အပိုင်း (၂၆-B)ညဦးပိုင်းတွေမှာ ရွာတတ်တဲ့ ပြန်ကျမိုးတွေဟာ ဒီနေ့မှာ အနှောင့်အယှက်တော်တော်ဖြစ်စေသည်။ အိပ်မပျော်တာ နာရီနဲ့ချီပြီး ရှိနေပြီမို့ ကုတင်ပေါ်မှာ လှဲနေရာကနေ မေထထိုင်လိုက်သည်။ အုတ်ကြွပ်မိုးပေါ် တဖျောက်ဖျောက်ကျနေသည့် မိုးစက်တွေက ဒီလို ညမှောင်မှောင်ကြီးမှာ ပိုလို့ အတွေးများစေသည်။ တဖက်ခန်းက ကောင်လေးရော အိပ်ပျော်သွားပြီလား။ မေ့ကို စိတ်ကောက်သွားတဲ့ ကောင်လေး။ နှစ်ဦးသားရှိနေချိန်ဆို အသေးအမွှားလေးတွေကအစ စကားနိုင်လုရင် စိတ်ကောက် စိတ်ဆိုးပြီး နှစ်ဦးသား ပိုရင်းနှီးလာတာလည်း အမှန်။ နုနုငယ်ငယ်နှလုံးသားလေးနဲ့မလိုက် အချစ်ရေး ကံမကောင်းတဲ့ ဒီကောင်လေးကို မေ ဘယ်လိုလုပ်ရပါ့မလဲ။ ဖြစ်သမျှအကြောင်းတွေက မေကိုယ်တိုင်ကြောင့်သာ ဖြစ်လိမ့်မယ်။ အစ်မကြီးတစ်ယောက်လို အသက်ကွာတာတောင် ကောင်းကောင်းမွန်မွန် အနေထိုင် မတတ်ခဲ့လို ဒီကောင်လေးရဲ့ နှလုံးသားကို အရောင်ဆိုးမိတာများလား။ အိပ်ယာကထကာ စီးကရက်သောက်ဖို့ လိုက်ရှာတော့ မီးခြစ်ရော ဆေးလိပ်ဗူးရော ထားနေကျနေရာမှာ မရှိနေ။ ဒါလည်း ဒီတဇွတ်ထိုး စနေသားလက်ချက်ပဲဖြစ်ရမယ်။ စိတ်ရှုပ်နေတာရော အိပ်မပျော်တာရော ပေါင်းပြီး ဒေါသထွက်ချင်နေပြီ။ ဆေးလိပ်မှ မသောက်ရရင် မေ ပေါက်ကွဲနိုင်ရဲ့။ မဖြစ်ဖြစ်အောင် ရှာမည်ဆိုကာ အိမ်ထဲက ချောင်ကြိုချောင်ကြားမကျန် ထမွှေတော့သည်။ စာအုပ်စင်၊ မီးဖိုဆောင်၊ ဧည့်ခန်း၊ စတိုခန်း ဗီရို ဘာညာ ဘယ်နေရာမှမတွေ့။ တစ်နေရာတည်းသာ ရှိတော့သည်။ စနေသားရဲ့ အခန်းကို ရောက်တော့ မေ ဝင်သင့်မဝင်သင့် စဉ်းစားနေတုန်း လက်က အလိုလို တံခါးလက်ကိုင်ကို လှည့်ဖွင့်မိသားဖြစ်သွားသည်။ "ဘာလဲ တန်ခူးမောင် လော့မချထားဘူးလား အဟက် သူ့များငါက လာချော့မယ်ထင်နေလား" မေ အခန်းထဲ ဝင်လိုက်တော့ အပြာရောင်မီးလဲ့လဲ့က ထွန်းထားလျှက်သား။ ကုတင်ပေါ်မှာတော့ စောင်ကြီးကို ဖြစ်သလိုပတ်ကာ တွန့်လိမ်ကောက်ကွေးအိပ်ပျော်နေသည့် အရှုပ်ထုတ်လေး။ မေ ကုတင်အနားသွားကြည့်တော့ ဟောက်သံပိစိလေးထွက်ကာ အိပ်ပျော်နေပြီ။ "ဟွန့်သူကတော့ ငါ့ကို စိတ်တိုအောင် လုပ်ပြီး အိပ်ပျော်နေလိုက်တာများ မကောင်းတဲ့ကောင်စုတ်လေး" မေ ကုတင်အစွန်း လွတ်နေတဲ့ နေရာမှာ ဝင်ထိုင်ကာ မောင့်ရဲ့ တွန့်ချိုးနေတဲ့ နှဖူးကြောနေရာကို လက်လေးဖြင့် အသာ တောက် လိုက်သည်။ မသဲမကွဲ အသံလေးထွက်လာသည်မှ အပ အိပ်ရေးလုံးဝမပျက်။ "စိတ်က ကောက်တတ်သေးတယ် ဟွန့် ခွေးစုတ်လေး ပြောစကားနားမထောင်တဲ့ ခွေးစုတ်လေး" မေ အမြင်ကပ်ကပ်နဲ့ နှာခေါင်းချွန်ချွန်လေးကိုပါ လိမ်ဆွဲလိုက်သည်။ ပြောလို့ပြောတာမဟုတ် ဒီကောင်လေးကလေ ဘယ်သူနဲ့မှ မတူဘဲ နှာတံပေါ်ပေါ် ပါးချိုင့်ချိုချိုနဲ့ ချောမောလွန်းအားကြီးသည်။ အသက်ကြီးလာလေ ရင့်ကျက်တဲ့ ချောမောမှု့တွေနဲ့ ပြည့်စုံလာတဲ့ ဒီကောင်လေးကို မေ ကောင်းကောင်း ပျိုးထောင်လာခဲ့တယ်တူရဲ့။ ခန္ဓာကိုယ်က မစောင်းတစောင်းအိပ်နေလျှက်သားမို့ မေ လည်း တစောင်းဖြစ်နေသည့် မောင့်လက်မောင်းပေါ်ကို မေးတင်ကာ သေချာ ကြည့်နေမိသည်။ "ဒီလောက်ချောတဲ့ ကောင်လေးက သေချာပေါက် ငါ့ထက်သာတဲ့ မိန်းကလေးနဲ့ လက်ထပ်ရမှာကိုကွာ" မောင့် နှဖူးပေါ်ကျနေတဲ့ ဆံပင်တွေကို လက်ဖြင့် အသာသပ်တင်ပေးရင်း ဆိုလိုက်သည်။ "ငါ့ကို မချစ်ပါနဲ့လားမောင်ရယ် ငါတို့ အရင်လိုလေးပဲ နေရအောင် ငါက အစ်မကြီး မောင်က ငါ့ရဲ့ တဦးတည်းသော မိသားစုဝင် မောင်လေးအနေနဲ့ပေါ့ အဲ့လိုဆို မောင့်ဘဝလေး အေးချမ်းမှာ" မေ ပြောနေရင်းမှ ရှေ့ဆက်ဖြစ်မယ့် အကြောင်းရာတွေကို တွေးမိတော့ မျက်ရည်တွေက အလိုလိုကျလာသည်။ အဲ့ဒီမျက်ရည်တွေက စောင်မခြုံမိတဲ့ မောင့်လက်မောင်းသားပေါ်သို့ ကျဆင်းသွားလေ၏။ "ဘယ်လိုလုပ်မလဲ တကယ်လို့ ငါက ရှင်းနေရောင်ကို ရှုံးသွားရင် မောင့်ကိုပါ လက်လွှတ်လိုက်ရမယ်ထင်တယ်" လုံးချာလည်းလိုက်နေတဲ့ခံစားချက်တွေထဲ မေ ဒီကောင်လေးနဲ့ ဝေးသွားမှာကို အသည်းအသန်ကြောက်ရပါ၏။ ဒါဟာ ဖြူစင်တဲ့ မေတ္တာတွေလို့ ကိုယ့်ကိုကိုယ် ညာဆဲ။ ငိုနေဆဲမှ မေ လက်ဖျားလေးနဲ့ အသာတို့ကြည့်နေတဲ့ နေရာဟာ မောင် ရယ်လိုက်ရင် ပါးချိုင့်လေးတွေပေါ်လာတဲ့ နေရာ။ "ဒီပါးချိုင့်လေးတွေက ချစ်စရာကောင်းလိုက်တာ" ကိုယ့်ကိုကိုယ် မျက်ရည်မကျအောင် အာရုံပြောင်းဖို့ကြိုးစားတဲ့ အနေနဲ့ အိပ်မောကျနေသူရဲ့ မျက်နှာပေါ် ကျူးကျော်နေမိသည်။ "ဒီနားက မှဲ့လေးကလည်း ချောလိုက်တာ" နီးကပ်နေပြီမို့ မေ ရင်းနှီးနေကျ ကိုယ်သင်းရနံ့လေးကလည်းပိုထင်ရှားလာသည်။ "အမ်း"မျက်ခမ်းစပ်က မှဲ့လေးတွေကို ထိတွေ့နေတုန်း အိပ်နေသူက အသံတစ်ချက်ပြုကာ လှုပ်လာသည်။ မနိုးတော့မနိုးသေးပါ။ မေ ထိတ်လန့်ကာ ကြည့်နေတုန်း အိပ်နေသူက ပက်လက်အနေအထားပြောင်းကာ ဆက်ပြီး အိပ်ပျော်နေမြဲ။ အပြာလဲ့လဲ့ ညအိပ်မီးရောက်အောက်မှာတောင် ဝင်းဝါသည့် အသားရေက မောင့်ကို ယောက်ျားဆန်စေတယ်လို့ မဆီမဆိုင်တွေးမိသေးသည်။မေ ငေးနေဆဲ စောင်ကို ခွာချပစ်သည့် ကောင်လေးရဲ့ အပြုမူကြောင့် ငယ်ငယ်တုန်းက အဖြစ်အပျက်ကို သတိရသွားပြန်သည်။ ဒီကောင်လေးက အအေးသိပ်ကြိုက်တာ။ မိုးနှောင်းပိုင်းနဲ့ဆောင်းဝင်စဆို ရာသီဥတုက သိပ်မမှန်ချင်တာမို့ ပူရင်ပူတတ်သည်။ မေ့မှာ ညဘက်နိုးတိုင်း ဒီကောင်လေးအခန်းဝင်ပြီး စောင်ခြုံပေးရတာအလုပ်တစ်လုပ်။ နောက်တော့ ဘယ်လောက်ခြုံပေးပေး နာရီဝက်မပြည့်ခင် ကန်ချတတ်သည့် တန်ခူးမောင် ပေါက်စလေးကို မေ စိတ်တိုကာ စောင်နဲ့ပတ်ပြီး ကြိုးနဲ့ တုပ်ထားဖူးသည်။ ပြန်စဉ်းစားလိုက်တော့ မေ ဒီကောင်လေးကို အလုံအလောက်မှ မေတ္တာတွေပေးမိရဲ့လား သံသယဖြစ်စရာ။ "မောင့်ကိုလေ တဘဝလုံး မထိမခိုက် ရှိစေချင်လိုက်တာ" တိုးတိုးလေး ဆိုမိပြန်သည်။ ကိုယ့်တုန်းက မရခဲ့တဲ့ မိသားစုရဲ့ နွေးထွေးမှု၊ မိဘတွေရဲ့ ကြင်နာယုယမှု့တွေပါ ပေါင်းပြီး ပြည့်စုံစွာ ရှင်သန်စေချင်ခဲ့တာ စေတနာအမှန်ပါ။ ဒါကိုမှ ဒါကိုမှ ရောင့်တတ်လာသူလေးကိုလည်း အပြစ်မဆိုချင်။ တတ်များတတ်နိုင်ရင်လေ..."ငါလည်း မောင့်ကိုချစ်ပေးချင်ပါတယ်""အဲ့တာဆို ချစ်ပေးလေဗျာ ဘာတွေစဉ်းစားနေတာလဲ ဘေဘီရဲ့" "ဟင် မောင် နိုး နိုးနေတာလား" ရုတ်တရက် နိုးလာတဲ့ မောင်က မေ့ကို ပခုံးစွန်းမှ ပွေ့ဖက်ကာ အိပ်ယာပေါ် လှဲချလိုက်သည်။ သေချာပေါက် မေ့ ခေါင်းက မောင့်လက်မောင်းပေါ်မှာ ရှိနေတာပဲ။ ကသစ်မေ ရှက်ရှက်နဲ့ ရုန်းမိတော့ ပိုလို့တင်းကျပ်အောင် ဖက်ထားကာ လွှတ်မပေး။ နီးကပ်လာတဲ့ ကိုယ်သင်းနံ့ ခပ်ရှရှမှာ မေ အော်သာ ငိုပစ်လိုက်ချင်တော့သည်။ စိတ်အားငယ်တတ်တဲ့ အခံလေးကြောင့် စိတ်သွားတိုင်းကိုယ်မပါ ပျော့ခွေကာ မရုန်းမိတော့ ကောင်စုတ်လေးက ပိုပြီး တိုးလို့ဖက်ထားပြန်သည်။ ပြီးတော့ မေ့ခေါင်းပေါ်ကျရောက်လာတဲ့ ထိခတ်မှု့လေး.....မောင်က မေ့ခေါင်းကို ဖွဖွလေး ပွတ်သပ်ပေးနေတာဖြစ်ရမယ်။ "မေ မောင်ပြောတာ နားထောင်ပါဦးဗျာ" "........""လူသားတစ်ဦးရဲ့ ရှင်သန်ခြင်း ဖြစ်စဉ်မှာ တစ်စုံတစ်ယောက်ဆီက မြတ်နိုးစွာ အချစ်ခံရတာ ဂုဏ်ယူစရာအကောင်းဆုံးအောင်မြင်မှု့ပါ ပြီးတော့ အဲ့ဒီချစ်ခြင်းမေတ္တာကို တုံ့ပြန်ရတယ်ဆိုတာလည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ" ".......""မေ ကျွန့်တော့်ကို မုန်းလားဗျာ" ရင်ခွင်ထဲက ကသစ်မေမှာ ဒီကောင်လေးရဲ့ မြောက်များစွာသော စကားတွေကြား တွေဝေနေမိပေမယ့် မုန်းလားဆိုတဲ့ စကားတစ်ခွန်းကိုတော့ ရှင်းလင်းစွာ ကြားရသည်။ မဟုတ်ဘူးလေ...သူမှ မမုန်းတာ။ အသည်းအသန် ခေါင်းကို ခါရမ်းရင်းငြင်းရသည်။ "မမုန်းပါဘူး ငါ ဘာလို့ မောင့်ကို မုန်းရမှာလဲ ဟင့်အင်း လုံးဝမမုန်းပါဘူး" မောင့်က သူ့ကို ငုံ့ကြည့်ရင်း ပါးချိုင့်တွေပေါ်အောင် ပြုံးပြလာသည်။ "ဒါပဲလေ ဘေဘီရဲ့ မမုန်းဘူးဆိုရင် ချစ်တာပဲ" ကသစ်မေ ပြန်ပြီးဖြေရှင်းချက်မထုတ်နိုင်ခင် မောင့်က ကိုယ်နေဟန်ထား တမျိုးပြောင်းလိုက်သည်။ မျက်နှာချင်းဆိုင်မှာ မောင်က မေ့ကို အုပ်မိုးပြီး ပြုံးကာ ကြည့်လာသည်။ "မောင့်ကို သနားရင် ထပ်ပြီး မငြင်းပါနဲ့တော့ဗျာ မောင့်ကို မေ ချစ်နေပါပြီဆိုတာ လက်ခံလိုက်ပါတော့ နော်"စကားချိုချိုတွေရဲ့အဆုံး မေ့နှုတ်ခမ်းပေါ် ကျရောက်လာသည့် အနမ်းနွေးနွေးတစ်ချက်။ ဘာမှမတုံ့ပြန်နိုင်ခင်မှာ မေ သတိထားမိတာကတော့ ရင်ဘတ်ထဲက တဒိတ်ဒိတ်ခုန်သံ။ဘယ်ယောက်ျားနဲ့မှ မဖြစ်ပေါ်ဘူးတဲ့ ဒီခံစားချက်။ ကြောက်ရမလိုလိုနဲ့ လက်ခံချင်စရာလည်း ကောင်းလွန်နေပြန်သည်။ "မေ့ကို ချစ်တယ် ....မေကလည်း ကိုယ့်ကို ချစ်နေပါပြီဗျာ ယုံလိုက်စမ်းပါ နော် ဘေဘီရဲ့"မယုံဘူး မယုံဘူး။ ကသစ်မေက ယောကျာ်းတစ်ယောက်ကို ချစ်သွားတယ်ဆိုတာ လုံးဝ မယုံနိုင်ဘူး။ ဒါပေမယ့် သေချာခြင်းစည်းတဖက်ကို ရောက်နေတဲ့ ဒီကောင်လေးက လုံးဝ အသိဉာဏ်တွေ ကင်းအောင်လုပ်နေတာမို့ "ငါ မောင့်ကို ယုံလို့ဖြစ်တယ်မလားဟင်""သေချာတာပေါ့ ဘေဘီရဲ့ ဒီဘဝကနေ သံသရာ တစ်ဖက်ကမ်းထိ မင်းတစ်ယောက်တည်းကိုပဲ သက်ဆိုင်ချင်တာပါ" ...............................................................မြို့ပြရဲ့ တစ်ခုသော ထင်ရှားသည့် မိသားစုပိုင် အိမ်ကြီးတွင် ပွက်လောရိုက်နေသည်။ အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသားကြီးဟာ ဒေါသထွက်နေသည့် မျက်နှာထားနဲ့ မိသားစု စားပွဲရဲ့ ထိပ်ဆုံးခုံမှာ ရှုတည်တည်နေရာယူထားသည်။ သူ့ရဲ့ ညာဖက်မှာက သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်က လက်ထဲမှာ ဓါတ်ပုံတွေကို အခါခါ ကြည့်ရင် တောက်တစ်ခေါက်ခေါက်နဲ့ဖြစ်နေ၏။ မျက်နှာချင်းဆိုင်မှာတော့ အိမ်ရှင်မကြီးဖြစ်ဟန်တူသူသည် ရှူဆေးဗူးကို ရှုရင်း ရဲပတောင်းခတ်နေသော မျက်နှာထားနှင့် ဆိုဖာပေါ် ယဲ့ယဲ့လေးထိုင်နေသည်။ သူမဘေးမှာလည်း နောက်ထပ် အမျိုးသမီးကြီးတစ်ယောက် မျက်နှာရှစ်ခေါက်ချိုးနဲ့ ရှိနေပြီး အသံစာစာနဲ့ ပြောလာသည်။ "အဲ့တာကြောင့် အစ်ကိုကြီးတို့ အစ်မကြီးတို့ကိုပြောတာပေါ့ ဒီကောင်မလေးကို လွှတ်မထားပါနဲ့လို့ အခုတော့ မိသားစုမျက်နှာ အိုးမဲသုတ်တာ" "အန်တီလေးပြောတာမှန်တယ် ပါးပါး အဲ့ဒီ မိဘမဲ့ကောင်ရော ကျဲကျဲကိုရော ရှေ့ဆက်မတိုးစေမှ ဖြစ်မယ် ဘယ့်နှယ့် မွေးစားသားနဲ့မှ ကြိုက်ရတယ်လို့" တစ်ယောက်တစ်ပေါက်သော အသံတွေကြား အားလုံးရဲ့ အဆုံးဖြတ်ဟာ လူနှစ်ဦးကို အပြစ်ဖို့ခြင်းပင်။ သူတို့စိတ်ထဲ ဘာရှိနေလဲ တခြားလူတွေဆိုမသိနိုင်။ ဒါပေမယ့် အချင်းချင်းသာ သိနိုင်သည်က ဒီမိသားစုဟာ သိပ်ကို အထိခိုက်မခံနိုင်တာ.....ဂုဏ်သိက္ခာပိုင်းတဲ့။ သူတို့သတ်မှတ်ထားတဲ့ ဒီဂုဏ်ရှိန် အဆင့်အတန်းတွေဟာ သိပ်ကိုမှလည်း ရှေးရိုးစွဲနေသေးတာ။ "တွေ့အောင်ရှာ ကသစ်မေကို တွေ့အောင်ရှာပြီး ငါ့ရှေ့ခေါ်လာခဲ့ အေး ဟို သားရေပေါ်အိပ် သားရေနားစားတဲ့ကောင်ကိုလည်း တွေ့တဲ့ နေရာသတ်ပစ်ခဲ့" အိမ်ထောင်ဦးစီးဖြစ်သူဖခင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဤသို့ ဤပုံဖြစ်တော့သည်။ ဒါကို လိုက်နာရမယ့် သားနှစ်ယောက်မှာလည်း မငြင်း။ တကယ်ဆို အစ်မရင်းဖြစ်သူရဲ့ ကိစ္စပဲလေ။ ဒါပေမယ့် ....ဒီမိသားစုဖြစ်နေလို့ပဲ တစ်ဦးကို တစ်ဦးမညှာတာနိုင်တာ အကြောင်းရင်းတွေရှိသည် ။"အိုရှုပ်တယ် အသာတကြည်မရရင် နှစ်ယောက်လုံး တွေ့တဲ့နေရာမြေမြှုပ်ခဲ့ အလကား မိသားစုရဲ့ စုန်းပြူးမ သေသွားတာပဲ ကောင်းမယ်" ဒါဟာ ဝမ်းနဲ့လွယ်မွေးခဲ့တဲ့ မိခင်ဖြစ်သူကိုယ်တိုင် ပြောခဲ့တာစကားပါ။ ဘာကြောင့်များလဲ ။ ဘာကြောင့်များ ပြောရက်နိုင်တာလဲ။ ဘာတွေဖြစ်ခဲ့တာလဲ။ ဒီအကြောင်းအရာတွေနဲ့ ဝေးတဲ့ အရပ်မှာ ရှိတဲ့ ချစ်သူနှစ်ယောက်ကိုတော့ စိတ်ပူမိသေးတယ်။ သူတို့ရင်ဆိုင်ရမှာ တစ်ခုမကသော ပျက်ကပ်တွေမို့ စိတ်ပူစရာပဲ မဟုတ်လား။ တတိုင်းမွှေး(10/9/23)A/N- ကသစ်မေတို့မိသားစုရဲ့ ပုံစံကို နောက်တော့ ရှင်းပြပေးပါ့မယ်။ တကယ်တော့ ကွက်ကွက် ကွင်းကွင်းကြီးရေးပြတာက သိပ်မကောင်းလို့ သဲလွန်စလေးတွေ ထည့်ထားပေးတယ်။ စာဖတ်သူတွေ သိကြမှာပါ။ .......................................................
ESTÁS LEYENDO
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်