အပိုင်း(၁၁)
လက်ထပ်ခြင်း၊ အိမ်ထောင်ပြုခြင်းဆိုတာကို မသက်ဆိုင်တဲ့အရာလို ကျင့်သုံးခဲ့တဲ့ သူဟာ ဟိုတချိန်တုန်းက သိပ်ကို လက်တွဲချင်တဲ့ချစ်သူတစ်ဦးရှိခဲ့တယ်ဆိုတာ ဘယ်သူမှမသိ။ နှလုံးသားတွေနုပျိုတုန်းက အချစ်ဆိုတာကို ဒီလိုကိုးကွယ်ခဲ့ဖူးတယ်။ ချစ်ရသူ နာမည်လေးတစွန်းတစ ကြားရင်တောင် ကိုယ့်မျက်နှာပေါ်မှာ အပြုံးတွေဆိုတာ ဖောဖောသီသီဖြစ်တည်လာသည်။ နှစ်ယောက်အတူရှိချိန်ဆို တလောကလုံးကို မေ့၊ ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုမေ့၊ အရာရာကိုမေ့လို့ တူနှစ်ကိုယ်လျှောက်မယ့် အနာဂတ်အတွက်ပြုံးပျော်နေလိုက်တာများ အခုနေပြန်တွေးရင်း ရယ်မောစရာတွေ ဖြစ်ကုန်ပြီ။အခုဆို ကသစ်မေဆိုတဲ့ အမျိုးသမီးဟာ အချစ်ဦးကိုတောင် ဒီလိုပေါ့တီးပေါ့ဆ ပုံဖော်နိုင်လောက်တဲ့အထိ ချစ်ခြင်းတရားတွေကို မယုံကြည်တော့တာ။ ဘေးက မြင်နေရသူတွေမှာတော့ ကသစ်မေတစ်ယောက် နောက်တကြိမ်ပြန်တွေ့ရတဲ့ အချစ်ဦးဆီမှာ ကျရှုံးနေတာလို့ ထင်ကောင်းထင်လောက်ပါရဲ့။ သို့ပေမယ့်
"ဘယ်မေ့မှာလဲ တို့အချစ်ဦးကြီးကို တရက်မှ မမေ့ပေါင်"
ကြည်လင်နေတဲ့ စကားသံနောက်မှာ အပြုံးချိုချိုလေးနှောလိုက်တော့ အချစ်ဦးဆိုသူဟာ ဂုဏ်ယူဝင့်ကြွားနေဟန်ပြုလာ၏။
"ဒီကိုဘာကိစ္စနဲ့ ရောက်လာတာလဲမေ သူကရော ဘယ်သူလဲ"
ဒီလိုမျက်မြင်တစ်ခါမှ မကြုံဖူးသည့် မြင်ကွင်းကို ငေးနေသူကို အခုမှ မေ သတိရသည်။
"မေ့ရဲ့ မောင်ပါ"
"မောင်လေး ဟုတ်လား မေ ကိုယ်သူ့ကို တခါမှ မသိဘူးနော်"
"အင်း မေပြောမပြဘူးလို့ပါ စီးပွားစီမံနဲ့ ပထမနှစ်တက်မှာ ကိုသန့်သော်က အခု ကထိကကြီးတောင် ဖြစ်နေပြီဆိုတော့ ဂရုစိုက်ပေးပါဦးနော်"
"ဒါပေါ့ မေ့ရဲ့မောင်က ကိုယ့်ညီလေးပဲပေါ့ တွေ့ရတာ ဝမ်းသာပါတယ် ချာတိတ် ကိုယ့်နာမည် သန့်သော်ပါ ကထိကပေါ့ လိုအပ်တာရှိ ကိုယ့်ကိုပြောပါ"
"ဟုတ်ကဲ့ တန်ခူးမောင်ပါ"
မျက်စိရှေ့က ယောကျာ်းသားနှစ်ယောက်ကို ယှဉ်တွဲပြီးမြင်ရတော့ မေ ဘာကြောင့်ရယ်မသိ စိတ်ထဲမှာ စကားလုံးတစ်လုံးကို သွားတွေးမိသည်။ နုငယ်မှုတဲ့လား။ ရုပ်ပိုင်းဆိုင်ရာတွေရော စိတ်ပိုင်းဆိုင်ရာပါ နုပျိုနေတုန်း သူတို့နှလုံးသားတွေလည်း ရင့်ကျက်မှုတို့ သိမ်ငယ်ခဲ့တယ်။ ကထိကကြီးဆိုပြီး တွန့်ဆုတ်မှု မရှိ၊ ရှိန်ဝါမှုမရှိဘဲ အကြည့်တို့နဲ့ တဖန် အကဲခတ်နေတဲ့ ဒီကောင်လေးလိုမျိုး ခပ်ငယ်ငယ်အရွယ်ကို မေ ပြန်ပြောင်း သတိရမိတာပါပဲ။ နှစ်လိုဖွယ်နည်းပါးတဲ့ နှုတ်ဆက်မှုဟာ ဒီနှစ်ယောက်ကို ရင်းနှီးစေမလား မေ အာမမခံနိုင်ပါ။
ESTÁS LEYENDO
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်