(၁၈)
ပထမဆုံးအသိဝင်လာချိန် မြင်လိုက်ရတာက မျက်နှာကြပ်မှာ ရှိနေသည့် ပန်ကာ။ ပြီးတော့ တဆစ်ဆစ် ကိုက်ခဲလာသည့် ခေါင်းက ဝေဒနာကြောင့် အမှောင်ထဲမှာပင် မောင် ထထိုင်လိုက်သည်။ အိပ်ရာဘေးက စားပွဲပေါ်မှာ မီးအိမ်ရှိတတ်တာမို့ လက်နဲ့စမ်းယူပြီးဖွင့်လိုက်သည်။ ခြေနှစ်ချောင်းကို ကုတင်ပေါ်ကချလိုက်တယ်ဆိုရင်ပဲ မျက်နှာချင်းဆိုင် အဝတ်ဗီရို မှန်ကနေ မြင်လိုက်ရသည့် ပုံရိပ်ကြောင့် မောင် ကိုယ့်ခေါင်းကိုယ် လက်ရောက်သွားရသည်။ တကယ်ကြီး ခေါင်းက ကွဲသွားတာပဲ။ ပတ်တီးလိပ်ကနေ စီးနေသည့် သွေးစအချို့ကိုတောင် မြင်ရသေးသည်။
ဝယ်လာပေးသည့် မုန့်ဗူးသည် သံဗူးဖြစ်နေခြင်းကြောင့် မောင် ကံဆိုးသွားရသလား ဒီအမျိုးသမီးနဲ့ ကြုံရလို့ပဲ မောင် ကံမကောင်းသည်လားမသိ။ လက်ဆပြင်းချက်ကတော့ ခေါင်းကွဲကာ သတိမေ့သွားရသည်အထိပင်။ နူးညံ့သည့် နှုတ်ခမ်းပါးပေါ်ကအထိအတွေ့လေးကို သတိရတော့ မပါမဖြစ် ဒီအမျိုးသမီးရဲ့ ဒေါသတွေကိုပါ မြင်ယောင်လာသည်။ စိတ်ကြိုက် ရိုက်နှက်ကာ ဝုန်းဒိုင်းကြဲသွားတဲ့ အမျိုးသမီးရဲ့ ဒေါသတွေကို မောင် ကြိုတင်တွေးထားပြီးသားမို့ နောင်တရခြင်းတို့မရှိနေပါ။
"မောင် သတိရပြီလား ဘဘ ခဏဝင်ခဲ့ဦးမယ်နော်"
တံခါးခေါက်သံအဆုံးမှာ ဒရိုင်ဘာဘဘကြီး အခန်းထဲရောက်လာသည်။ လက်ထဲမှာလည်း အရေးပေါ်ဆေးပုံးကြီးလည်းပါလာသည်။ မောင့်ဒါဏ်ရာကို သေချာကြည့်ပြီး
"မေက မှာသွားတယ် မသက်သာရင် ဆေးရုံသွားပို့လိုက်တဲ့ ဘယ်လိုများဖြစ်ရတာလဲ မင်းအစ်မအကြောင်းမသိတာမဟုတ်ဘဲနဲ့ ဘာစိတ်တိုစရာလုပ်ထားပြန်တာလဲ မှန်း ဘဘကြည့်ပေးဦးမယ်"
ငယ်ငယ်ကတည်းက ဒီအိမ်မှာ တဦးတည်းသော ယောကျာ်းလေးအဖော်ဖြစ်ခဲ့တာနဲ့အညီ မောင်နဲ့ ဒရိုင်ဘာဘဘကြီးမှာ သူငယ်ချင်းလိုလည်း ရင်းနှီးသည်။
"ဘဘ ပတ်တီးဘယ်သူစည်းပေးတာလဲ"
"ဟေ ဘဘပဲ စည်းပေးတာပေါ့ ဘာဖြစ်မှန်းမသိပါဘူး အိပ်မို့ရှိသေး မေ့အော်ခေါ်သံကြောင့် ခြံထဲဆင်းလာတော့ သွေးတွေနဲ့ လဲနေတဲ့ မင်းကို တွေ့တာပဲ ဟိုတစ်ယောက်ကလည်း တော်တော်စိတ်တိုနေတာနော် ဦးလေးတို့လက်ထဲ အပ်ပြီး တချက်မှမကြည့်ဘဲ ထွက်သွားတာကွ"
ESTÁS LEYENDO
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်