အပိုင်း(၃၂)Finalတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ အမျိုးသားနှစ်ယောက်ဟာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ သူတို့ရှေ့က စားပွဲခုံပုပုလေးပေါ်မှာတော့ အေးစက်နေတဲ့ ကော်ဖီနှစ်ခွက်က ငြိမ်ငြိမ်လေးရှိနေပြန်၏။ သေချာကြည့်ရင် ထိုအမျိုးသားနှစ်ယောက်မှာ ဆင်တူသောမျက်နှာပေါက်ရှိကြလေပြီး ကွာဟသော အသက်ရွယ်ကိုသာမသိရင် ညီအစ်ကိုတွေလိုမျိုး ထင်မြင်ယူဆနိုင်ပါသည်။ နှစ်ယောက်ကြားက လေထုဟာ အနေခက်စွာရှိနေတာမျိုးမဟုတ်ပါဘဲ ဘာစကားမှ ထွက်မလာခြင်းကြောင့် ခပ်လှန်းလှန်းက အကဲခတ်နေတဲ့ လူသုံးယောက်မှာလည်း အားမလိုအားမရဖြစ်နေကြသည်။"ဒါနဲ့ ဘောစ့်က အစ်ကိုနဲ့လက်ထပ်ရင် ကျွန်တော်တို့က အမျိုးတော်ရမှာပေါ့"ကသစ်မေ မောင့်ကို လှမ်းကြည့်နေတုန်း ဘေးနားက စွာစိစိအသံကြောင့် လှည့်ကြည့်မိတော့ အင်တန်မှာ စပ်စုချင်သော မျက်နှာပေးနဲ့ သူထံမှအဖြေကို မျှော်လင့်နေသည့် မောင့်ရဲ့ ညီတစ်ဝမ်းကွဲ တနည်းအားဖြင့် သူ့ရဲ့ တော်လာရမည့် မတ်ကလေး။"အင်း ဟုတ်တယ်လေ အဲ့တာကြောင့် ငါ့ကို အစ်မလို့ ခေါ်လို့ရတယ်""အမ် ...ဟုတ် ဟုတ် ဟုတ်ကဲ့"အဲ့ဒီကောင်လေးရဲ့ အတွေးထဲမှာတော့ နဂိုကတည်းက ဇီဇာကြောင်လှသည့် သူတို့ဘောစ့်သည် ရုတ်တရက်ကြီး ဆွေမျိုးသားချင်းဆိုသည့် ကဒ်ကို သုံးလာတော့ မျက်ခုံးခပ်လှုပ်လှုပ်။ ဟိုတုန်းကတော့ ဝန်ထမ်းနဲ့ သူဌေးဆိုတော့ ကိုယ်မလုပ်ချင်လျှင် ငြင်းလို့ရသေးသည်။ မသကာ ပိုက်ဆံမရရုံပေါ့။ အခုတော့ မလုပ်ချင်လျှင်တောင် အစ်ကိုဖြစ်သူရဲ့မျက်နှာကြောင့် ငြင်းလို့ကောင်းမယ်မထင်။ ဒါ့ကြောင့် သူ့အဖေနဲ့ ဦးလေးက အလုပ်ကနေ အနားယူမယ်လို့ပြောတာ ဒီအကျင့်သိပ်မကောင်းတဲ့ သူဌေးကို ဆွေမျိုးတော်ရတော့မို့ကို။"မောင်အဆင်မှပြေပါ့မလား မသိဘူး ငါဘေးနားသွားနေပေးမှပါ"သားအဖနှစ်ယောက် အခုမှ ပြန်ပေါင်းထုပ်နေတာကို ဘေးနားကနေ သွားရောက်ညွှန်ကြားဦးမယ့် သူတို့ ဘောစ့်ကို အရမ်းကို အဖြစ်သည်းနေတာမဟုတ်ပါလား။ တွေးနေတုန်းပဲ အနားရောက်သွားသည့် ဒီအစ်မကြီးက သူ့သားကို သူ့အဖေရှေ့မှာတင် ချွဲနွဲ့ပြနေပြီ။ စိတ်ပျက်လိုက်တာ။ တစ်ခုခုများ အကူညီရမလားလို့ မွေးသဖခင်ကို လှည့်ကြည့်တော့ ဟိုက ဖဲချပ်တွေကနေ အကြည့်မခွာ။ ကောင်းကြပါတယ်။"မေ နေလို့ကောင်းရဲ့လား"နာရီပေါင်းများစွာကြာပြီ မျက်နှာချင်းဆိုင်ထိုင်နေတာကို သူနဲ့တုန်းက စကားတစ်ခွန်းမှမပြောဘဲ ချစ်သူကောင်မလေးကိုမှ အသည်းအသန်တွေ အရိပ်တကြည့်ကြည့်မေးလာတဲ့ သားဖြစ်သူကြောင့် ဒုခေါင်းဆောင် နည်းနည်းတော့ ချဉ်သွားရသည်။ ဘောစ့်တစ်ဖြစ်လဲ မကြာခင်တော်ရမယ့် ချွေးမကမှ အလိုက်တသိ အားနာပါးနာပြုံးပြလာသည်။"မောင်တို့ စကားပြောနေတာအဆင်ပြေရဲ့လား လာမေးတာ"တကယ်တော့ ထိုင်သာထိုင်နေရတာ သားဖြစ်သူကလည်း ဦးလေးကြီးက ကျွန်တော့်အဖေဆိုတာအမှန်လားလို့ တစ်ခွန်းပဲမေးပြီး သူကလည်း ဟုတ်တယ်လို့ဖြေပြီးကတည်းက ဘာမှ ဆက်မပြောရသေးတာဖြစ်သည်။"မင်္ဂလာပွဲလုပ်ဖို့ ဒုခေါင်းဆောင်နဲ့ တိုင်ပင်ချင်တယ်"မေက မောင့်လက်ကို ဆုပ်ကိုင်ထားရင်း ယောက္ခမဖြစ်သူဆီကို ဦးတည်ပြီး ပြောလိုက်သည်။ အခုချိန်မှာ မောင်ကလည်း အဖေဖြစ်သူကို ခါးသီးနေတာမျိုးမဟုတ်တော့ သူမအနေနဲ့ ပိုရင်းနှီးသွားအောင် အခွင့်အရေးပေးခြင်းမျိုးသာ ဖြစ်သည်။"အဲ့တာက ဘောစ့်တို့အဆင်ပြေသလိုလုပ်ပါ""အာ ဘာကို ဘောစ့်လဲ ဒုခေါင်းဆောင်က မောင့်အဖေပဲဟာ မောင့်အမျိုးသမီးဖြစ်မယ့် ကျွန်မကိုလည်း သမီးလို့ပဲခေါ်လေ မဟုတ်ဘူးလားမောင်"ဒီစကားကြားတော့ အမျိုးသားနှစ်ယောက်ရဲ့ အကြည့်တွေက အံ့အားသင့်မှု့အပြည့်ဖြင့် သူမထံရောက်လာည်။ မာနကြီးလွန်းပြီး မိသားစုအသိုင်းဝိုင်းကို စွန့်ခွာထားသူ မေ့အနေနဲ့ ဒီလိုမျိုး လိုက်လျောခြင်းမျိုးကလည်း အံ့ဩမည်ဆို အံ့ဩလောက်ပေရဲ့။ မောင်က သူမကို အပြုံးဖျော့ဖျော့လေးဖြင့် တုံ့ပြန်သော်လည်း မျက်ဝန်းတွေကတဆင့် ကျေးဇူးတင်ကြောင်းပြောနေသလိုပင်။ မောင့်အနေနဲ့လည်း အနေခက်နေမှာသေချာပေါက်ပဲပေါ့။"ဟို အဖေ ကျွန်တော်တို့မင်္ဂလာပွဲမှာ ရှိနေပေးဦးမှာမလား"မောင့်ထံမှ ပထမဦးဆုံး အဖေလို့ ခေါ်သံကြားတော့ ဒုခေါင်းဆောင်မှာ ကျေနပ်သွားဟန်ဖြင့် ခေါင်းတငြိတ်ငြိတ်ဖြစ်သွားသည်။"ဒါပေါ့ ဒါပေါ့ အဖေက အဖေက သေချာပေါက် ငါ့သားဘေးမှာ ရှိနေပေးမှာပေါ့"မျက်ရည်ဝဲတာကို အတင်းထိန်းထားရသော လူကြမ်းကြီးမှာ အသံတွေ မပျက်အောင်လည်း အားတင်းကာပြောနေရဟန်တူသည်။ သားအဖနှစ်ယောက်ကြားက စိမ်းသက်မှုတွေသည် အနေခက်မှုတွေသည် တစတစလွင့်ပါးသွားပြီ ထင်ပါရဲ့။"မောင် ငါတို့ အဖေ့ကို ကန်တော့ရအောင်"မောင်ရော မောင့်အဖေပါ အံ့ဩသွားကြသည်။"ငါ့မိဘတွေလည်း မရှိတော့သလိုပဲလေ အခုလူကြီးမိဘ အုပ်ထိန်းသူဆိုလို့ ငါတို့မှာ မောင့်အဖေပဲ ရှိတော့တာလေ အင်း ပြီးတော့ မောင့်ဦးလေးရောပေါ့ ဒါငါတို့အတွက် တန်ဖိုးရှိတဲ့အရာမဟုတ်လား""ကျေးဇူးပဲမေ ...အားလုံးအတွက် ကျေးဇူးပါ မေ"မေ့ ဆန္ဒကြောင့် အနေရခက်နေတဲ့ မောင့်အဖေကိုရော ရှက်ရမ်းရမ်းပြီးထွက်ပြေးမလို့လုပ်နေတဲ့ မောင့်ဦးလေးကိုပါ တရိုတသေ ကန်တော့ဖြစ်ကြသည်။ လူကြီးနှစ်ယောက်မှာတော့ ရှက်ကိုးရှက်ကန်းဖြစ်နေပေမယ့် ဝမ်းသာပီတီဖြစ်နေမှု့ကတော့ ဖုံးဖိမရနိုင်။"ကျေးဇူးပါ သားကို ဒီလိုလူကောင်းတစ်ယောက်အဖြစ် လှလှပပလေး ကြီးပြင်းလာအောင် ပျိုးထောင်ပေးခဲ့တဲ့အတွက် ဘောစ့်..အဲ့လေ သ သမီးကသစ်မေကို ကျေးဇူးအများကြီးတင်ရပါတယ်""ဒါဆို ရှေ့လျှောက် မောင့်အနားမှာရှိနေပေးပါဦး အလုပ်တွေစွန့်လွှတ်လိုက်လို့ အေးချမ်းရာမှာ နေထိုင်ချင်တယ်ဆိုတာလည်း သိပါတယ် ဒါပေမယ့် မောင့်ကိုတော့ မကြာမကြာအချိန်ပေးပါဦးနော်"မေက လူကြီးနှစ်ယောက်ထံမှာ တောင်းဆိုတော့ ဦးလေးဖြစ်သူက ဒီလိုပြန်ဖြေသည်။"အာ ငါတို့ လိုမယ်မထင်ပါဘူး သူက ကသစ်မေဆိုတဲ့ လူသားရှိနေရင် ငရဲမှာတောင် နေပျော်မယ့်လူမျိုးပါ"ဟုတ်တော့လည်း ဟုတ်နေတာပဲလေ။ မေ နည်းနည်းတော့ ရှက်ပေမယ့် အမှန်တရားမို့ လက်ခံလိုက်ပါသည်။လက်ထပ်ပွဲနဲ့ ပတ်သက်လို့ ထရော်မာရသလိုဖြစ်နေတဲ့ မေ့ကို နားလည်ပေးတဲ့ အနေနဲ့ မောင်က ပွဲကျင်းပတာမျိုးမလုပ်တော့ဘဲ သင့်တော်ရာမှာပဲ ကုသိုလ်ကောင်းမှု့လုပ်ဖို့သာ တိုက်တွန်းသည်။ ခရီးထွက်မယ့် လူကြီးနှစ်ယောက်ကတော့ မေတို့ကို ကူညီရင်း မပြီးပြတ်သေးတာတွေ လုပ်ပေးပေမယ့် မထင်မှတ်ဘဲ ခရီးထွက်သွားသူက မေရဲ့ နှစ်ယောက်မရှိတဲ့ မတ်ကလေး။ အကြောင်းပြချက်ကတော့ မောင်နဲ့ မေရဲ့ ချစ်ကြည်နူးတစ်တီတူးမှု့ကို မခံစားနိုင်လို့ဆိုပဲ။"ဘယ်လိုလုပ်မလဲ နောင်လဲများများတွေ့ရဦးမှာကို အလေ့ကျင့်ဖြစ်အောင် လုပ်ထားတာမဟုတ်ဘူးနော့်မောင်ရယ်"မောင်က အသစ်စက်စက်ညီဖြစ်သူနဲ့ ဖုန်းပြောပြီးနောက် မေ့ကို ပြန်ဖောက်သည်ချနေတော့ မေ ဒီလိုပဲ မှတ်ချက်ချမိသည်။"သူလည်း သနားပါတယ်လေ တစ်ယောက်တည်းဆိုတော့ နည်းနည်း မတရားသလိုဖြစ်နေမှာပေါ့ မေရဲ့ နောက်မှ တအိမ်ထဲ ခေါ်ထားရင်း နှိပ်စက်ကြတာပေါ့""ဟီး ဟုတ်တယ် မေ့ယောကျာ်းက ဉာဏ်ကောင်းလိုက်တာ မွ""နောက်တစ်ချက် နမ်းပါဦး မေ့ အနမ်းတွေနဲ့မှ မောင့်မှာ တနေကုန် အားအပြည့်နဲ့ ဦးနှောက်ကနိုးကြားတက်ကြွနေမှာ""အင်း ဒါပေါ့ မွ ...အင်း မောင် နှုတ်ခမ်းကို နမ်း"အလုပ်မသွားခင် နှစ်ယောက်သား ဒီလို အားဖြည့်နည်းကို သုံးကြရင်း အချိန်တွေကြန့်ကြာသွားလို့ လူကြီးနှစ်ယောက်ဆီက ခဏခဏ အအော်ခံရတာလည်းမမှတ်ပါ။အခုဆို တတ်နိုင်သမျှ တရားဉပဒေနဲ့ မလွတ်ကင်းတာတွေ မလုပ်တော့ဘဲ လက်ကျန် အရှုပ်ရှင်းတွေကိုလည်းရှင်းနေရသည်။ တော်သေးတာက တစ်ခုစီဖရိုဖရဲဖြစ်ခဲ့သမျှ မေ့မှာ အားကိုးရာ လူရင်းတွေရှိသေးလို့သာ ပြန်တည်ဆောက်နိုင်တာ။ခဲအိုဖြစ်သူရဲ့ လုပ်ရပ်ကို မကျေနပ်နိုင်သော်လည်း အိမ်တိုင်ရာရောက်လာတောင်းပန်တဲ့ မမယုနဲ့ ဝါဆိုလေးရဲ့ မျက်နှာကြောင့် မေ ခွင့်လွှတ်ကာ သူတို့ပိုင်ဆိုင်ဖို့သင့်တော်သမျှကိုလည်း ပြန်ပေးခဲ့သည်။ ရေစက်တွေ ပြတ်သွားတော့လည်း နှစ်ဦးနှစ်ဖက် အားမနာရတော့ဘူးပေါ့။ ရှင်းနေရောင်ရဲ့ သေမှု့သေခင်းကိစ္စကိုတော့ ဥပဒေစုံစမ်းစစ်ဆေးမှု့မှ လွတ်စေရန် မောင့်အဖေနဲ့ ဦးလေးက သေသပ်စွာ ကာကွယ်ပေးပါသည်။ ငွေအလုံးရင်းသုံးလိုက်ရပေမယ့် မောင်တို့ကို မထိခိုက်စေတာမို့ မေ မနှမြောပါ။ တကယ်ဆို အရင်ကနဲ့စာရင် ပိုင်ဆိုင်မှုတွေက သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တာမို့ မေ နည်းနည်းတော့ စိတ်ဓါတ်ကျမိသည်။ ကသစ်မေဆိုတာလည်း တန်ခူးမောင်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးသာ ပေါ်မလာရင် ငွေနဲ့တစ်အိုးတစ်အိမ်ထူထောင်မယ့်မိန်းမလေ။"မေ့မှာ မောင်တစ်ယောက်လုံးရှိသေးတာပဲ မောင့်ကို အားကိုးလိုက်စမ်းပါ"ဒီလိုစကားကို အပြောသပ်သပ်ပဲ မဟုတ်ကြောင်း မောင်က သက်သေပြခဲ့ပါသည်။မေတို့ အခု အိမ်အသစ်ကို ပြောင်းခဲ့ကြတယ်။ ဟုတ်တယ်...အဲ့ဒီရွာကလေးပေါ့။ ရေကန်လေးနဲ့ သစ်သားအိမ်လေးက မောင်တို့အတွက် အမှတ်တရတွေ အများကြီးရှိခဲ့တာမို့ နောင်လာမယ့် အမှတ်တရတွေကိုလည်း ပျော်ရွှင်စွာဖန်တီးချင်သည်လေ။ နားအေးပါးအေးနေချင်တဲ့ လူကြီးနှစ်ယောက်ဟာ ခရီးမထွက်တော့ဘဲ အိမ်နားလေးက မေ ဝယ်ထားတဲ့ စိုက်ပျိုးမြေမှာ ဉယျဉ်ခြံစိုက်လိုက် ဖဲပြိုင်ရိုက်လိုက်နဲ့ ဖြတ်သန်းနေပါတော့တယ်။ စိတ်မကောင်းစွာနဲ့ လွတ်လပ်စွာနေချင်တဲ့ လူဆိုးကောင်လေးကတော့ အဖေ၊ ဦးလေးနဲ့ အစ်ကိုဖြစ်သူရဲ့ ပြန်ခေါ်မှု့ကြောင့် သစ်သီးဆိုင်ပိုင်ရှင်လေးအဖြစ် ပြန်ရောက်လာပါတော့တယ်။မောင်လား...မောင်ကတော့ မေ့အပြင် စိတ်အေးချမ်းရာတစ်ခုဖြစ်တဲ့ ရတနာလုပ်ငန်းကို တနိုင်တပိုင်ပြန်လုပ်နေတယ်။ အသစ်တိုးချဲ့ထားတဲ့ အိမ်နောက်ဖက်က စတိုခန်းလေးဟာ မောင့်လက်ရာ လက်ဝတ်ရတနာတွေကို ဖန်တီးတဲ့ ပန်းထိမ်ဖို ဖြစ်လာခဲ့တယ်။ မေ သတိမချပ်မိတဲ့ တစ်ခုက မောင်ဟာ ထိပ်တန်းလက်ဝတ်ရတနာ ဒီဇိုင်းပညာရှင်အဖြစ်ကျော်ကြားခဲ့ဖူးတာပဲ။ ဒါ့ကြောင့် ခဏလေးနဲ့ ပြန်လည်ဦးမော့လာတဲ့ စီးပွားရေးဟာ မောင့် နာမည်တစ်လုံးကြောင့်ပဲ ဖြစ်တည်လာတာပေါ့။"ငါ အခုချိန်မှာ အဲ့ဒီပိုက်ဆံတွေ အောင်မြင်မှုတွေလည်း မလိုတော့ပါဘူး တကယ် ငါ့ဘဝမှာ နောက်ထပ်ဆုံးရှုံးရမှာအကြောက်ဆုံးက မောင့်ကိုပဲ အဲ့တာကြောင့် တတ်နိုင်သမျှ ကြိုးစားပြီး မောင်က ငါ့အနားမှာရှိနေပေးပါ နော်"ဒီစကားကို မေ ညစဉ်လိုလို နေ့စဉ်လိုလို စိုးရိမ်စွာ ပြောမိသည်။ တကယ့် တကယ့်ကို နောက်တစ်ကြိမ်သာ မောင်နဲ့ ဝေးရမယ်ဆို သူ တစ်ခါတည်း လောကကြီးကို စွန့်ခွာသွားဖို့ လုံလောက်ပါရဲ့။"မောင့်ကို ယုံကြည်ချင်မှ ယုံပါ ဒါပေမယ့် မောင် တစ်ခုတော့ ကတိပေးနိုင်တယ် ......မောင်သာ မေ့အနားက ထွက်သွားဖို့ ကြိုးစားမယ်ဆိုရင်ဖြစ်ဖြစ် ၊ အကြောင်းတစ်ခုခုကြောင့် မောင်က အတူမရှိနေနိုင်ပေးတော့ရင်ဖြစ်ဖြစ် မေ လုပ်ရမှာ တစ်ခုရှိတယ် မောင့်ကို သတ်လိုက်ပါ တကယ် မင်းမရှိတဲ့ အရပ်မှာ မနေနိုင်တာမို့ မောင့်ကို ဒီလောကကြီးထဲမှာ မရှိတော့အောင် လုပ်ပေး ဘယ်နည်းနဲ့ဖြစ်ဖြစ်ပေါ့ မောင်တစ်ယောက်တည်း အသက်မရှင်စေနဲ့ မောင်ကတိပေးတယ် မင်းကို လုံးဝစိတ်မဆိုးဘူး""အင်း ငါသေချာပေါက် အဲ့လိုလုပ်ပေးမယ် မောင်လဲယုံတယ်မလား ငါက တစ်ကြိမ်ပိုင်ဆိုင်ပြီးရင် ဘယ်တော့မှ လက်မလွှတ်တတ်တဲ့ လူမျိုး""ဒါပေါ့ မောင့်အချစ်ရယ်"ကတိသစ္စာလည်း မဟုတ်ခဲ့ပါ။ ကျိန်ဆိုခြင်းလည်း မဟုတ်ခဲ့ပါ။ အပြန်အလှန်ထားရှိခဲ့တဲ့ ဒီမပြောင်းလဲခြင်းအကြောင်းတရားတွေက ရင်ထဲကလာတဲ့ ထပ်တူညီမှုတွေသာဖြစ်သည်။တော်သေးတာပေါ့ အရောင်တွေမစုံတဲ့ ဘဝပန်းချီကားချပ်လေးဟာ နှလုံးသားလှတဲ့ ပန်းချီဆရာရဲ့ ခြယ်မှုန်းခြင်းခံရမှု့ကြောင့်သာ အသက်ဝင်လာခဲ့လို့....တော်သေးတာပေါ့ ကြောက်စရာကောင်းတဲ့ မိုးတိမ်မည်းတွေကြောင့် ငိုကြွေးတော့မယ့် ပန်းရိုင်းလေးဟာ လေပြေညင်းလေးရဲ့ အေးမြမှု့ကို မြင်နိုင်ခဲ့လို့.......တော်သေးတာပေါ့.....ဒီလူသားနှစ်ယောက်က အပြန်အလှန် ချစ်ခဲ့ကြလို့ ....နှလုံးသားရဲ့ အတိမ်အနက်တွေ ရင်းနှီးခဲ့ကြလို့၊ သစ္စာတရားတွေ မပြောင်းလဲခဲ့လို့ ဒီပုံပြင်လေးဟာ ပျော်စရာဇာတ်သိမ်းဖြစ်သွားခဲ့တာပေါ့။ပြီးပါပြီ။တတိုင်းမွှေး(31/9/23)A/N- အားလုံးသော ချစ်ခြင်းတရားတွေ ထပ်တူညီကျပါစေလို့ တောင်းဆုပြုပါတယ်။ အစဆုံးဖတ်ပေးတဲ့ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ရပါတယ်။Edited Date- 14/10/2023A/n- တကယ်တော့ ဒီဇာတ်လမ်းကို ရေးနေတုန်း ပြီးခါနီးလေးမှာ စာရေးတဲ့သူ စိတ်ဖောက်သွားပါသေးတယ်။ ဘာရယ်မဟုတ်.... အတိတ်မှာ ထားခဲ့တဲ့ Rs ကို move onနိုင်ပြီထင်ခဲ့တာ သတင်းလေးသဲ့သဲ့ပြန်ကြားခါမှ တကျော့ပြန် ကြေကွဲလိုက်တာ လူက စိတ်နဲ့ ကိုယ်နဲ့ မကပ်တောင်ဖြစ်သွားခဲ့သေးတာ။ဘာဖြစ်ဖြစ် အဆိုးပဲ မြင်နေတော့ ဒီဇာတ်လမ်းလေးကိုလည်း အတင်းတွေ SEချင်ခဲ့တာ။ နောက်မှ အသေအချာ ကိုယ့်ကိုကိုယ်ဆုံးမလိုက်ပါတယ်။ မောင်နဲ့ မေက ဘယ်နည်းနဲ့မှ ခွဲခွာရဖို့ မဖြစ်နိုင်ဘူးဆိုပြီး။ ဆိုတော့ ဖတ်ရတာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ စာရေးသူရဲ့ စိတ်အခြေအနေကို ဖော်ပြရရင်တော့ ကောင်းသွားပြီလို့ထင်တာပါပဲ။ လုံးဝ လုံးဝကို ရာသီဥတုသာယာတဲ့အခါမှာ Extra ချိုချိုရိုရိုလေးတွေရေးပြီး ပြန်လာခဲ့ပါ့မယ်။ မောင်နဲ့မေရဲ့ Married lifeကြီးကို တအား sweet တာမျိုး ဖန်တီးချင်နေတာ။ ဟုတ်ပါပြီ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အစကနေ အဆုံးတိုင် လိုက်ပါဖတ်ရှုပေးနေတဲ့ တစ်ယောက်ချင်းစီကို ရင်ထဲ အသည်းထဲကနေ ကျေးဇူးအများကြီးတင်ရပါတယ်။ ဒီလောက် လိုအပ်ချက်တွေများနေတဲ့ စာရေးသူကို သည်းခံပေးပြီး ခွန်အားတွေပေး ပြုပြင်ပဲ့ကိုင်ပေးတဲ့ စာဖတ်သူသူငယ်ချင်းတွေရှိတာ အရမ်းကို ကံကောင်းတယ်လို့လည်း ကိုယ့်ကိုယ်ကို ခံစားမိပါတယ်။ရှေ့လျှောက်ခရီးမှာ ကိုယ့်ကို အမှားတွေ ရှိရင်လည်းထောက်ပြပြီး ခွန်အားတွေပေးလို့ အတူတူရှိနေပေးပါဦးလို့ တောင်းဆိုရင်းနဲ့ နောက်ထပ်တစ်ကြိမ် ကျေးဇူးတင်ပါစေ ချစ်သော စာဖတ်သူသူငယ်ချင်းတို့ရေ။တတိုင်းမွှေး(14/10/23)......................................................................
BẠN ĐANG ĐỌC
တိမ်ခိုးလေနှင်(Normal)
Lãng mạnတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်