အပိုင်း(၁၇)စေ◌ျးကို နေ့တဝက်လောက်ပတ်လျှောက်လိုက်ရတာမို့ မောင် တော်တော်လေးပင်ပန်းနေပြီ။ လက်ထဲက အိတ်တွေဆိုတာလည်း တပုံတပင် အမျိုးသမီးတွေများ စေ◌ျးဝယ်ထွက်တယ်ဆိုတာကို ဘာကြောင့်ခုံမင်နေရတာပါလိမ့်။ "ဝါဆို မပြီးသေးဘူးလား ကိုကို စိတ်တိုလာပြီနော်" "အော် ပြီးပါပြီ ခဏလေးတစ်ခုပဲကျန်လို့ အချိုပွဲထဲမှာထည့်ဖို့ မုန့်စုံဝယ်ချင်တာ ဘယ်ဆိုင်က ပိုကောင်းလဲမသိဘူး" "အဲ့တာဆို ဟိုနားမှာ ကိုကိုသိတဲ့ဆိုင်ရှိတယ် လိုက်ခဲ့"တကယ်တော့ ကျောင်းပိတ်ရက်ကာလမှာ အကြောင်းမျိုးစုံရှာပြီး ပွဲလုပ်ချင်နေသူ တစ်ဦးတည်းသော ညီမလေးကြောင့် မောင်ပါရောယောင်ပြီး ဒုက္ခခံနေရခြင်းပင်။ တော်ကြာလုပ်လိုက်ရသည့် မွေးနေ့တွေ၊ နှစ်ပတ်လည်နေ့တွေနဲ့ မျိုးစုံသော ပွဲများကြောင့် မောင်တို့နဲ့ တစ်ခြံကျော်က အိမ်အသစ်လေးမှာ ဧည့်သည်တွေမပြတ်။ မစုံလင်ခဲ့သော မိဘများရဲ့ တည်ရှိမှု့ကို အခုမှ ထုတ်ကြွားခြင်နေသည့် ညီမလေးရဲ့ စိတ်ခံစားချက်ကို နားလည်ပါသည်။ မောင် ဝယ်နေကျ မုန့်တိုက်ဟာ မောင့်ကိုတောင် မှတ်မိနေပြီ။ သက်တမ်းရင့် ဒီဆိုင်လေးဟာ အနောက်တိုင်းစတိုင် အိန္ဒိယစတိုင် အရှေ့တိုင်းစတိုင် မုန့်အမျိုးမျိုးကို ရနိုင်သည်။ "အိန္ဒိယမုန့်ချိုတစ်ဗူးသပ်သပ်ပေးပါ" ဝါဆိုဝယ်သည့် မုန့်တွေနဲ့ မရောစေဘဲ သပ်သပ်မှာလိုက်သည့် မုန့်ချိုဗူးကို မောင် အမြဲဝယ်နေကျ။ အိမ်က တစ်ယောက်သောသူ အကြိုက်လေ။ "မေ့အတွက်လား ကိုကို" "ဒါပေါ့ အဲ့လောက်ချိုတာတွေကို ကြိုက်တာ မေက လွဲလို့ဘယ်သူရှိသေးလဲ" "ဟုတ်ပါ့ ဒါပေမယ့် ကိုကိုလဲကြိုက်တယ်မဟုတ်လား ငယ်ငယ်တုန်းက မေနဲ့ လုစားနေကြ" အဲ့လိုပြောစမှတ်တွင်ရလောက်သည်အထိ မုန့်ချိုကို ကြိုက်သော အမျိုးသမီးရဲ့ပုံရိပ်ဟာ မောင့်မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ထင်ထင် ပေါ်လာသည်။ ဆယ်နှစ်သားသူနဲ့ လုစားနေကြမို့ မာမီယုဆို အမြဲ ဆူပူသည်။ အဲ့လို အဆူခံရတိုင်းလည်း မျက်နှာလေးမဲ့ နှုတ်ခမ်းလေးဆူကာစိတ်ကောက်နေကြမို့ ကလေးတန်မဲ့ အလျော့ပေးရသူက မောင်သာ။ အင်း ချစ်တော့လည်း အလျော့ပေးရတာပဲ မေရယ်။ "အမေလေး ကိုကိုရယ် နာလိုက်တာ လုပ်ပါဦး" မုန့်တိုက်က ပြန်အထွက် ပလက်ဖောင်းပေါ်က မြောင်းအဖုံးကို နင်းမိပြီး ရွှေမင်းသမီးတစ်ယောက် ခြေချော်လဲတော့သည်။ ဖိနပ်က ဒေါက်အချွန်လေးဟာ ထက်ပိုင်းကျိုးသွားတာမို့ ပြန်စီးဖို့မဖြစ်နိုင်။ ပိုဆိုးတာက ခြေထောက်တစ်ဖက်ဟာ အဆစ်လွဲပြီး ကောင်းကောင်းမရပ်နိုင်သည်အထိ။ "အဲ့လောက်မြင့်တဲ့ ဒေါက်ဖိနပ်ကြီးစီးမှတော့ ဖြစ်ပြီပေါ့ လာ ကိုကို့လက်မောင်းကိုတွဲ အိတ်တွေပေး" "အား မရဘူးထင်တယ် အဆစ်လွဲသွားတာ မတ်တပ်တောင် ရပ်မရဘူး ကိုကိုရဲ့" တကယ်လည်း ကောင်းကောင်းပင် မရပ်နိုင်သူဟာ လမ်းလျှောက်ဖို့မဖြစ်နိုင်။ မောင် အိတ်တွေကို လက်ပြောင်းယူလိုက်ကာ......."ဒီမှာ ခဏစောင့် ကိုကို ကားသွားယူလိုက်ဦးမယ်"ကားရောက်လာတော့လည်း မျက်နှာငယ်လေးနဲ့ စောင့်နေသူ ကို တွဲကာ ကားပေါ်တင်ရသည်။ လူစည်ကားရာ အရပ်မို့ အကြည့်တွေက စူးစူးစမ်းစမ်း။ မောင်ကတော့ ဂရုမစိုက်ပါ သူတို့မောင်နှမသည်လိုပဲ ပြုမူနေကျပင်။ "ဆေးခန်းသွားလိုက်ပါ ဝါဆိုရယ် တော်ကြာ ညကျ ပွဲမှာဧည့်မခံနိုင်ဖြစ်နေလိမ့်မယ်""သွားမှာပါကိုကိုရယ် ဖေဖေ့ကိုလိုက်ပို့ခိုင်းမို့ပါ အဟင့် နာလိုက်တာ" "မိန်းကလေးတွေများ လျှပ်တီးလျှပ်ပြာနဲ့ ဘာလုပ်ဖို့ ဒီဒေါက်ဖိနပ်ကြီးက စီးရတာလဲ အခုတော့ ခိုက်မိပြီ""ကိုကိုရာ မဆူပါနဲ့တော့ ပိုနာလာပြီ" ခြံထဲရောက်သည်အထိ အဆူမပျက်သော မောင့်ကို ဝါဆို တော်တော်စိတ်ပျက်နေလောက်ပြီ။ နောက်ဆို ဒေါက်ဖိနပ်ဆို ကြည့်ချင်စိတ်တောင် မရှိတော့လောက်ပေ။ ကားကို အိမ်ရှေ့အပေါက်ဝထိ သေချာရပ်ပြီး ကားထဲက ကောင်မလေးကို သေချာတွဲရသည်။ မောင့်အရပ်ကို မမှီတာမို့ ပခုံးကနေ တွဲကာလျှောက်ဖို့တော့လည်း ဝါဆိုက အဆင်မပြေ။ ခြေထောက်ကို ထောက်လိုက် မောင့်ပခုံးမမှီမကမ်းကို အားပြုလိုက်နဲ့ တစ်လှမ်းမှ မရွေ့သော ကောင်မလေးကို မောင်စိတ်မရှည်တော့။ "ဟာ ကိုကို ပြုတ်ကျလိမ့်မယ်" "ငြိမ်ငြိမ်နေဟေ့ ငါစိတ်မရှည်တော့ဘူး" ငယ်ငယ်တုန်းကလိုပဲ ခန္ဓာကိုယ်ပိန်ပိန်လေးကို ကောက်ပွေ့လိုက်တော့ မောင့်လည်ပင်းကို အလန့်တကြားဖက်ရင်း အိမ်ထဲထိ ပါလာရသူလေး ဝါဆို။ ဆိုဖာပေါ်မှာ ချပေးလိုက်တော့ ..........."ဟဲ့ ဝါဆို အဲ့တာက ဘာဖြစ်လာတာလဲ" မာမီယုရဲ့ အသံ။ မောင်နောက်ကို လှည့်ကြည့်လိုက်တော့ ဝါဆို့ဖေဖေမှာ အတူတွေ့ရသည်။ ဝါဆိုကတော့ အကျဉ်းချုပ်ရှင်းပြနေသည်။ မောင် နံရံပေါ်က နာရီဆီအကြည့်ရောက်သွားတော့ အားလုံးကို အမြန်နှုတ်ဆက်ကာ အိမ်ဘက် ကူးခဲ့ရသည်။ ဟိုပြောမရဆိုမရ မရွှေချောက မောင် မရှိဘူးဆိုရင် တစ်ယောက်တည်း တင်းနစ်ကွင်းကို သွားဦးမှာ။ တင်းနစ်ကွင်းကို သွားတာက ဘာမှမဖြစ် ဖြစ်တာက ပေါင်လယ်လောက် တိုသည့် အားကစားဘောင်းဘီအောက်က ပေါင်တံ စင်းသွယ်သွယ်လေးတွေပဲ ဖြစ်သည်။ မောင် အိမ်ပြန်ရောက်တော့ မှန်းထားသည့် အတိုင်းပင် ပြင်ဆင်နေကာကြွကြွရွရွလေး ထွက်လာသည့် အမျိုးသမီး။ "နေဦး နေဦး လာပြန်ပြီလား အဲ့ပုံစံ ဒေါ်ကသစ်မေ ကျွန်တော်ပြောတာကို နားမထောင်တာ မကြိုက်ဘူးနော်" တင်းနစ်အိတ်ကို ပခုံးပေါ်ချိတ်ထားလျှက်သားနဲ့ မောင့်ကို မျက်လုံးလှန်ကြည့်ပုံကိုက ဆွဲဆောင်မှုတွေ ပြည့်နေတာမျိုး။ မောင် အနားကို လျှောက်သွားကာ ပခုံးမှ ကိုင်ပြီး အိမ်ထဲကို အတင်းပြန်ဆွဲသွင်းရသည်။ "ဘောင်းဘီလေး ပြန်လဲလိုက်ပါ မေရယ် နော် နော် လိမ္မာတယ်" "အေး မလဲလို့ မရဘူးမလား မလဲရင် ကားသော့ဖွက်ထားဦးမှာမလား ရတယ် သွားလဲမယ် ဟင်း တန်ခူးမောင်တို့ လုပ်ထားဦးပေါ့ နော့" အံကြိတ်ကာ အိမ်ပေါ်တက်သွားလေသူကို မောင် ကျေနပ်ရပါသည်။ အစကတော့ ဘာရယ်မဟုတ် အခြေအတင်စကားများကြသေးပေမယ့် နောက်တော့ မောင့်မှာ ဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးရသည်။ ကားသော့ဖွက်ထားတာတို့ ၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ ဖျောက်ထားတာတို့ဆို မေ တစ်ယောက် သိပ်စိတ်ဆိုးတာလေ။ ဒီလိုပဲ ဖြေးဖြေးချင်းပေါ့ မေရယ် ကျွန်တော့်ရင်ခွင်ထဲ ရောက်တဲ့ အထိ မျှားခေါ်မယ် လွတ်လပ်စွာ အချစ်ခံရင်းစောင့်နေပါ..........................................................ကြည့်လက်စ ဇာတ်လမ်းတွဲပြီးသွားတော့ ညဆယ်နာရီထိုးပြီ။ တဖက်ခြံက သီချင်းသံတွေဟာ ရပ်မသွားသေးသလို အိမ်က ကိုယ်တော်ချောလေးလည်း ပြန်မလာသေး။ မေ ပျင်းပျင်းရှိတာနဲ့ ထမင်းစားခန်းဖက်ကို ဝင်ခဲ့သည်။ ညနေက မေ့အတွက် မုန့်ချိုဝယ်လာတယ်ဆိုပဲ ကောင်စုတ်လေးတစ်ယောက် လိမ္မာနေလိုက်တာ။ "မေ ဗိုက်ဆာလို့လား ကြီးမေတစ်ခုခု လုပ်ပေးမယ်လေ" "ရတယ် ဟိုဟာလေ ကြီးမေ မောင် ဝယ်လာတဲ့ မုန့်တွေရော" "အော်ရှိတယ် ဟိုဖက်က ရေခဲသေတ္တာထဲမှာ သပ်သပ်သိမ်းထားတာ မောင်က ဒီဘက်ကြီးမေတို့သုံးတဲ့ ရေခဲသေတ္တာထဲဆို သားငါးနံ့တွေနဲ့ ရောမှာစိုးလို့တဲ့ သူကိုယ်တိုင်သိမ်းပေးသွားတာ" ကြီးမေက ပြောပြောဆိုဆို မုန့်ထုပ်တွေ ထုတ်ပေးသည်။ သေချာကြည့်လိုက်တော့ အဆိုပါ ရေခဲသေတ္တာထဲမှာ မေကြိုက်တဲ့ မုန့်တွေ အများအပြားရှိသည်။ တချို့ဆို ရက်လွန်ခါနီးပြီ။ "မေ သိလား မောင်ကလေ မေကြိုက်တဲ့ မုန့်တွေဝယ်လာလာတတ်တယ် ကြီးမေတို့ဖြင့် သပ်သပ်မဝယ်ရတာကြာပြီ ကလေးက ကြီးလေ သိတတ်လေပဲ" မေ ကျေနပ်စွာပြုံးမိသည်။ ကောင်းကောင်းကြီးပြင်းလာတာပဲ။ "ကြီးမေ ဒီထဲက မုန့်တွေကို ကြီးမေတူမအတွက် ယူထားပြီး ကျန်တာ မနက်ဖြန် ဆိုင်ကကလေးတွေကျွေးရအောင် ထည့်ပေးလိုက်ပါ မုန့်တွေအများကြီးကို အခုမှပဲကြည့်မိတယ်" "အယ် ....ဖြစ်ပါ့မလား မောင်က ဒီမုန့်တွေအကုန် မေဖို့ပဲတဲ့ ဝါဆိုလေးလာရင်တောင် မကျွေးဘူးရယ်" ကိုပိုလွန်းနိုင်ကို မေတကယ်လက်မြှောက်ရတော့မည်။ ကြီးမေတို့ကလည်း မေ အတင်းပြောကာမှ မုန့်တွေကို လက်ခံသည်။ မုန့်ချိုဗူးကို ယူကာ ခြံထဲဆင်းပြီး ပြန်မလာသေးသည့် သူကို စောင့်ဖို့ ထွက်လာခဲ့သည်။ တမာပင်ကြီးအောက်က သစ်သားခုံလေးဟာ ထိုင်ဖို့ရာ သက်တောင့်သက်သာရှိသည်။ လျှာဖျားထိ စိမ့်ဝင်သွားသည့် အချိုအရသာကြောင့် မေ စိတ်ကြည်လာသလို ခံစားမိသည်။ ငယ်ငယ်တုန်းက အဆူခံရလို့ စိတ်ဆိုးစိတ်ကောက်ရင် ဒီလိုချိုတာလေး စားလိုက်ရမှ လူက နေလို့ကောင်းတတ်သည်။ သွားကိုက်သည့် ဝေဒနာကို မခံစားနိုင်သည့် အရွယ်ရောက်တော့ စိတ်ဖြေစရာဟာ စီးကရက်တွေဖြစ်ရပြန်၏။ အခုတော့ စိတ်ညစ်စရာတွေရှိခဲ့ရင်တောင် မေက ကောင်းကောင်း ဖြေရှင်းတတ်နေပြီလေ ...အဲ့လို ထင်တာပါပဲ။ "ဘာတွေ တွေးနေတာလဲ မေ" ရုတ်ခနဲ အနားရောက်လာသည့် အရှိန်တစ်ခုကြောင့် တွေးနေရာက အသိဝင်လာတော့ မေဘေးမှာ ထိုင်နေပြီးဖြစ်သည့် အိမ်က စနေသား။ ခပ်စူးစူး ဝိုင်ရနံ့ကို သေချာရလိုက်တာမို့ မျက်နှာကို သေချာ စိုက် ကြည့်ပေးလိုက်မိသည်။ "ကျွန်တော်ချောလို့လား မေ" အနက်ရောင် ရှပ်နှင့် ဖြူဖွေးသော အသားရေပိုင်ရှင်သည် လရောင်ယဲ့ယဲ့အောက်တွင် တကယ်ကို ချောမောပေမယ့် မေ သပ်သပ် နှုတ်ခမ်းမဲ့ပြလိုက်သည်။ ဒါကို ပါးချိုင့်တွေပေါ်အောင် ခပ်တိုးတိုးရယ်ပြလာသူက လက်တစ်ဖက်ကို ခုံနောက်မှီပေါ်တင်လိုက်တော့ မေ့ပခုံးစွန်းပေါ်ကို လာထိသည်။ ဘာရယ်မဟုတ် စားလက်စ မုန့်က တော်တော်လေး ကောင်းနေတာမို့ မေ ဘာမှပြန်မတုံ့ပြန်မိဘဲ မုန့်ကိုသာ အာရုံစိုက်စားနေလိုက်သည်။ "မေ ကျွန်တော် မေ့ကို ပေးစရာရှိတယ်" အခုတလော တအားတွေ လက်ဆောင်ပေးချင်နေရှာသည့် ကောင်စုတ်လေးကို မေ လှည့်ကြည့်လိုက်သည်။ လက်ဆောင်ပေးမယ်ဆိုပြီး လက်ထဲမှာလည်း ဘာမှ မတွေ့။"ဘာပေးမို့လဲ" "ဟား... မေလိုက်ရှာမနေနဲ့ အဲ့ဒီလက်ဆောင်က မေမျက်လုံးနဲ့ မမြင်နိုင်ဘူး" "ဟွန့် မူးနေရင်လည်း သွားအိပ်တော့ တန်ခူးမောင်ရေ" "မောင် မူးနေတယ်လို့ ဘယ်သူက ပြောလဲ သောက်တောင်မသောက် ....အာ ဟုတ်ပြီ တစ်ခွက်နှစ်ခွက်ပဲ သောက်ခဲ့တာပါ ဒါတောင် ဝါဆိုဖေဖေက အတင်းတိုက်လို့" လက်တကာကာနဲ့ ငြင်းနေသူကို ကြည့်ရင်း မေ သဘောတကျ ရယ်လိုက်မိသည်။ ငယ်ငယ်တုန်းက အတိုင်းပဲ သူနဲ့တည့်တဲ့ လူကြီးသူမတွေရဲ့ ပြောစကားဆို သိပ်နားထောင်တဲ့ ကလေး။ အခုလည်း ဝါဆို့ ဖေဖေနဲ့ ရင်းနှီးနေပြီ။ "မောင်" မေ ရုတ်တရက် တခုခုကို သတိရသွားပြီး ခေါ်လိုက်တော့ မေ့မျက်နှာကို တည်တည်ငြိမ်ငြိမ်ကြည့်လာသည်။ "မောင် မောင့်အဖေကို တွေ့ချင်လား" မလွတ်တမ်းကြည့်နေမိတဲ့ ကောင်စုတ်လေးရဲ့ မျက်နှာချောချောမှာ ပြောင်းလဲမှု ကြီးကြီးမားမားမတွေ့ရ။ အဲ့ဒီအစားမေ့ကို တချက်ပြုံးပြရင်း ...."အချိန်တန်လို့ တွေ့ကြပြီဆိုတော့လည်း တွေ့လိုက်တာပေါ့ မလွဲမရှောင်သာတော့ မောင် လိုက်မရှာချင်ပါဘူး .....သူကလည်း မောင့်ဖြစ်တည်မှု့ကို လိုချင်သူမှ မဟုတ်တာ" "မောင် သူ့ကို စိတ်မနာဘူးလား" မောင်က မေ့ဆီကနေ အကြည့်လွှဲပြီး ကောင်းကင်ထက်ကို မော့ကြည့်လိုက်သည်။ လမင်းကြီးက တကယ်ကို ထိန်လင်းနေတာမို့ ဘေးတိုက်မြင်နေရသည့် မောင့်မျက်နှာဟာ ရှင်းရှင်းလင်းလင်း။ "ကျွန်တော်စိတ်နာလည်း အတိတ်က ဖြစ်ရပ်တွေကို ပြောင်းနိုင်တာမှ မဟုတ်တာ အဲ့ဒီတော့ မောင် စိတ်နာတာတွေ မုန်းတာတွေ ဉပက္ခာပြုတာတွေကို စိတ်မဝင်စားတော့ဘူး ပြီးတော့ အခုချိန်မှာ မောင့်နှလုံးသားထဲ မေတ္တာတရားတွေကိုပဲ မွေးမြူချင်တော့တယ် မောင် လူတွေကို မေတ္တာပဲထားချင်တော့တယ် ........."".........""မောင် လူတစ်ယောက်ကိုပဲ ချစ်ချင်တော့တယ် သူကလွဲပြီး ဘယ်သူမှ မမြင်နိုင်တော့လောက်အောင်ဖြစ်နေပြီမို့ ကျန်တာတွေကို လျစ်လျူရှုလိုက်ပြီ" လမင်းကြီးကို ငေးကြည့်နေသူသည် မေ့ထံ ဆိုက်ဆိုက်မြိုက်မြိုက် အကြည့်တွေပြန်ပေးရင်း ထိုစကားကို ပြောလာသည်။ လရောင်ကြောင့်လားမသိ မောင့်မျက်ဝန်းအစုံမှာ တလက်လက်ကို တောက်ပနေသည်။ တဆက်တည်း ခံစားမိသည်က ဒီကလေး ...မေ့ကလေးလေးဟာ ထင်မထားမိလောက်သည်အထိ ရင့်ကျက်ခဲ့ပြီပဲ။ မေတောင် လက်မခံနိုင်သေးတဲ့ ခွင့်လွှတ်ခြင်းတရားကို မောင်သိနှင့်နေပြီ။ ဒါဟာ အချစ်ကြောင့်တဲ့။ ဘာကိုမှ ခေါင်းထဲ မထည့်နိုင်တော့လောက်အောင် စိုးမိုးထားတဲ့ တစ်ယောက်သောသူကြောင့် မောင်ဟာ နာကျင်စေသမျှကို လျစ်လျူရှုနိုင်ပြီဆိုတာ သိလိုက်ရချိန် မေ့မှာ .......မေ့နှုတ်ခမ်းပါးထက်ကို ကျရောက်လာတဲ့ အထိတွေ့ပါးပါးလေးတစ်ခု ကြယ်ရောင်တွေပျော်ဝင်နေတဲ့ မျက်ဝန်းအစုံဟာလည်း မေ့နဲ့ အရမ်းနီးကပ်လာခဲ့ပြီး....အဲ့ဒီအထိအတွေ့ကို ရခဲ့သည်။ ခပ်သင်းသင်း ဝိုင်နံ့ကို သတိပြုမိချိန်မှာ ....."အတွေးတွေလွန်မနေပါနဲ့တော့ မေရယ် လက်ရှိကိုပဲ အာရုံစိုက်ပါ" မေ့လက်ထဲက မုန့်ချိုဗူးလေးလွတ်ကျသွားရသည်။ ဘာကြောင့်ဆို အခုဘာကို ကြုံတွေ့ခဲ့တာလဲဆိုတာ မေ ကောင်းကောင်းကြီးသိသွားလို့ပဲ။ မယုံနိုင်ခြင်းများကြား စက္ကန့်မခြားဘဲ ရောက်လာတဲ့ နောက်ထပ် အနမ်းတစ်ခု နှင့် ပြတ်ထင်သော စကားတစ်ခွန်း။ "ဒါ မောင်ပေးတဲ့လက်ဆောင်ပါ မောင့်ရဲ့ ပထမဆုံးအနမ်း"တတိုင်းမွှေး(2/8/23)A/N- Crush က ဉာဏ်မမှီဖြစ်နေရင် အရင်ဆုံးဖက်နမ်းပစ်ပါ။ ပြီးမှ အဖြေတောင်းပါ။ ......................................................................
YOU ARE READING
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်