(21)Zawgi

33 1 0
                                    

အပိုင်း(၂၁)မိုးလင်းကမိုးချုပ် စိတ်နဲ့ကိုယ်မကပ်တာဟာ အသည်းကွဲလို့ဆိုရင် ရယ်စရာကြီးများဖြစ်နေမလားဘဲ။ ဒါပေမယ့် မောင့်မှာ ခံစားရသူမို့ ကိုယ်တိုင်သာသိသည်။ တစ်ပတ်ကနေ နှစ်ပတ်ထိဆိုတော့ မတွေ့ရတဲ့ အချိန်တွေဟာ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေမလားဆိုပြီး အတွေးတို့နယ်ချဲ့မိသည်။ အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးဟာ ဆက်သွယ်မှုဧရိယာပြင်ပတဲ့။ ဘယ်ကမ္ဘာအထိများရှောင်ချင်နေလဲ။ အတူတူရှိဖူးတဲ့ အချိန်တွေကလည်းဝေးမှ တသီကြီးခေါင်းထဲ ပြန်ရောက်လာတာဟာ ကိုယ့်ကိုကိုယ် နှိပ်စက်ဖို့ပဲတူပါရဲ့။ ဘာတတ်နိုင်မှာလဲ ချစ်ရခြင်းမှာ ကွေကွင်းဝေးနေတယ်ဆိုတာ လားလားမှမဆိုင်တဲ့ အရာလေ။ မသောက်ဖူးတဲ့ အရက်ဒဏ်ကြောင့်ရော ပေါ့ပေါ့တန်တန်နေခဲ့တဲ့အကျိုးကြောင့် မောင် နေမကောင်းဖြစ်နေတာ ကြာပြီ။ အရင်ကလို ဆေးတိုက်ဖို့ ချော့တခါ ခြောက်တလှည့်ပြောတတ်တဲ့ အမျိုးသမီးလေးမရှိတော့ ဒီအတိုင်းပစ်စလက်ခတ်သာ နေပစ်လိုက်မိသည်။ တဆစ်ဆစ်ထိုးကိုက်နေတဲ့ ခေါင်းကို ဖိကိုင်ပြီး အောက်ထပ်ထမင်းစားခန်းကို ရောက်အောင်သွားရသည်။ မရောက်ခင်ဖြတ်သွားရသည့် အခန်းငယ်ကို အပြန်ပြန်အလှန်လှန်ဖွင့်ကြည့်မိတော့ ပိုင်ရှင်မဲ့အရိပ်အငွေ့တို့က ရှိနေဆဲ။ ရေခဲသေတ္တာကို နာရီဝက်လောက်စိုက်ကြည့်ပြီးသည်အထိ ဘာကိုမှ မဆုံးဖြတ်ရသေး။ စားစရာတွေရှိနေပေမယ့် စားချင်စိတ်တွေက နတ္ထိ။ သတိရမိတာက မချက်တတ်ချက်တတ် ပြင်ပေးတဲ့ ခေါက်ဆွဲပြုတ်ပူပူနွေးနွေးလေးပဲ။ အသင့်စားခေါက်ဆွဲဗူးထဲကဟာကို ပြန်ပြင်ပေးတာကိုပဲ မောင် နှစ်နှစ်ခြိုက်ခြိုက်စားခဲ့မိသည်က နှစ်ပေါင်းများစွာ။ ဒီတိုင်းမနေသင့်ဘူးဆိုတဲ့ အသိစိတ်လေးကြောင့်ပဲ အစာစားပြီး ဆေးသောက်ရန် ခေါက်ဆွဲဗူးကို ဆွဲထုတ်လိုက်သည်။ ဘယ်အတိုင်းအတာထိ ထည့်ရမလဲ မသိတဲ့ ရေနွေးပမာဏကို ခေါင်းစားနေပေမယ့် လောလောဆယ်အရေးကြီးတာက ရေနွေးလေးပင်ရှိမနေတာဖြစ်သည်။ ရေနွေးတည်ပြီးတော့ ခေါက်ဆွဲဗူးထဲ ဒီအတိုင်းလောင်းထည့်လိုက်ပြီး အဖုံးလေးပြန်အုပ် ထမင်းစားပွဲပေါ် ခေါင်းမှောက်အိပ်ပြီး စောင့်နေလိုက်သည်။ ဘယ်နှမိနစ်စောင့်ရမလဲမသိပေမယ့် ချစ်သောအမျိုးသမီးအိမ်ပြန်လာမယ့် အချိန်ထိတော့ မကြာနိုင်လောက်ပါ။ အရင်ဆုံးပြန်လာရင် ဘာပြောသင့်သလဲဆိုတာ တွေးနေမိသည်။ တောင်းပန်သင့်လား။ ဟင့်အင်း ချစ်ရသူကို ချစ်တယ်လို့ ဝန်ခံခြင်းမှာ မောင်ဘာမှားသလဲလေ။ ဒီလိုဆိုပေမယ့် စိတ်အနှောင့်မယှက်လေးတော့ မဖြစ်စေချင်ပါ။ အနားမှာ မရှိချင်လောက်အောင် ရွံ့မုန်းသွားပြီလားလို့လည်း အတွေးတို့က ရပ်မရ။ ကိုယ်ကဖြင့် အတူရှိနေချင်လိုက်တာ။ သတိရစိတ်တို့ကြောင့် ထင်ယောင်မှားစွာ ချစ်ရသူ အငွေ့အသက်တို့ ရနေသလို။ "ခေါက်ဆွဲတွေ ရေမွန်းနေပြီဆယ်လိုက်ဦး"အသံကြားလို့ ခေါင်းထောင်ကြည့်လိုက်တော့ ပုံရိပ်ယောင်က မောင်နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်နေတာကို တွေ့ရသည်။ တကယ်အဖျားတက်နေတာပဲ မြင်မိမြင်ရာတွေကို မြင်လို့။ "အဟင်း" "ဘာရယ်တာလဲ အသောက်လွန်ပြီး ဦးနှောက်ပျက်သွားပြီလား"ဒီတခါတော့ တကယ့်ပီပီပြင်ပြင်ကို ကြားရသည်။ မောင် ခပ်ထွေထွေဖြစ်နေသည့် ခေါင်းကို ဘယ်တစ်ချက် ညာတစ်ချက်ရမ်းလိုက်ပြီး ပြန်ကြည့်လိုက်ချိန် ခေါင်းပေါ်ကို ရောက်လာသည့် နာကျင်မှု့။ "ဘာကြောင်ကြည့်နေတာလဲ ငါ့ကို မမှတ်မိတော့ဘူးလားမောင်" လက်ဆစ်မာမာက မောင့်ခေါင်းပေါ် ဒေါက်ခနဲ ဒေါက်ခနဲ ကျလာသည်။ တကယ်ပဲ ......တကယ်ပဲ ပြန်ရောက်လာခဲ့ပြီ။ "မေ တကယ် အစစ်လားဟင် ပြန်လာပြီလားဟင်" ဝမ်းသာကြည်နူးမှုတို့က ကိုယ်တိုင်တောင် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်ရသည်မို့ မျက်နှာချင်းဆိုင်က အမျိုးသမီးကို ရင်ခွင်ထဲ ထည့်ကာ ဆွဲဖက်မိသည်အထိ ရူးရသည်က မောင်သာ။ "လွှတ်ဦး ကောင်စုတ်လေး အရက်နံ့တွေ ဟောင်နေတာပဲ လွှတ်ဟ" "မေ ပြန်လာတာ ဝမ်းသာလိုက်တာ" မောင့် ကျောကုန်းကို လက်သီးဆုပ်လေးတွေနဲ့ ထုနေသူကို ဂရုမထားဘဲ ရင်ခွင်ထဲ ယုယုယယသာ ပွေ့ဖက်ထားလိုက်တော့လည်း ငြိမ်နေတာပဲ။ နည်းနည်းလေးတော့ မောင့်ကို မျက်နှာသာပေးပါကွာ။ "မောင် ဝမ်းသာလို့ပါ မေရယ် မောင့်ကို စိတ်ဆိုးသွားတယ်ဆိုရင်တောင် မေ ထွက်မသွားပါနဲ့ ဘယ်လောက် စိတ်ပူရတယ်ထင်လဲ နောက်တခါ မောင်ပဲ ထွက်သွားပါ့မယ်နော်" ဖွင့်ဟဝန်ခံပြီးနောက် တရားဝင် စိတ်ပူခွင့်ရှိပြီဟု ကိုယ်ပိုင် ခံယူထားသူဟာ ဖြစ်ချင်တာကို ဖော်ထုတ်တတ်လာသည်။ ရင်ခွင်ထဲက အမျိုးသမီးကတော့ မောင် နားမလည်နိုင်သော မျက်ဝန်းများဖြင့် စူးနစ်စွာကြည့်နေဆဲ။ "မောင် နေမကောင်းဘူးလား မှန်း ကိုယ်တွေပူနေတာပဲ ကျစ် ဒီကောင်စုတ်လေးတော့" အနားမှာ ထိုင်စေကာ နဖူးပြင်ပေါ် လက်အုပ်ပြီး ကိုယ်ပူတိုင်းပေးသည့်ပုံမှာ ဘာမှမဖြစ်ခဲ့သလို ဟိုးတုန်းကအတိုင်းပဲ။ "ဘာစားပြီးပြီလဲ" "မစားရသေးဘူး မောင် ခေါက်ဆွဲတော့ပြုတ်ထားတယ်" မျက်စောင်းတစ်ချက်ထိုးကာ စားပွဲပေါ်က ခေါက်ဆွဲဗူးကို လှပ်ကြည့်သည်။ "ခေါက်ဆွဲထဲ ရေဘယ်နှဂါလံထည့်ထားလဲ ဟင် သွား အခန်းထဲ သွားနေ မေ တစ်ခုခု ယူလာမယ် ဆေးသောက်ရအောင် အာ မဖြစ်သေးပါဘူး ဆရာဝန်လှမ်းခေါ်ရမလား" ပြောရင်းဆိုရင်း ဖုန်းထုတ်ကာ ဆရာဝန်ခေါ်ဖို့ လုပ်နေသူကို မောင် လှမ်းတားလိုက်သည်။ မောင်ဖျားတာ ဆရာဝန်မှ မလိုဘဲ။ "မခေါ်ပါနဲ့မေ ဒီတိုင်းပဲ မေပြန်လာရင်ရပါပြီ မောင်ဖျားတာ လွမ်းဖျား" ဒေါက်ခနဲ ပြုတ်ကျသွားသည့် ဖုန်းလေးက မေ့လက်ထဲကနေ စားပွဲပေါ်သို့။ "အဟမ်း သွား သွား အခန်းထဲသွားနေစမ်း ပေါက်ကရတွေ တော်တော့" "တကယ်ပြောတာ မောင်အခုပဲ အဖျားပျောက်တော့မှာ မေသာ ထွက်မသွားနဲ့နော်" မောင်ဆွဲယူလိုက်တဲ့ လက်ဖျားလေးတွေကို ပြန်ရုန်းရင်း အနားက ထွက်ဖို့ကြိုးစားနေသူသည် ငြိမ်သွားကာ မောင့်ကို စိုက်ကြည့်လာသည်။ တည်တံ့နေတဲ့ ကသစ်မေရဲ့ အစိတ်အပိုင်းမျိုးပေါ့။ "မောင် ............" တစ်ခွန်းခေါ်ပြီး ဘာမှမပြောဘဲ သက်ပြင်းသာရှိုက်လိုက်သူကို မောင် အလိုက်တသိ ပြန်နှစ်သိမ့်ရမယ်။ "မောင် တစ်ခုလောက်ပဲ တောင်းဆိုပါရစေ ......မောင့်ရဲ့ ချစ်ခြင်းမေတ္တာကို မေဘယ်လိုပဲ တုံ့ပြန်ပါစေ ရပါတယ် တစ်ခုပဲ မေ အဝေးကို ထွက်မသွားပါနဲ့ နော် မေနဲ့ ဝေးရင် မောင် အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး "........."ရပါတယ် မောင်မလောပါဘူး ဒါကြောင့် စိတ်မရှုပ်ပါနဲ့နော်" လေးနက်စွာတောင်းဆိုနေသူကို ဘာများတုံ့ပြန်နိုင်မှာလဲ။ တဖက်လူမှာ အဖြေတို့ မရှိတော့ ခေါင်းမာသူလေး စိတ်အားငယ်ရပြန်သည်။ ဘာပဲပြောပြော အခုကစလို့ မျက်စိအောက်က အပျောက်မခံတော့ဘူးဆိုတာကိုတော့ ထုတ်မပြောဖြစ်။ အခန်းထဲသွားလှဲနေဖို့ ပြောတာကို လက်မခံ ပေပေတေတေ ထိုင်ကာ လုပ်ကိုင်သမျှကို ကြည့်နေလေတော့ ကြိုးစားပန်းစားချက်နေတဲ့ ဆန်ပြုတ်တစ်ပွဲဟာ အချိန်ပိုကြာခဲ့တာကို မောင် ကောင်းကောင်းသိပါ၏။ ပူနွေးနွေးဆန်ပြုတ်တစ်ပွဲစားအပြီး ချစ်ရသူ ကိုယ်တိုင်ယူတိုက်တဲ့ ဆေးလုံးတွေဟာလည်း မခါး။ "အခန်းထဲ သွားအိပ်နေတော့ မသက်သာရင် ဆေးခန်းသွားရအောင်" "မေ" "အင်း ဘာရစ်ဦးမလို့လဲ" "မောင် အိပ်ပျော်သွားလို့ ပြန်နိုးလာရင်ရော မေ ရှိနေဦးမှာလား" ခဏတာဖြတ်ပြေးသွားတဲ့ ဝမ်းနည်းခြင်း အရိပ်အယောင်တွေကို တဖက်လူရဲ့ မျက်နှာပေါ်မှာ မောင် ရေးရေးလးဖမ်းမိလိုက်သဖြင့် ဝမ်းသာမိပါသည်။ စားပွဲစောင်းကို ကိုယ်တခြမ်းမှီထားပြီး မောင့်ကို စိုက်ကြည့်နေသူသည် လက်သွယ်သွယ်ဖြင့် မျက်နှာကို လာထိတွေ့သည်။ အဖျားသွေးကြောင့် နွေးနေဆဲ မျက်နှနုနုသည် မတွေ့ရတဲ့ ရက်ပိုင်းအတွင်း ပစ်စလက်ခတ်နေမှု့ကြောင့် ချောင်ကျသွားတာကိုတော့ သိသိသာသာ ခံစားမိရမှာ အမှန်။ "မောင် မေကတိပေးတယ် နောင်ဆို မောင်မြင်ရတဲ့အရပ်မှာပဲ မေနေမယ်" "ကျေးဇူးတင်ပါတယ် မောင့်အသက်ရယ်"တတိုင်းမွှေး(12/8/23)A/N- ဖတ်ရှုပေးသူ အားလုံးပဲ ကျေးဇူးတင်ပါတယ်။ အခုတလော မျက်စိကျန်းမာရေး ဂရုစိုက်နေရလို့ screen timeလျှော့နေရပါတယ်။ ဒါပေမယ့် update မကျဲစေဖို့ ကြိုးစားနေပါတယ်။ အားလုံး အားလုံး အတူရှိနေပေးလို့ ကျေးဇူးတင်ရပါတယ်။ ............................................................................................................

တိမ်ခိုးလေနှင်(Normal)Where stories live. Discover now