကြည့်နေရုံနဲ့ အဲ့ဒီစကားလုံးဟာ အယောင်ပြသပ်သပ်ဆိုတာပဲ သိနေပါ၏။ သေချာပေါက် ဒီကောင်လေးက ကိုယ့်ပြိုင်ဘက်ဆိုတာ မသိစရာလား။ "ဘယ်လိုဆက်လုပ်လိုက်ရမလဲ လူကြီးမင်း" လုပ်ရိုးလုပ်စဉ်ကို မေးနေသည့် လူယုံရဲ့ စကားက ဘာကို ဦးတည်မှန်းသိသည်။ သူသာ အမိန့်ပေးလိုက်ရင် လူတွေဆိုတာ ပျောက်ကွယ်စေချင်သလား ထင်ပေါ်စေချင်သလား ကြိုက်ရာလမ်းကို ရွေးနိုင်သည်။ တစ်ခုပဲ ...တစ်ခုလောက်တော့ သူသေချာသိချင်သည်။ ဒီကောင်လေးထိခိုက်ရင် ချစ်ရတဲ့ အမျိုးသမီးက ဘယ်လိုတုံ့ပြန်မလဲ။ အဲ့တော့...."ပါးပါးလေးလောက်တော့ လုပ်လိုက် နောက်ပြီး အဲ့တာကလည်း မေ့မျက်စိရှေ့မှာ ဖြစ်စေချင်တယ်" "ကျွန်တော် သဘောပေါက်ပါပြီ လူကြီးမင်း" အမိန့်ရသည်နှင့် အရိပ်လိုပျောက်ကွယ်သွားပြန်တဲ့ လူယုံဟာ သူညွှန်ကြားသမျှကို ဘယ်တုန်းကမှ သွေဖယ်ခြင်းမရှိစေခဲ့။ ဒီလိုနဲ့ ပြဇာတ်လှလှလေး ကြည့်ရတော့မှာလား။ ရလာဒ်ကို သိချင်တယ်လေ။ စက်လှေထဲက သီးသန့်နားနေခန်းထဲကို ပြန်ဝင်ကာ အိပ်ပျော်နေသည့် အမျိုးသမီးနား ဒူးထောက်ထိုင်ချလိုက်သည်။ တတန်းထဲ ဖြစ်နေသည့် မျက်နှာနုနုငယ်ငယ်လေးမှာ နှစ်ခြိုက်စွာ အိမ်မောကျနေခိုက်မှာတောင် တမျိုးကြည့်ကောင်းနေတော့သည်။ ချစ်ရတဲ့ မိန်းကလေးမို့လား ဘယ်ချိန်ကြည့်ကြည့် လှနေတော့တာပဲ။ ဘယ်လောက်ပဲရင်နာအောင်လုပ်ထားပါစေ မစွန့်ပစ်နိုင်။ မချစ်ဖို့လည်း မတတ်နိုင်ပါ။ ကြိုးစားရမှာပေါ့ခက်ခက်ခဲခဲ။ မနာကြည်းနိုင်လောက်အောင် ကိုယ့်မှာ ပိုင်ဆိုင်ချင်ရတာပေါ့ မေရယ်။ အနူးညံ့ဆုံး အနမ်းတစ်ခုကို လက်ဆောင်ပေးလိုက်ရင်း သူလည်း အိပ်စက်ခြင်းဆီသို့။ မနက်မိုးလင်းတာနဲ့ အလိုက်တသိ ဖြေရှင်းချက်ထုတ်လာသည်က "အဲ့ဒီကောင်လေးက မေမွေးစားထားတာ မမယုသမီးနဲ့ မကြာခင်လက်ထပ်တော့မှာမို့ အရေးမပါတာတွေ တွေးနေ လုပ်မနေနဲ့"တဲ့လား။ ကိုယ်ကအရေးမပါတာတွေ မလုပ်တတ်ပါဘူး။ အရေးပါ အရာရောက်စေတဲ့ အကြောင်းတွေချည်း ရွေးလုပ်မှာ။ အကယ်၍ ကိုယ်မဖြစ်စေချင်တာတွေ ဖြစ်လာခဲ့ရင်သာ မင်းတို့ နှစ်ယောက်လုံး ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ မေရယ်။ ................................................ပင်လယ်ကမ်းစပ်က သောင်ပြင်ပေါ်မှာ ပြင်ဆင်ထားတဲ့ ညစာစားပွဲဟာ အရသာမရှိစွာ သုံးဆောင်ခြင်းခံနေရသည်။ လူလေးယောက်အတွက်တည်ခင်းထားတဲ့ စားပွဲဖြူဖြူလေးရဲ့ တဖက်မှာ မောင်နဲ့ ဝါဆိုကတဖက်၊ မျက်နှာချင်းဆိုင်မှာတော့ မေနဲ့ ရှင်းနေရောင်က နေရာယူထားသည်။ တကယ်ကို ခွတီးခွကျနိုင်တဲ့ အခြေအနေမှာ တစ်ဦးတည်းသော မျက်နှာမပျက်သူက သူတို့ရဲ့ မေ။ စတွေ့တွေ့ချင်းကတည်းက မြွေမြွေချင်းခြေမြင်တယ်ခေါ်မလား ရှင်းနေရောင်နဲ့ မောင်ဟာ အကြောမတည့်။ အကြည့်ချင်းအားပြိုင်လို့ ပုံစံတွေက မချေမငံ။ ကြားထဲ ဘုမသိ ဘမသိလိုက်လာခဲ့ရသူက ဝါဆိုမိုးလေး။ ဂျစ်ကန်ကန်အစ်ကိုနဲ့ မယဉ်ကျေးတဲ့ လူစိမ်းအမျိုးသားတို့ကြား အားကိုးရာအနေနဲ့ အန်တီငယ်ကို လှမ်းကြည့်တော့လည်း အသားကင်ကို စိမ်ပြေနပြေလှီးစားနေပြီး ဝိုင်လေးတမြုံ့မြုံ့နဲ့ရှိနေသည်။ "ဒီကကလေးမက မေ့တူမဆို ....မကြာခင်လက်ထပ်တော့မှာပေါ့ ဂုဏ်ပြုပါတယ်နော်" မေ့ထံက အကူညီမရလို့စိတ်ပျက်နေပါတယ်ဆို လူစိမ်းက တည့်တည့်ကြီးပြောလာတော့ ဝါဆို နေရခက်စွာ မောင့်ထံလှန်းကြည့်လိုက်သည်။ အစားအသောက်ကိုတလုတ်တလေမှ မတို့မထိဘဲ ဝိုင်သာ သောက်နေသည့်မွေးစားအစ်ကိုသည်လည်း စူးစူးရှရှနဲ့ ထိုအမျိုးသားကို ကြည့်နေတာတွေ့မှ ဝါဆို မသိမသာသက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်ရသည်။"ကောင်းလိုက်တာ သတို့သားက အတွင်းသိအစင်းသိတွေဆိုတော့ ကလေးတွေ အိမ်ထောင်ရေးက သေချာပေါက် ပျော်စရာတွေချည်းပဲနေမှာနော့ မေရေ" "အင်း ဟုတ်တာပေါ့" အခုနက ဘာကိုမှ ဂရုစိုက်မနေသူသည် ဒီတခွန်းကိုတော့ သေချာပြန်ဖြေတာ ဝါဆိုသတိထားမိသည်။ ထိုအချိန်....."အဟက် အတွင်းသိအစင်းသိ" မောင့်ထံမှ ထွက်လာသည့် ခပ်ရွဲ့ရွဲ့ စကားတစ်ခွန်း အဆုံး မေက မျက်စောင်းလှမ်းထိုးလိုက်တာလည်းမြင်သည်။ "သတို့သားဖြစ်သူက သိပ်သဘောမကျသလိုပဲနော်" ရှင်းနေရောင်ရဲ့ စကားတစ်ခွန်းက တစ်ခွန်းဆိုသလို အထေ့အငေါ့တွေနဲ့။ သောက်လက်စ ဝိုင်ခွက်ကို စားပွဲပေါ် အသာအယာချလိုက်ပြီး ရန်စလာသူကို စေ့စေ့ကြည့်ရင်း ကောင်ငယ်လေးကလည်း ပြန်စွာသည်။ "ဒါနဲ့ ဘာကို သတို့သားလဲ ကျွန်တော်က သဘောတူပြီလို့ပြောခဲ့လို့လား ပြီးတော့ လူကြီးတွေအတင်းစီစဉ်နေတာပဲရှိတယ် ကျွန်တော်တို့ လူငယ်တွေဆန္ဒတစ်ခုမှမပါဘူး" ဟုတ်မှန်နေသ်ာလည်း မျက်နှာရဲကာ ရှက်ဝဲဝဲရသူက မိန်းမသားဖြစ်သူ ဝါဆိုမိုး။ တဖက်ခြမ်းက အမျိုးသမီးမှာလည်း လက်ထဲက ဇွန်းခက်ရင်းကို အသံမြည်အောင် ပစ်ချလိုက်ရင်းမှ....."အဲ့တော့ရော ဘာဖြစ်လဲ မင်းလက်ထပ်ရမှာက လက်ထပ်ရမှာပဲလေမောင် ယူပြီးမှ ချစ်သွားတဲ့ အတွဲတွေအများကြီး ချစ်ခြင်းမေတ္တာဆိုတာ ကြိုးချည်ထားလို့ရတာမဟုတ်ဘူးဆိုတာ မင်းတို့ လူငယ်တွေသဘောပေါက်သင့်တယ်" "ကြိုးချည်ထားလို့မရပေမယ့် နှလုံးသားထဲမှာ အုတ်မြစ်ချသလို ခိုင်မြဲနေပြီးသားကိုတော့ ဘာအကြောင်းကြောင့်နဲ့မှ ပြောင်းလဲလို့မရဘူးဆိုတာ မေ အသိဆုံးနေမှာပါ" အေးစက်စက် အငွေ့သက်တွေနဲ့ အကြည့်ချင်းဆုံရန်ဖြစ်နေသူနှစ်ယောက်ကြား စကားအသွားအလာဟာ တခြားသူတွေမသိနိုင်တဲ့ နည်းနဲ့ အချိတ်ဆက်မိနေတာများလား။ မနေနိုင်သူ ကပဲဝင်ပြောရပြီ။ "ကိုကို သဘောမတူရင် ဝါဆိုမေမေတို့ကို နားလည်အောင် ပြောလိုက်ပါ့မယ် အလကားသပ်သပ် မျက်နှာပျက်စရာတွေမဖြစ်ကြပါနဲ့ မိသားစုတွေပဲမဟုတ်လား" "ဟုတ်တယ် ဝါဆို ကိုကို လုံးဝဒီလက်ထပ်ပွဲကို သဘောမတူဘူး ဝါဆိုက တသက်လုံး ကိုကို့ညီမလေးပဲ" "တိတ်စမ်း နင်တို့နှစ်ယောက်က ဘာမို့လို့ ဆုံးဖြတ်ချက်တွေချနေရတာလဲ ဘာမှအကြောင်းမပြနဲ့ ငါတို့ လက်ထပ်ဆို လက်ထပ်လိုက်" ကလေးနှစ်ယောက်ရဲ့ သဘောထားတွေဟာ အတိအလင်းဖော်ထုတ်လာပေမယ့် မခံရပ်နိုင်စွာ တားဆီးလာသူက စိတ်မြန်လွန်းတဲ့ ကသစ်မေ။ ခေါင်းမာလွန်းတဲ့ ချစ်ရသူဟာ အပြင်းအထန် တားဆီးနေပုံကို မြင်လိုက်ရတော့ ရှင်းနေရောင်အနေနဲ့ တစ်ခုခုကို စိတ်ချသွားသလိုလိုနဲ့ ရှုပ်ထွေးနေပြန်ရော။ "မေ ဝါဆိုလေကိုကို့ကိုမချစ်ပါဘူး အတင်းလက်ထပ်ဖို့မတိုက်တွန်းပါနဲ့ ဒီအတိုင်းကိုကိုက တသက်လုံး ဝါဆို့အစ်ကိုပဲ လက်မထပ်ချင်ဘူး" "ဘာကို အစ်ကိုလဲ ဝါဆိုမိုး နင်နဲ့သူ ဘာမှမတော်ဘူး လက်ထပ်ဆို လက်ထပ်လိုက်" "အဲ့လောက်ကျွန်တော့်ကို လက်ထပ်စေချင်ရင် ခင်ဗျားယူလိုက်ပါ့လားမေရဲ့ မေနဲ့ ကျွန်တော်နဲ့လည်း ဘာမှ သွေးမတော် သားမစပ်ဘူးလေ" ဒီစကားတစ်ခွန်းပါပဲ။ ဒီစကားတစ်ခွန်းကိုပဲ အချိန်ကာလအတူတူ၊နေရာဒေသအတူတူမှာ ကြားလိုက်ရသူချင်းတူပေမယ့် ကိုယ်စီရင်ထဲ ဖြစ်ပေါ်လာတဲ့ နားလည်မှုတွေဟာ တူမနေခဲ့။ ဖြန်းခနဲ ထွက်လာတဲ့ အသံဟာ ကသစ်မေရဲ့ လက်ဝါးပြင်းပြင်းနဲ့ မျက်နှာပြောင်တိုက် အရွဲ့စကားဆိုတဲ့ မောင့်ပါးပြင်ထိတွေ့ခြင်းမှ ထွက်ပေါ်လာသည်။ "တန်ခူးမောင် မရိုင်းစမ်းနဲ့" နာမည်အပြည့်စုံခေါ်ဝေါ်ခံရခြင်းဟာ ဒီအမျိုးသမီးရဲ့ သည်းခံနိုင်မှု့အတိုင်းတာကို ကျော်သွားပြီးဒေါသမှတ်တစ်ခုကို ရောက်သွားခြင်းဖြစ်ကြောင်း မောင် ကောင်းကောင်းသိပေမယ့် စိုးရိမ်မနေပါ။ ပြောထားသားပဲ မောင်က ဘာကို ဖုံးကွယ်ထားရမှာလဲ။ ချစ်ရင် ချစ်ကြောင်းဝန်ခံရမယ်။ လက်မလွှတ်နိုင်ရင် အပိုင်ယူရမယ်လို့ ဒီအမျိုးသမီးကိုယ်တိုင်ပဲ မောင့်ကို သင်ပေးထားခဲ့တာလေ။ "မေ ကျွန်တော် မေ့ကို ချစ်တာသိရက်နဲ့ တခြားသူလက်ထဲ အတင်းထိုးထည့်ဖို့ မကြိုးစားနဲ့ အဲ့လိုပဲ မေကိုယ်တိုင်လည်း ကျွန်တော့် ရင်ခွင်ထဲက လွဲပြီး ဘယ်ကောင့်လက်ထဲမှ တိုးဝင်ဖို့ မစဉ်းစားနဲ့ အေး ဘယ်သူဖြစ်ဖြစ် မေ့ကို ကျွန်တော့်ဆီက လာလုရင်လည်း သည်းခံနေမှာ မဟုတ်ဘူး" ဒီစကားတွေဟာ သူ့ကို တည့်တည့်ကြီး စိန်ခေါ်နေမှန်း ရှင်းနေရောင် ဘာကြောင့် မသိရမှာလဲ။ နောက်ဆုံးတော့ ရန်သူမဖြစ်ချင်ပေမယ့် ဖြစ်လာရတဲ့ ပတ်သတ်မှု့မှာ ကိုယ်က ညှာတာမယ်လို့ ထင်မနေနနဲ့ ကောင်လေးရေ။ ကိုယ်က ....ဒီအမျိုးသမီးနဲ့ ပတ်သက်ရင် သိပ်ကြောက်စရာကောင်းအောင် ရက်စက်တတ်တယ်။ ဒီလိုပါပဲ ..........ဖြစ်ချင်တာထက် ဖြစ်သင့်ဖြစ်ထိုက်တာပဲဖြစ်ရမယ်ဆိုတဲ့ လောကကြီးမှာ မထင်မှတ်ထားတာတွေလည်း ဖြစ်တတ်ကြောင်း လောလောလတ်လတ်သင်ယူလိုက်ရတဲ့ ကောင်မလေးလည်း သူတို့နဲ့ အတူတူရှိခဲ့တယ်။ "ကိုကိုက မေ့ကို ချစ်တယ်တဲ့လား" နေဝင်ချိန်နဲ့အတူပျက်စီးသွားတဲ သောင်ပြင်က ညစာစားပွဲနဲ့အတူ ဆင်နွှဲသူတွေရဲ့ စိတ်ဓါတ်တွေပါ အတူယှဉ်လို့ပေါ့။ တတိုင်းမွှေး(31/8/23)A/N- သတင်းကောင်းပြောရရင်တော့ ဇာတ်သိမ်းပိုင်းထိကို အကြမ်း ရေးပြီးသွားပါပြီ။ စက်တင်ဘာလထဲမှာ အဆုံးသတ်နိုင်ပါတယ်။ ဖတ်ရှုပေးတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ .................................................................
ESTÁS LEYENDO
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်