(9)Zawgi

44 2 0
                                    

ညစာ ထမင်းစားဝိုင်းသည် ဇွန်းသံ ပန်းကန်သံများဖြင့် ပုံမှန်လို အသက်ဝင်နေသည်။ အစားစားနေရင်း စကားပြောတာ မကြိုက်သော မိသားစုဝင်တွေသည် ထုံးစံအတိုင်း တည်ငြိမ်မှုကို အဖ်ာပြုလို့ လှုပ်ရှားနေကြသည်။ "မမမေ ဧည့်သည်ရောက်နေတယ်" ကောင်မလေးတစ်ယောက်လာပြောသော ဧည့်သည်ကို မေကြိုတင်ချိန်းဆိုမထားသည်မှာ သေချာလွန်း၍ ဘယ်သူဘယ်ဝါ အတည်ပြုရန် ပြန်မေးလိုက်သည်။ "ကလေးတွေရဲ့ အတန်းပိုင်လို့ပြောပါတယ် မောင့်ကိစ္စကို မေနဲ့ပြောချင်လို့ပါတဲ့" အားလုံးရဲ့ အကြည့်တွေက မောင့်ဆီသို့သာ။ အမြဲပဲ တည်ငြိမ်သူဟာ အခုလည်း ဘာမှ မဖြစ်သလို စားလက်စညစာကိုသာ အပြီးသတ်နေလေသည်။ အသင့်ချပေးထားသည့် တစ်သျှူးတစ်ရွက်နှင့် နှုတ်ခမ်းတွေကို အသာတို့ထိ သုတ်လိုက်ပြီးနောက် ပေါင်ပေါ်မှာခင်းထားသည့် ပုဝါကိုပါ သိမ်းလိုက်သည်။ ပြီးတော့မှ မေ့ထံသို့ တည့်တည့်ကြည့်ကာ....."မောင် ကိစ္စတစ်ခု လုပ်ခဲ့မိတယ် နောက်မှ မေ့ကို ပြောပြမလို့ဆိုပေမယ့် ဆရာမက ကြိုရောက်လာတာမို့ မောင်မပြောဖြစ်လိုက်ဘူး ဘာပဲပြောပြော မေ့ကို တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး" တင်းမာသွားတဲ့ မျက်ဝန်းတွေဟာ ဒေါသ အရိပ်အယောက်များဖြင့် ပြည့်နှက်သွားတာကို အားလုံးမြင်လိုက်ရပေမယ့် မောင်တစ်ယောက်ကတော့ ကြိုတင်တွက်ဆပြီးသလို အေးတေးတည်ငြိမ်နေသည်။ စားပွဲမှ ထသွားသော မေသည် ဘာမှ မပြောခဲ့ခြင်းသည်ကပင် အကျိုးဆက်မှာ စိုးရိမ်ဖွယ်ဖြစ်နေပြီမဟုတ်ပေလား။ စာကြည့်ခန်းရဲ့ တံခါးဟာ ခါတိုင်းလို ပိတ်မထားတာကြောင့် အတန်းပိုင်ဆရာမဖြစ်သူနဲ့ မေရဲ့ စကားဝိုင်းဟာ အပြင်ကလူတွေကိုပါ ကြားစေချင်ပုံရသည်။ အကုန်လုံး စာကြည့်ခန်းရဲ့ နံရံတဖက်နောက်ကွယ်ကနေ စကားဝိုင်းကို ချောင်းနားထောင်ဖို့ ပြင်နေစဉ် မောင်ကတော့ မလှမ်းမကမ်းမှာ လက်ပိုက်လျှက် တည်ငြိမ်နေ၏။ ခပ်ကြိတ်ကြိတ်အသံတွေကြား ဆရာမဆိုသူရဲ့ စူးရှရှ ဒေါသသံကသာ အခန်းပြင်ဘက် လျှံကျလာသည်။"အတန်းတွင်းစာမေးပွဲမှာ အဖြေတွေမှန်နေပါရဲ့သားနဲ့ အဖြေလွှာကို မှင်နီနဲ့ ပြန်ခြစ်တဲ့ ကျောင်းသားကို ဘယ်ဆရာမဆို သည်းခံနိုင်မှာ မဟုတ်ဘူး မေရဲ့ သင်ပေးတဲ့ ဆရာကို မလေးစားတာပဲ မဟုတ်လား"........ "တို့မေးတော့ ဘာပြန်ဖြေသလဲသိလား မေခွန်းကြိုရထားတဲ့ သူတွေနဲ့ ယှဉ်ပြီး အမှတ်ယူရမှာ မနှစ်မြို့လို့တဲ့ သိပ်လက်ပေါက်ကပ်တဲ့ ကလေး ဒီလိုလပတ်စာမေးပွဲမှာ ကိုယ့်ကျူရှင်က ကလေးကို မေးခွန်းကြိုပေးတဲ့ ဆရာတွေဆိုတာ ရှိတာပဲလေ ထုံးစံပဲ တန်ခူးမောင်ရဲ့ လုပ်ရပ်က သိပ်ကို စော်ကားလွန်းတယ် ဘာပဲပြောပြော သူက တပည့်လေ ဆရာတွေ ဘာလုပ်လုပ် မလွန်ဆန်ရဘူးမလား မေရဲ့" ပြဿနာရင်းမြစ်ကို သိသွားတဲ့ ယုတို့သားအမိဟာ လက်ပိုက်လျှက် အေးအေးဆေးဆေးရပ်နေသူကို မျက်လုံးအပြူးသားဖြင့်သာ လှမ်းကြည့်နိုင်တော့သည်။ မမြင်ရတာ ကြာပြီဖြစ်သော ပါးချိုင့်တွေပေါ်အောင် ပြန်ပြုံးပြလေတော့ ယုခမျာသားတော်မောင်ကို လက်သီးဆုပ်ပြရုံသာ တတ်နိုင်သည်။ "အဲ့တာကြောင့် ပြောတာပေါ့ မေရယ် ကလေးကို သိပ်မမြှောက်စားနဲ့လို့ မေက မျက်နှာသာပေးတော့ ရောင့်တက်တယ် တို့ပြောပါရဲ့ ဒူးနေရာဒူး တော်နေရာတော်ထားပါလို့ ခြေနှစ်ချောင်း ကယ်တိုင်းကောင်းတာ မဟုတ်ဘူး ကြာရင် မေပဲ မျက်နှာပျက်ရလိမ့်မယ်"ခပ်ဝံဝံ ထွက်လာသော စကားသံအဆုံးမှာ မေတော့ ဘယ်လိုနေသည်မသိ အပြင်က နားထောင်နေသူ ယုမှာ အံကြိတ်လိုက်မိသည်။ သတိထားမိသောအခါ သူတို့နားမှာ မောင်ပါ ရောက်နေပြီဖြစ်သလို အခန်းထဲမှ ပျံ့လွင့်လာသော စီးကရက်ရနံ့လည်း ရလိုက်သည်။ မသိမသာ ချောင်းကြည့်လိုက်သောအခါ အတန်းပိုင်ဆရာမဆိုသူသည် မရပ်မနားစကားတွေကို ပြောနေသလို ဆိုဖာခုံမှာ ခြေချိတ်ထိုင်နေသူ အမျိုးသမီးကလည်း စီးကရက် အဖွာမပျက်။ "ဟိုတခါကလည်း ကျောင်းပြေးသေးတယ်မဟုတ်လား မေကသာ နောင်မဖြစ်စေရပါဘူး အာမခံတာ တို့တော့ မထင်ပါဘူး ဒီလိုဇာစ်မြစ်မသိတဲ့ ကလေးက ခွေးမြီးကောက်ကျဉ်တောက်စွပ်သလိုပဲနေမှာ မေ စေတနာသိပ်မထားနဲ့ မတန်ဘူး"ယု အခန်းထဲ ဝင်ရန် ခြေလှန်းပြင်လိုက်စဉ်မှာပဲ လက်မောင်းကို ဆွဲကာ တားလေသူဟာ မောင် ဖြစ်နေသည်။ အသာအယာ ခေါင်းခါပြပြီး"မသွားပါနဲ့ မာမီယုရဲ့ မေတစ်ယောက်လုံးရှိနေတယ်လေ" ဒီကလေးဟာ တခါတရံ ဘယ်လို အတွေးတွေရှိနေမလဲလို့ သူတို့လိုက်မမှီ။ အရှေ့တည့်တည့်မှာ ကိုယ့်အကြောင်းမကောင်းပြောနေသူအား သူတော်စင်လို တကယ်ပဲ ခွင့်လွှတ်နိုင်လို့လား။ စောင့်ကြည့်ရုံသာ။ ကောင်ငယ်လေးဟာ ကာရံထားသည့် သစ်သားကနုတ်ကွက်တွေကြားမှ တဆင့် စာကြည့်ခန်းထဲက စကားဝိုင်းကို ပြန်လည် အာရုံပို့ထားသည်။ သုံးပုံတစ်ပုံခန့်သာကျန်သော ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေလိုက်ပြီး မေဟာ အတန်းပိုင်ဆရာမနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ခန္ဓာကိုယ်ကို ပြင်ထိုင်လိုက်သည်။ သူတို့နှစ်ယောက်က အလယ်တန်းတုန်းက သူငယ်ချင်းတွေဆိုတာ ယုတစ်ယောက်ပဲသိသည်။ "အဲ့တော့ ဆရာမက ဘာကို ပြောချင်လို့ရောက်လာတာလဲ တန်ခူးမောင် အဖြေလွှာမှာ မှင်နီခြစ်တာကိုလား ဒါမှမဟုတ် မေ့ရဲ့ မွေးစားသားက မိဘမဲ့မို့ သာမာန်လူလို မဖြစ်နိုင်ဘူးလို့ အသိပေးလာတာလား" အသံဟာ တည်ငြိမ်နေသည်။ ကောက်ရိုးပုံပေါ်က မီးပွားတစ်စကို ထိတွေ့တော့မည့် လေပြေလိုပင် ကြောက်မက်ဖွယ် တည်ငြိမ်နေ၏။ ပျက်ယွင်းသွားသော ဆရာမရဲ့ မျက်နှာထားကို ယုတို့ မမြင်လိုက်ရပေမယ့် အတင်း မာ ထားရသော လေသံကိုတော့ ထပ်မံကြားလိုက်ရသည်။ "အဟင်း တို့က မေ့ကို သူငယ်ချင်းမို့ စေတနာနဲ့ အသိလာပေးတာပါ မင်းမြှောက်စားလွန်းနေတဲ့ ကလေးက ဘယ်လို ညာဉ်ဆိုးတွေရှိနေသလဲဆိုတာ လာပြောပြရုံပါ" "ဒီလိုဆို ပြန်လို့ရပါပြီနော် မေ့ကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ရှင်သန်ခြင်းစရိုက်တွေမှာ အပြင်လူတွေရဲ့ ပယောဂပါတာကို မေ ခွင့်မပြုနိုင်ဘူး ဆိုတော့ မင်းနဲ့ တို့ကြားမှာ အတန်းပိုင်ဆရာမနဲ့ ကျောင်းသားမိဘဆိုတဲ့ ဆက်ဆံရေးပဲရှိတယ် ကျောင်းမှာ မောင်လုပ်တဲ ကိစ္စကို မင်းမကျေနပ်ရင် လုပ်ထုံးလုပ်နည်းနဲ့ အရေးယူ အပြစ်ပေးပါ နောက်တစ်ခါ ကိုယ့် အိမ်ကို ဘယ်တော့မှ သူငယ်ချင်းအဖြစ်နဲ့ ခြေဦးမလှည့်ပါနဲ့""ကိုယ်တို့ မိသားစု အရေးကိစ္စကို ဘယ်တော့မှ မဝေဖန်ပါနဲ့ ကိုယ့်ကလေးတွေကို ကိုယ့်စိတ်ကြိုက် ပျိုးထောင်ထားတာမို့ မင်းတို့ သုံးသပ်ချက်တွေ မလိုချင်ဘူး ကဲ ပြန်ပါတော့" တောက်ခေါက်သံ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီးနောက် ဆရာမဆိုသူရဲ့ ဒေါက်ဖိနက်သံဟာ အပြင်ဆီသို့ ဦးတည်လာသည်။ အပေါက်ဝရောက်တော့ ယုတို့ မြင်လိုက်ရသည်က ဒေါသကြောင့် နီမြန်းနေသည့် အတန်းပိုင်ဆရာမရဲ့ မျက်နှာထားမာမာသာဖြစ်သည်။ သူတို့ကို မျက်စောင်းထိုးပြီး ထွက်သွားသည့် ဆရာမမှာ ဘေးက ထွက်လာသည့် မထင်မှတ်ထားသော အသံကြောင့် ခြေလှမ်းတွေ ရပ်သွားသည်။ "ဆရာမကို ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်" ယုကိုယ်တိုင်တောင် နားမလည်တဲ့ ဒီစကားဟာ ကောင်ငယ်လေး ဘာကို ရည်ညွှန်းပါသလဲ။ ဆရာမဆိုသူကတော့ "စိတ်မမှန်တဲ့ လူတွေ" လို့ ရေရွတ်ပြီး ခြေဆောင့်ထွက်သွားလေသည်။ ထူးဆန်းစွာပဲ အဲ့ဒီနေ့က မောင် အပြစ်ပေးမခံရပါ။ ဘာလို့လုပ်ခဲ့လဲလို့လည်း အမေးမခံရသလို နောင်မလုပ်နဲ့လို့လည်း တားဆီးခံရခြင်းမရှိ။ ဖြစ်ရပ်တွေအဆုံး တစ်နေ့လုံး တညလုံး စာကြည့်ခန်းထဲက အမျိုးသမီးဟာ စီးကရက်တွေကို အဖော်ပြုရင်း တရားခံငယ်လေးကို လျစ်လျူရှုထားသည်ကိုသာ ထူးထူးဆန်းဆန်းကြုံခဲ့ရသည်။..................................................... အတန်းပိုင်ဆရာမ အိမ်လိုက်လာတဲ့ နေ့ကစပြီး မေက သူ့ကို မျက်နှာထားတည်တည်နေတာကြောင့် မောင့်စိတ်ထဲ အလွန်ကို စနိုးစနောင့်ခံစားနေရသည်။ တကယ်ဆို သူအပြစ်လုပ်တိုင်း တန်ရာတန်ကြေးပြန်ပြီး ပြစ်ဒဏ်ခံနေကျကို အခုတော့ မေက သူကျူးလွန်ခဲ့သမျှအား ဘာမှမဆုံးဖြတ်လေတော့ အတော်စဉ်းစားရခက်သည်။ မနက်ခင်းတိုင်း မိသားစုတွေအကုန်စုံသည့် လက်ဖက်ရည်ဝိုင်းမှာလည်း သူတို့စကားကောင်းကောင်းမပြောဖြစ်။ ကိုယ်ပိုင်စာကြည့်ရက်ပေးထားသည်မို့ အိမ်မှာစာတွေအချိန်ပြည့်လုပ်နေရတာလည်းဖြစ်၍ မေနဲ့ သူ မျက်နှာချင်းဆိုင် စကားကောင်းကောင်းမပြောရတာလည်းကြာပြီ။ နွေဦးအစမို့ ခြံထဲက တမာတွေအဖူးထိုးစပြုနေပြီ။ မောင့်အခန်းကနေဆို ပြူတင်းတံခါးဖွင့်လိုက်တာနဲ့ တမာပင်ကြီးက တည့်တည့်။ အပြန်ပြန်အလှန်လှန်နွေးနေသည့် စာတွေဆိုတာ မုန်းချင်စရာမို့ ခဏတဖြုတ်အနားယူရန် ပြူတင်းတံခါးကို ဖွင့်လိုက်သည်။ မလှန်းမကမ်းက ခြံထဲမှာ လမ်းလျှောက်နေသည့် မေ့ကို တွေ့လိုက်ရတာကြောင့် မောင် အပြေးလေးသွားလိုက်မိသည်။ ဒီတခါတော့ မေနဲ့ ပြောမှကိုဖြစ်မည်။ "မေ" အဝါနုရောင် ဂါဝန်လေးဝတ်ထားသည့် မေသည် မောင့်အမြင်မှာ တမျိုးဖြစ်နေတာတော့အမှန်။ အရောင်ပျယ်ချင်ချင်ဖြစ်နေသည့် နှုတ်ခမ်းဆိုးဆေးတင်ထားသော နှုတ်ဖျားမှာ စီးကရက်တလိပ် အငွေ့တလူလူထွက်နေသည်။ မောင့်ကို မြင်တော့ မြေပြင်ပေါ်ပစ်ချကာ ဒေါက်ဖိနပ်ဦးချွန်လေးဖြင့် နင်းချေလိုက်သည်။ "မအိပ်သေးဘူးလားမောင်" "မောင် ပြောစရာရှိလို့" နှစ်ယောက်သား စက္ကူပန်းခြုံအောက်က ခုံတန်းမှာ ထိုင်ဖြစ်ကြသည်။ ခြေချိတ်ထိုင်နေသည့် မေသည် လက်ပိုက်လျှက် မောင်ရှိရာဖက်သို့ ကိုယ်တစ်ခြမ်းစောင်းကာ မောင်ပြောလာမယ့် စကားတွေကို စောင့်ဆိုင်းနေဟန်။ တကယ်တော့ မျက်စိရှေ့က ကောင်ငယ်လေးဟာ ဘယ်ကနေဘယ်လိုစရမှန်းမသိသည့် စကားဝိုင်းမှာ မိမိကို တောင်းပန်ချင်ဟန် အပြည့်ရှိတာကို ရိပ်မိပါသည်။ "ဟို ဟို မောင် တောင်းပန်ပါတယ်" "ဘာအတွက်လဲ"လောလောလတ်လတ်ကိစ္စကို သတိမရသလို မေးလိုက်တော့ ငိုချင်နေသူကို လက်တို့သလိုများဖြစ်သွားသလား....မျက်နှာလေးကို ငယ်သွားရောပဲ။ "ဟို ဟိုနေ့က အတန်းပိုင်ဆရာမလာတိုင်တဲ့ ကိစ္စ မောင် အဖြေလွှာမှာ မင်နီခြစ်ခဲ့တဲ့ကိစ္စလေ မောင် စိတ်လိုက်မာန်ပါလုပ်မိတာပါ" "အဲ့တော့ လုပ်ခဲ့တဲ့ ကိစ္စအတွက် နောင်တရနေသလားမောင် ဒါ့ကြောင့် မေ့ကို လာတောင်းပန်တာလား" "တကယ်တော့ မောင် နောင်တရပေမယ့် အဲ့လိုမျိုးတော့ နောင်တရတာမဟုတ်ဘူး" "ရှင်းရှင်းပြောလေ ဆရာသမားရယ်" "ရှင်းရှင်းပြောရရင် မောင် လုပ်ခဲ့မိတာအတွက် နောင်တရတာ မဟုတ်ဘူး အဲ့လိုလုပ်ရတဲ့ အကြောင်းပြချက်ကလည်း ခိုင်မာတယ် မောင့်ကိုယ်တာအတွက်ဆိုရင် လုံးဝနောင်တမရတဲ့ ကိစ္စပေမယ့် မေ့အတွက်ကျတော့ ....အင်း မောင်က မေ့ကို မျက်နှာပျက်အောင်လုပ်ခဲ့မိလို့ နောင်တရပါတယ်" ရှင်းပြနေသူဟာ အကြည့်စူးစူးတွေကြောင့် မျက်နှာလွဲသွားတာမို့ မေ ပြုံးမိသေးသည်။ တဆက်တည်းတွေးမိတာက ဒီကလေးဟာ သူ့လောင်းရိပ်အောက်မှာ ဘယ်လောက်တောင် ထိန်းချုပ်ထားရလေမလဲ။ လွတ်လပ်စွာပျံသန်းဖို့ အားမပြည့်သေးတဲ့ အရွယ်မို့ မေကိုယ်တိုင်လည်း အပြည့်အဝ လွှတ်မပေးချင်သေးပါ။ "မာမီယုက ပြောတယ် အတန်းပိုင်ဆရာမက မေ့ကျောင်းနေဘက်သူငယ်ချင်းဆို ...ပြီးတော့ ဆရာမက မေ့ကို အရာရာတိုင်းမှာ လိုက်ပြိုင်နေတာမဟုတ်လား မောင့်ကြောင့် မောင့်ကြောင့် မောင် မဆင်မခြင်လုပ်လိုက်တဲ့ ကိစ္စကြောင့် မေ မျက်နှာပျက်ရပြီ မောင် တောင်းပန်ပါတယ် မေ မောင့်ကို အပြစ်ပေးပါ ဒီအတိုင်းကြီး စိတ်ခုမနေပါနဲ့ မောင် မနေတတ်လို့ပါ" "အပြစ်ပေးရမယ်ဟုတ်လား" "ဟုတ်ပါတယ် မေ အဲ့ဒီကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်မလား မောင့်ကြောင့် မေသိက္ခာကျရတယ်မလား မောင် နောင်ကို မစဉ်းစားမဆင်ခြင်ဘဲ မလုပ်တော့ပါဘူး မောင့်ကို ခွင့်လွှတ်ပါ" "အတွေးတွေများမနေပါနဲ့ ကလေးရယ် မေ့ကို ကြည့်စမ်း" လက်သွယ်သွယ်တစုံဟာ ပါးချိုင့်တွေ ပျောက်နေတဲ့ ပါးပြင်နှစ်ဖက်ပေါ်ကို အုပ်မိုးပြီး မေနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲယူလိုက်သည်။ ကြယ်တာရာတွေပျော်ဝင်နေတဲ့ မျက်ဝန်းအစုံဟာ မှုန်မှိုင်းလို့ ကြည့်လာပြန်တော့ ကိုယ်တိုင် စိတ်မကောင်းဖြစ်ရသည်။ "အဲ့ဒီကိစ္စနဲ့ ပတ်သတ်လို့ မင်းအမှားတစုံတရာ မပါဘူးလို့ မေ သဘောပေါက်ပြီးသားပါ" "..................""မောင် မှတ်ထားစမ်း ဒီလောကကြီးမှာ ရှင်သန်ဖို့ ဘယ်သူ့မျက်နှာရိပ်မျက်နှာကဲမှ ကြည့်စရာမလိုတဲ့ ရှင်သန်မှုမျိုးကို မေက ဖန်တီးပေးထားတာမို့ ကိုယ်မှန်တယ်ထင်ရာကိုလုပ်တဲ့မောင်က ဘယ်သူ့ကိုမှ အားနာစရာ တောင်းပန်းတိုးလျိုးစရာမလိုဘူး အဲ့ဒီအထဲမှာ မေရော အပါအဝင်ပဲ" "ဒါပေမယ့် ...""ရှူး ကလေး နားထောင်"....."မင်းမှန်တယ် မင်းမှန်တယ်လေ ကလေးရဲ့ မင်းက မှန်ရာကို လုပ်ခဲ့တာ မင်းဦးနှောက်က လမ်းညွှန်တဲ့ အတိုင်းလုပ်ခဲ့တာပဲလေ အဲ့တာနဲ့တင် မေ့ကို သူများတွေလက်ညှိုးထိုးစေဦး ကျေပါပြီကွယ် မင်းတို့က အဲ့လောက်ထိ မေ့အတွက် အဖိုးတန်တာမို့ သူများတွေပြောတဲ့ စကားတစ်ခွန်းစီအတွက် လိုက်ခံစားနေဖို့မလိုဘူး နော်" မေ့အဖိုးတန်လေးဟာ အဆုံးသတ်စကားကို ကြားရပါမှ ပိုတိုးလို့ ဝမ်းနည်းသွားလေသလားမသိ မျက်ဝန်းနက်တွေမှာ အရည်ကြည်တွေ ဝေ့သီလာ၏။ ပခုံးနှစ်ဖက်ပေါ်ရောက်သွားတဲ့ မေ့ လက်တွေဟာ ဒီတခါတော့ ပါးပြင်ဆီက မျက်ရည်တွေ သုတ်မပေးတန်ကောင်းပါဘူး။ ဒီကလေး ကြံ့ခိုင်နေမှ ဖြစ်မယ်လေ။ "မေ မောင် ကတိပေးတယ် နောင်ကို မေဝမ်းနည်းစေမယ့်အရာတွေကို မလုပ်တော့ပါဘူးလို့ နော် မောင် ကတိပေးပါတယ်" ဝမ်းနည်းစေတယ်တဲ့လား..........အဲ့ဒီခံစားချက်ကို ဘယ်သူ့ရှေ့မှာမှ ထုတ်မပြခဲ့တာလေ။ အခုထိတောင် ထုတ်မပြောခဲ့တဲ့ မေ့ ခံစားချက်ကို ဒီကလေးက သိတယ်တဲ့လား။ ဟုတ်ပါရဲ့ ...ဒီရက်ပိုင်း မေ ဝမ်းနည်းနေခဲ့တာ။ စကားတွေ တိတ်ဆိတ်သွားလောက်အောင် ပြိုင်ဘက်ဆီက နှိမ့်ချခံခဲ့ရပြီးနောက် မေ ခံစားခဲ့ရတာ ဝမ်းနည်းမှုပဲ။ ရင့်ကျက်လာတဲ့ ဒီကလေးဟာ မေ စိတ်ဆိုးနေတာ မဟုတ်ဘဲ ဖြစ်ခဲ့သမျှမှာ ဝမ်းနည်းနေတယ်ဆိုတာ သိလာတဲ့ အထိ ရင့်ကျက်ခဲ့ပြီ။ ဒီလိုဆို မေ သူတို့ကို ကောင်းကောင်း ပျိုးထောင်နိုင်ခဲ့တာပဲ မဟုတ်လား။ သူတပါးအတွက် နားလည်ခံစားတတ်မှုတွေလည်းရှိတယ်၊ အမှန်တရားအတွက် ရဲဝင့်စွာ တုံ့ပြန်တတ်တဲ့ စိတ်လည်းရှိတယ်၊ ပြုခဲ့သမျှ အပြစ်အတွက် တာဝန်ယူရဲတဲ့ သတ္တိလည်းရှိတယ် ဒီလိုဆို မေ့ကလေးတွေ ရင့်ကျက်လာခဲ့ပြီ။ ကောင်းကောင်းရှင်သန်လာခဲ့ပြီ။ မေကရော ဘာကြောင့် သူစိမ်းတွေရဲ့ စကားကို ကြောက်ရွံ့တွေဝေနေရဦးမှာလဲ။ ဒီကလေးတွေနဲ့ ပတ်သတ်ရင် မေက ဘာကြောင့်နဲ့မှ မျက်နှာပျက်စရာဖြစ်လာနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာလွန်းနေပြီလေ။ အို ...ဖြစ်လာတော့ရော ဘာအရေးလဲလေ မေ့ရဲ့ ရည်ရွယ်ချက်တွေဟာ အတ္တကင်းတာ ဘုရားသခင်သိပါရဲ့။ တတိုင်းမွှေး(10/4/23)A/N- စာရေးတဲ့သူတစ်ယောက်အနေနဲ့ အကြံပေးတာ မဟုတ်ဘဲ တောင်းဆိုချင်တာပါ။ ကိုယ့် စာတွေဖတ်တဲ့ အခါ စကားစု တစ်ခုတိုင်း၊ ဇာတ်ဆောင် ပြောစကားအခွန်းတိုင်းကို ကျော်မသွားဘဲ လုံးစေ့ပတ်စေ့ဖတ်စေချင်ပါတယ်။ ဒါမှ နောင်ကျရင် ဇာတ်ဆောင်တွေက ဘာကြောင့် ဘယ်လိုလုပ်ရပ်ကို လုပ်တယ်ဆိုတာ နားလည်ပေးနိုင်မယ်ထင်ပါတယ်။ စပွိုင်းလာဖြစ်မလားမသိပေမယ့် ဇာတ်ဆောင်တစ်ယောက်က လာမယ့် turning point မှာ အကြီးအကျယ်ပြောင်းလဲသွားနိုင်တာမို့ လုံးစေ့ပတ်စေ့ဖတ်ပြီး dialogueတွေကို ကျော်မသွားမှ ဒါကြောင့် ဒီလိုဆိုပြီး နားလည်နိုင်မယ်ထင်ပါတယ်။ ကိုယ်က စာရေးသူအနေနဲ့ ဇွတ်ပြောင်းလဲလိုက်တာ မဟုတ်ဘဲ သူတို့ကိုယ်က ဒီလိုကြောင့်ဒီလိုဖြစ်တာပါဆိုပြီး သိအောင်လို့ပါ။ ဒီလိုရှင်းပြရတာလည်း ကိုယ့်အရေးအသားလိုအပ်ချက်ကြောင့်ပါပဲ။ ပိုပြီးကြိုးစားပါ့မယ်လို့ကတိပေးပါတယ်။ ဖတ်ပေးလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ......................................................................

တိမ်ခိုးလေနှင်(Normal)Onde histórias criam vida. Descubra agora