အပိုင်း(၁၂)အချစ်နဲ့တွေ့ရင် လူတွေဘယ်လိုဖြစ်သွားကြလဲ မောင် အမြဲသိချင်ခဲ့တာ။ အခုတော့ အဖြေပေးလာသူတစ်ယောက်က မောင့်မျက်စိရှေ့မှာ ရောက်လာခဲ့ပြီ။ တကယ်တော့ အချစ်နဲ့တွေ့ရင် လူတွေ ဆုံးရှုံးရတာပါလား။ သူတို့ရဲ့ အသိဉာဏ်တွေကအစပေါ့။ သိပ်မရင်းနှီးသေးတဲ့ ကျောင်းဖွင့်ချိန်မှာ မောင့်ထံ အခေါက်ခေါက်အခါခါရောက်လာသူက ကထိကကြီး ဦးသန့်သော်ဆိုသူဖြစ်သည်။ အကြောင်းပြချက်ကတော့ ရှင်းပြ၏။ "မောင်ရေ မင်းယောက်ဖကြီးရောက်နေပြီဆင်းတွေ့လိုက်ဦး" အခန်းဖော်တွေရဲ့ စနောက်သံတွေကို မောင် သိပ်စိတ်ပျက်တာပဲ။ မေ့ကို ပိုးပန်းဖို့လာသူဟာ မောင့်ကို မျက်နှာလုပ်ဖို့ တစ်ခုတည်းသိလေရော့သလား။ တစ်နေ့တစ်မျိုးမရိုးရတဲ့ လက်ဆောင်တွေ၊ ဂရုစိုက်မှုတွေကြား မောင် သိပ်ဝန်လေးတာပဲ။ နည်းနည်းမှ မနှစ်မြို့နိုင်ပါ။ တခါတလေတော့လည်း မောင် ပရိယာယ်တွေသုံးရတာပဲ။ နေမကောင်းလို့အဆောင်အောက်ကို ဆင်းမတွေ့နိုင်ပါဘူးလို့ ဆင်ခြေသုံးလိုက်လျှင် ဒီကထိကကြီးဟာ အကြောင်းပြချက်မလိုဘဲ သူရှိရာ ရောက်အောင်လာပြီး တွေ့သည်။ တစ်ယောက်တည်းတော့မဟုတ် ဆရာဝန်မပါရင်တောင် များစွာသော ဆေးထုပ်တွေဆေးဗူးတွေနဲ့ ရောက်လာတတ်သည်။ "ငါ မရှိဘူးလို့ပြောပေးကွာ" "ဟာ ဘယ်ဖြစ်မလဲ ငါ့ကောင်ရ မင်းဆိုင်ကယ်ရှိမရှိကြည့်ပြီးမှ လာတယ်ထင်တာပဲ မကောင်းပါဘူးကွာ" ငြင်းလို့မရနိုင်တဲ့ အခါ အရင်ကတော့ မောင်ထွက်တွေ့ရတာပဲ။ ဒီနေ့တော့ မောင် စိတ်မပါတာမို့ ဗြောင်ကျကျလိမ်ရတော့သည်။ ဘယ်လိုပြန်သွားလဲမသိပေမယ့် မောင့်ထံ ပြန်ရောက်လာသည့် အခန်းဖော်ရဲ့ လက်ထဲမှာတော့ ပိုးကြေးပန်းကြေး လက်ဆောင်တွေအပြည့်။ ထုံးစံအတိုင်း မောင် အနားကလူတွေကိုသာ ခွဲဝေပေးလိုက်သည်။ သူတို့လည်း မောင့်အလိုကျ လိမ်ပေးထားရတာလေ ထိုက်တန်ပါသည်။ ဘေးနားကနေ ပေါက်ပေါက်ဖောက်သလိုပြောနေသည့် အဆောင်သားတွေသည်လည်း ကထိကကြီးရဲ့ မောင့်ရဲ့ သွေးမတော်သားမစပ်အစ်မအကြောင်းသာ။ သူတို့ပါးစပ်ကတော့ မောင့်အရှေ့မှာမို့ မောင်မကြိုက်တာမပြော။ ဒီလိုပဲ ဝဋ်ရှိသရွေ့တော့ မောင့်မှာ မျက်နှာပူပူနဲ့ နားထောင်ရဦးမှာပေါ့။ အဲ့တာတွေဟာ အကြောင်းကိစ္စတစ်ခုကို မသိချိန်ထိ သည်းခံနိုင်ခဲ့သမျှ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အပိုင်းစလေးပါပဲ။ တစ်နေ့ မောင့်ဆီကို ဧည့်သည်တစ်ယောက်ရောက်လာသည်။ မောင်သူ့ကို မသိသလို သူလည်းမောင့်ကို သိမနေ။ ကနဦးက လာတွေ့ချိန်ကတည်းက ကသစ်မေရဲ့ မောင်လေးလားဆိုပြီး အမေးရှိခဲ့သူဟာ ကထိကကြီးရဲ့ ဇနီးတဲ့။ "အခုတော့ ဇနီးဟောင်းဖြစ်သွားပါပြီ" ဒီအမျိုးသမီးရဲ့ စိတ်နှလုံးမှာ မောင့်ကို အပြစ်ဖို့လေဟန် တစုံတရာမရှိသလို မောက်မာနေခြင်းမျိုးလည်းမတွေ့။ ဒီအတိုင်း အကြောင်းပြချက်မရှိကွာရှင်းခံရတော့မယ့် အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်က ဆွဲမိဆွဲရာ ကောက်ရိုးမျှင်ကို လက်ကမ်းနေပုံမျိုးဖြင့်သာ။ စကားအခွန်းစီတိုင်းမှာ မောင့်ကတဆင့် မေ့ထံမှာ ဒီကွာရှင်းမှုကို တားမြစ်ပေးစေချင်နေသည်။ "အစ်မက အချစ်မခံရတဲ့သူပါ အစ်မမှာ အဲ့ဒီအမျိုးသားရဲ့ နှလုံးသားကိုရော ကြည်ဖြူမှု့ကိုရော တကြိမ်တစ်ခါမှ မပိုင်ဆိုင်ဖူးပါဘူး တရားဝင်ဇနီးဆိုတဲ့ ဂုဏ်ပုဒ်ကလွဲလို့ ခိုကိုးရာမရှိတဲ့သူပါ ကသစ်မေက အစ်မနဲ့စာရင် မယှဉ်နိုင်တဲ့ အနေအထားမှာရှိပါတယ် သူ့ကို စိတ်ရောကိုယ်ပါ ချစ်ခင်မြတ်နိုးပေးမယ့်လူတွေရှိတယ် သူ့မှာ တလောကလုံးလက်ညှိုးညွှန်ရာ ရေဖြစ်နိုင်တဲ့ အရည်အချင်းတွေရှိတယ် သူဟာအစ်မဘယ်လိုမှ မယှဉ်နိုင်တဲ့ ကံကောင်းမှုတွေလည်းရှိတယ် အဲ့တော့ အစ်မကို သနားသောအားဖြင့် ဒီယောက်ျားကို လက်လွှတ်ပေးဖို့ ပြောပေးပါလား သူကိုယ်တိုင်လည်း တကယ်တော့ ဒီအမျိုးသားရဲ့ ချစ်ခြင်းမေတ္တာကို လိုမနေပါဘူးလေ အစ်မသိတယ် မိန်းကလေးချင်းမို့ အစ်မနားလည်တယ် ကသစ်မေက သူ့အချစ်ဦးရဲ့ ချစ်ခြင်းတွေကို မြေမြှပ်ပစ်တာကြာပြီပဲလေ" မိန်းကလေးချင်းမို့ နားလည်သည်တဲ့လား။ ဒီအစ်မပြောသလိုသာ ဖြစ်ရင် သိပ်ကောင်းမှာပဲ။ လွန်ခဲ့တဲ့ ရက်တွေမှာ မောင် မြင်ခဲ့ရတဲ့ မေ့ရဲ့ အပြုအမူတွေဟာ ဒီစကားအပေါ်သက်ရောက်မှုရှိရင် ကောင်းမှာပဲ။ ဒါကိုတော့ ပွင့်ပွင့်လင်းလင်း မေ့ထံမှာ မေးသင့်သည်။ အကြောင်းမတိုက်ဆိုင်ပဲ အဲ့ဒီနေ့က မောင်အိမ်ကို ပြန်လာခဲ့သည်။ စိတ်အစုံဟာ မတင်မကျနဲ့ ဘာကို ရန်ရှာချင်နေမှန်းမသိ။ သေချာတာတစ်ခုကတော့ ထင်ရာစိုင်းနေသူကို မောင်တားမြစ်ရမယ်။ နွေနှောင်းပိုင်းရဲ့ တမာတွေဟာ ဖြူဖွေးစွာပွင့်ဖူးနေတာကို မောင်မှတ်မိသည်။ မခန့်မှန်းနိုင်လေသော အသွင်နှင့် အေးစက်စက်မျက်နှာထားကို ဆင်မြန်းထားသူဟာ တမာပွင့်ကြွေတွေအောက်မှာ ငြိမ်ငြိမ်လေးထိုင်နေသည်။ အတွေးတို့က ဘယ်ဆီဘယ်ဝယ်ဖြန့်ကျက်ထားမှန်းမသိနိုင်။ "မောင် ဘယ်လိုလုပ် ပြန်လာရတာလဲ ကျောင်းလဲမပိတ်သေးဘဲနဲ့" "မေးစရာရှိတယ် မဟုတ်ဘူး မေ့ကို ပြောစရာရှိတယ်" "ဘာဖြစ်လာတာလဲမောင် ကြည့်ရတာ အလောတကြီးနဲ့" မျက်နှာချင်းဆိုင်ထိုင်လိုက်မိတော့ မောင့်မျက်နှာပေါ်ကချွေးစက်တွေကို ကြည့်ရင်းမေးသည်။ ပြီးတော့ ဘေးနားမှာရှိတဲ့ လက်ကိုင်အိတ်ထဲက အသင့်ရှိနေသည့် လက်ကိုင်ပုဝါအညိုရောင်လေးကို ထုတ်ပေးသည်။ မောင် အဲ့ဒီလက်ကိုင်ပုဝါကို အလိုက်သင့်ယူလိုက်ပေမယ့် လက်ထဲမှာသာ ဆုတ်ကိုင်ထားမိသည်။ အလောတကြီးဖြစ်နေတဲ့ စိတ်အစဉ်ဟာ အခုတော့ အရှိန်ယူကာနေရသည်။ "မေ အဲ့ဒီတစ်ယောက်ကိုမဖြစ်မနေလက်ထပ်မှာလား"ပြောမိတော့လည်း တည့်တိုးပါလား။ မေက သူ့ကိုတစ်ချက် စိုက်ကြည့်ပြီးတော့ ရှေ့တူရှုကို အကြည့်လွဲကာ ရယ်လိုက်သည်။ တကယ်ကို သိမ်သိမ်မွေ့မွေ့လေးရယ်ပါ။ "လူတိုင်းက ဒီရက်ပိုင်း မေ့ကို အဲ့ဒီစကားပဲ ပြောနေတာ...မေတောင် ပြန်စဉ်းစားရတယ် ငါ တကယ်ကြီးသူ့ကို လက်ထပ်ဖို့ အတွေးရှိနေတာလားလို့ အဟင်း မေ့ထက် သူတို့က နားလည်တာကျလို့ ပြောနေလိုက်ကြတာ" "တကယ်လက်ထပ်မို့လားဟင်" "မောင် ပြောကြည့်ပါဦး မေက ဘာလို့ လက်မထပ်ရမှာလဲ" "မေ သိရဲ့သားနဲ့ဗျာ" အားမလိုစွာပြောမိတော့ မျက်စောင်းတချက်ပေးသည်။ ဒီအမျိုးသမီးက သိပ်ကို ....ခေါင်းမာလှသည်။ "အဲ့ဒီလူမှာ အိမ်ထောင်ရှိတယ် သူများမိသားစုကို မဖျက်စီးပါနဲ့ မေရယ် .... မေကိုယ်တိုင်လည်း တကယ်ရော ချစ်လို့လား" "မေက သူများအိမ်ထောင်ကို ဖျက်စီးတယ်တဲ့လား မောင်ကတောင် အဲ့လိုထင်တယ်ပေါ့ ....ဒါပေမယ့် သူဖျက်စီးခဲ့တာက မေ့ရဲ့ နှလုံးသား တန်ပါတယ် အခုချိန်မှာ မေ ဘာလုပ်လုပ် သူတို့နဲ့ ထိုက်တန်လို့ ခံရတာပါပဲ" "မေ ....မောင် အများကြီးတော့ နားမလည်ပါဘူး ဒါပေမယ့် မောင် တစ်ခုတော့ ပြောနိုင်တယ် မေ ဝဋ်လည်လိမ့်မယ် မိသားစုတစ်ခုကို ဖျက်စီးလို့မဟုတ်ဘူး အလှည့်စားခံလိုက်ရတဲ့ လူတစ်ယောက်ရဲ့ မေတ္တာတွေတန်ပြန်တဲ့နေ့ မေ ဝဋ်လည်လိမ့်မယ်" "မေမကြောက်ပါဘူးမောင် မေတကယ့်ကို မကြောက်ဘူး လောကကြီးမှာ အားလုံးက သူထိုက်နဲ့သူ့ကံလာတာပဲ တူဖြစ်တုန်းထုပြီး ပေဖြစ်တော့ ခံလိုက်တာပေါ့" "မေ မောင်တကယ် စိတ်တိုလာပြီဗျာ" "အမယ် မောင်ကများ ဘာကိုစိတ်တိုတာလဲ .....မေ့ကိစ္စပါနော်" "မေ့ကိစ္စမို့လို့ပေါ့ မေနဲ့ သက်ဆိုင်လို့ မောင့်မှာ စိတ်ပူနေရတာပေါ့ တခြားသူဆို ဘာလုပ်လုပ်လွှတ်ထားလိုက်မှာ မသိဘူးလား မောင်က မောင်က မောင်က မေ့ကို ....".ကရားရေလွှတ်ပြောလိုက်မိတဲ့ စကားတွေသည် ကိုယ်တိုင်တောင် အဓိပ္ပါယ်မဖော်တတ်။ အကြည့်ချင်းမဆုံနိုင်လို့ ဦးစွာမျက်လွှာချမိသူက မောင်ကိုယ်တိုင်။ ဒီအမျိုးသမီးရဲ့ အကြည့်တစ်ချက်ချင်းစီကိုယ်တောင် ခုခံနိုင်စွမးမရှိတာ ဘာကိုများ ဖုံးကွယ်ထားရမှာလဲ။ တိတ်တဆိတ် ရင်မှာ ငြီးမိသည်က မေရယ် မောင့်မှာ မတတ်နိုင်ခြင်းများစွာနဲ့မို့ပါ။ "ဘာဖြစ်လဲ ဆက်ပြောလေ မောင်" "ဟင်း .....မောင်က မေ့ကို သိပ်စိုးရိမ်တာပဲ ....ဘာပဲဖြစ်ဖြစ် တကယ်မချစ်ဘဲနဲ့ အဲ့ဒီလူကို လက်မထပ်ပါနဲ့ မေရယ်" "နေဦး မောင်ဘယ်လိုသိလဲ .....ဘာလို့ မေက ကိုသန့်သော်ကို မချစ်ဘူးလို့ပြောတာလဲ" "အတူတူပဲ" "ဟမ် ဘာကို" "အတူတူပဲလို့ အရင်က မေတွဲဖူးသမျှ ယောက်ျားတွေနဲ့ ဒီလူနဲ့ဘာမှ မကွာခြားပါဘူး ဘေးကကြည့်နေတဲ့ မောင်တို့က ပိုသိပါတယ် မေ အဲ့ဒီလူကို မချစ်တော့ပါဘူး.....အနိုင်ရပြီးသားမို့ မေက သူတို့ကိုလွှတ်ပေးလိုက်ပါတော့ နော် မောင်တောင်းဆိုတာပါ ဒီအတိုင်းကျေအေးလိုက်ပါတော့ မေက အောင်နိုင်သူပါ" ကိုယ်တိုင်တောင် ရှာမတွေ့သေးတဲ့အဖြေတစ်ခုကို တွေ့သွားသလို ဒီအမျိုးသမီးရဲ့ မျက်ဝန်းတွေ ပြောင်းလဲသွားတာကို မောင် မှန်းမိလိုက်တယ်။ သတ္တိရှိတဲ့ အမျိုးသမီးဟာ လှည့်ကွက်တွေကြား အချစ်ကို ကစားချင်သေးတာ မောင်တော့ စိုးရိမ်မိပါရဲ့။ "မေရယ် အန္တရာယ်အရှိဆုံးအရာတွေကို မလုပ်ပါနဲ့ မေမှ မရှိရင် မောင်တော့ တစ်ခုခုဖြစ်သွားလိမ့်မယ်" .......................................................အပြောင်းအလဲတွေဟာ မယုံနိုင်လောက်အောင်ဖြစ်သွားခဲ့တယ်။ သေချာတာတစ်ခုကတော့ မောင့်ဆီ ကထိကကြီးရောက်မလာတော့တာပင်။ ကြိုကြားကြိုကြား ပြောစကားတွေအရ မောင့်ရဲ့ မတော်လိုက်ရတဲ့ အနှီဆွေမျိုးမှာ ရက်ရှည်ခွင့်ယူထားတယ်ဆိုပဲ။ အိမ်က သတင်းစကားတွေမှာတော့ မိုက်ရူးရဲတဲ့ အမျိုးသမီးဟာ မျက်နှာတစ်ချက်လေးတောင် မပျက်ဘူးဆိုပဲ။ တော်သေးတာပေါ့ .....အငြိုးကြီးလှသူဟာ အစွဲအလန်းတော့ ကြီးမနေလို့ပါ။ ချစ်လွယ်မုန်းလွယ်တဲ့ ဒီအမျိုးသမီးရဲ့ စိတ်အစဉ်မှာ ထာဝစဉ် ငြိမ်းချမ်းနေပါစေသား။ ဒီလိုနဲ့ မောင့်တက္ကသိုလ်ကျောင်းသားဘဝဟာ ပုံမှန်ပြန်ဖြစ်လာတယ်။ အတော်အသင့်ရလာတဲ့ လွတ်လပ်ခွင့်တွေလည်းရှိသည်။ မောင်က အိမ်ကို တစ်လတစ်ခါပြန်လာဖြစ်ပေမယ့် အိမ်ကရွှေမင်းသမီးလေးကတော့ တစ်နှစ်မှ နှစ်ခါလောက်သာ ပြန်လာရသည်။ ဒါ့ကြောင့်မို့ အခွင့်သင့်တုန်း မောင်တို့ကပဲ သွားတွေ့ရတတ်သည်။ ညီမငယ်ဟာ အခုတော့ တသီးတသန့်ဆန့်လာပြီး ထင်တာထက်ကို ပိုရင့်ကျက်လွယ်တော့ ငယ်ငယ်က ပုံရိပ်လေးတွေကို လွမ်းမိသည့်အခါမျိုးတော့ရှိသည်။ "ကိုကို မေ့ကိုပြန်မပြောပါဘူးလို့ကတိပေးရင် ဝါဆိုပြောစရာရှိတယ်" ဒီလို အစချီပြီး ရင်ဖွင့်လာတဲ့ ညီမငယ်ရဲ့ ကိစ္စက တခြားတော့မဟုတ်။ မွေးစကတည်းက မတွေ့ဖူး မမြင်ဖူးလိုက်သော ဖခင်အရင်းအကြောင်းပင်။ "လွန်ခဲ့တဲ့ တစ်လလောက်ကတည်း ဝါဆို့ကို လာတွေ့တာ ........ဒီကျောင်းကဆရာမတစ်ယောက်က မေမေတို့နဲ့ အသိမိတ်ဆွေတွေတဲ့ အဲ့ဒီကနေ အဆက်အသွယ်ရပြီး စုံစမ်းလာတာတဲ့" "မာမီယုရောသိလား" "မေမေ့ကို မပြောရဲသေးဘူး .....သိတယ်မလား မေမေက သဘောကျပါ့မလားနော်" တီးခေါက်မိသလောက်တော့ အမေဖြစ်သူ ဘယ်လိုသဘောထားမယ်မသိပေမယ့် ညီမငယ်မှာ ရွှင်မြူးနေပုံရသည်။ ဒါကိုတော့ မောင်လည်း ကိုယ်ချင်းစာပါသည်။ "ညီမလေးသဘောပါပဲ ကိုကို့အထင်တော့ မာမီယုကို ပြောသင့်တယ်ထင်တာပဲ တကယ်လို့ညီမလေးက သူ အဲ့ ညီမလေး အဖေနဲ့ နေချင်တယ်ဆိုတောင် မာမီယုက ညီမလေးသဘောထားကို အလေးထားမှာပါ" "မေကရောဟင် .....မေရော စိတ်ဆိုးလောက်လား" "အဲ့တာတော့ ကိုကိုလဲမသိဘူး.........မေက ခန့်မှန်းရခက်တယ်" "ကိုကိုတောင် မသိတာ ဝါဆိုတော့ လမ်းပျောက်ပါပြီ မေမေ့ကို မကြောက်ဘူး မေ့ကို သိပ်ကြောက်တာပဲ သူက ကျွေးမွေးလာပြီး ခြေစုံကန်တယ်လို့လည်း အထင်မခံနိုင်ဘူး" "အဲ့တာတော့ မစိုးရိမ်ပါနဲ့ ညီမလေးက မေ့ကို ပစ်ထားခဲ့တာ မေ့ပျောက်လိုက်တာမှ မဟုတ်တာ မေက သဘောထားကြီးပါတယ်" ဒီလိုနဲ့ နှစ်ယောက်သား တိုင်ပင်ပြီး လူကြီးတွေကို ဖွင့်ပြောဖြစ်သည်။ တစ်လျှောက်လုံး မေ စိတ်ကွက်မှာကို စိုးရိမ်နေတဲ့ ညီမငယ်မှာ မာမီယုရဲ့ အထုအထောင်းကို ဦးစွာခံလိုက်ရသည်။ "ဟမ် ညည်းက တော်တော် အရွယ်ရောက်နေပြီပေါ့ ဟုတ်လား ငါ့ကိုဘာလို့ အခုမှပြောသလဲ" "မေမေ စိတ်ဆင်းရဲမှာစိုးလို့ပါ" "အမလေး ဒီကောင့်ကြောင့် ငါစိတ်ဆင်းရဲခဲ့ရတာ ဟိုးတုန်းကတည်းပဲ အခုမှ ဘာမှထူးမသွားဘူး" အပြန်ပြန် အလှန်လှန် စကားစစ်ထိုးနေတဲ့ သားမိနှစ်ယောက်ကို ကြည့်ရင်း ကော်ဖီတစ်ခွက်အား အေးအေးဆေးဆေး သောက်နေသည့် မေ့ကို မောင် အကဲခတ်မိသည်။ တကယ်ကို တည်ငြိမ်လေသလား။ သို့မဟုတ် ဘာခံစားချက်မှ မဖြစ်လောက်အောင် အရေးမထားတာလား။ ကျွေးမွေးစောင့်ရှောက်ထားတယ် အချိန်တန်ရင် ထွက်ခွာခွင့် အသာတကြည်ပေးလိုက်မယ်ဆိုတဲ့ စိတ်မျိုးကို ထားနိုင်သူမို့လား မောင်သေချာမသိ။ အကယ်၍ ဝါဆို့နေရာမှာ မောင်ဆိုရင်ရော မေက ဒီလိုပဲ နေနိုင်မည်လား။ သိချင်စမ်းပါဘိ။ "ညည်းဘာသာ လုပ်ချင်ရာလုပ် ငါ့ကို လာမပြောနဲ့ ညည်းအဖေနဲ့လိုက်နေချင်နေ ဒီအိမ်ပေါ်တော့ ပြန်တက်မလာနဲ့" "မမယု မေပြောစရာရှိတယ်" ဒီအခါမှ ကော်ဖီခွက်ကို အသာချလို့ စကားစလာသည့်အမျိုးသမီး။ အားလုံးရဲ့ အကြည့်တွေက သူ့ဆီမှာ။ "မမယုတို့ ပြန်ပေါင်းခြင်း မပေါင်းခြင်းကို မေစိတ်မဝင်စားဘူး ဘာမှလည်းမပြောလိုဘူး တစ်ခုတော့ရှိတယ် ဝါဆိုက မမယုနဲ့ အဲ့ဒီလူရဲ့ သွေးသားရင်းပဲ သားအဖ သံယောဇဉ်ဆိုတာတော့ရှိသေးတယ်လေ အခုနက မမယုစကားကြီးက သွားတွေ့ရင် ငါနဲ့ သံယောဇဉ်ဖြတ်လို့ ပြောတာနဲ့ အတူတူပဲလေ မေ့အမြင်တော့ ဝါဆိုက သူ့အဖေနဲ့ တွေ့လို့ရသလို မမယုနဲ့လည်း သံယောဇဉ်ဖြတ်စရာမှ မလိုတာ ကလေးကို တရားလွန်ကြီး မပြောပါနဲ့ သူ့သဘောကိုလည်း လေးစားဦးမှပေါ့" "အို မမယုကတော့ ဒီလူ့ရဲ့ အရိပ်တောင် မြင်ချင်တာမဟုတ်ဘူး နာမည်လည်းကြားချင်တာ မဟုတ်ဘူး" ဒီလိုပြောခဲ့တဲ့ မာမီယုကို မောင်တို့သုံးယောက်သား ထိုညက လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ စိတ်နာမယ်ဆိုလည်း နာကောင်းတာမို့ အပြင်လူတွေက မှတ်ချက်တစ်စုံတရာမပေးတာမှ သဘာဝကျမယ်မဟုတ်ပါလား ။ မေ့ခွင့်ပြုချက်ရသွားသည့် ညီမငယ်မှာ ဖခင်ဖြစ်သူနဲ့ လွတ်လွတ်လပ်လပ်တွေ့လို့ရသွားသည်။ မောင်နဲ့တောင် မိတ်ဆက်ပေးသည်မို့ မောင့်မှာ ဦိးလေးတစ်ယောက်ထပ်တိုးသလိုပင်။ ဝါဆိုတို့ ဖေဖေက မကြာခင်ကပဲ မောင်တို့ မြို့ကို ပြောင်းလာခဲ့သည်။ ဒီလိုဆိုတော့ မာမီယုမှာ နေရထိုင်ရခက်နေတော့တာပေါ့။ အဆိုးဆုံးက ကျောင်းပိတ်လို့ ပြန်လာတိုင်း ဝါဆို့က သူ့အဖေကို မောင်တို့ အိမ်ကြီးထံဖိတ်လေ့ရှိသည်။ မောင့်အမြင်မှာတော့ ဒီကောင်မလေး သူ့မိဘတွေ ပေါင်းစည်းရေးပြန်ကြိုးစားနေသလိုပင်။ "အိုး ညှော်လိုက်တာ မီးဖိုချောင်ထဲ ဘာဖြစ်နေတာလဲ မေ" အိမ်အပေါ်ထပ်ကနေ မနက်စာစားဖို့ အောက်ဆင်းလာသည့် မောင့်မှာ မွှန်ထူနေသည့် အနံ့တွေကြောင့် လှေကားရင်းမှာပင် ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်နေသည်။ ထိုအချိန် အဝတ်စအုပ်ထားသည့် လင်ဗန်းတစ်ချပ်ကိုင်ပြီး လှေကားပေါ်တက်လာသည့်မေနဲ့ ဆုံသည်။ "အိန္ဒိယဒံပေါက်တဲ့ အသားဆီသတ်နေတာ" "ဝါဆို စားချင်လို့တဲ့လား ဝယ်မစားဘူးလား မောင် သွားဝယ်ပေးမှာပေါ့" ထိုအခါမေက ခပ်ရွဲ့ရွဲ့လေးရယ်သည်။ "သူ့အဖေစားဖို့ အိမ်မှာ ချက်ပေးချင်တယ်တဲ့လေ ရွှေမင်းသမီးက ပူဆာတော့ သူ့အမေက ကိုယ်တိုင်ချက်ပေးနေတာ" "ဟင် မာမီယုကလေ ဘယ်တုန်းကများ ပြောင်းလဲသွားတာလဲ" "နေဦး ပြောပြမယ် ဒီဗန်း အရင်ယူ မောင် မနက်စာစားမို့မလား အတူစားရအောင်" ဒီလိုနဲ့ နှစ်ယောက်သား မနက်စာဗန်းကို ယူကာ ဝရံတာဖက် ထွက်စားရသည်။ အောက်ထပ်မီးဖိုချောင်မှာတော့ စည်ကားဆဲ။ ဝရံတာက စားပွဲပုပုလေးမှာ သင်ဖျူးဖျာခင်းပြီး မောင်တို့ နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ မနက်စာက မုန့်ဟင်းခါးနဲ့ အကြော်စုံ၊ ပြီးတော့ မပါမဖြစ် လက်ဖက်ရည်ချို။ မေက မောင့် ပန်းကန်ထဲကို မုန့်ဖတ်နဲ့ ဟင်းရည်မျှတရုံပြင်ပေးသည်။ မုန့်ဟင်းခါးဆိုလျှင် ဗာယာကြော်နဲ့ တွဲစားတတ်တာမို့ မောင့် ပန်းကန်ထဲ အကြော်တွေ ကတ်ကြေးနဲ့ ကိုက်ထည့်ပေးရင်း မေက စကားဆက်သည်။ "ပြန်မပေါင်းချင်လို့တော်သေးတယ် မောင်ရေ မင်းမာမီယုလေ ပျာယာတွေကို ခတ်နေတာပဲ အချိုပွဲတောင် ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာ မှတ်မိနေသေးတာ မေတော့ မြင်ပြင်းကတ်လွန်းလို့ အဲ့နားမနေနိုင်တော့ဘူး" "မောင် မေးစရာရှိတယ် တကယ်လို့ သူတို့ပြန်ပေါင်းထုပ်သွားရင်ရော မေသဘောတူမှာလား" "အာ သဘောမတူစရာမှ မရှိတာမောင်ရယ် ပြောရရင် မမယုလည်း ဆယ်ကျော်သက်လေးမှ မဟုတ်တော့တာ နောက်ပြီး တဖက်လူကလည်း မတတ်သာတဲ့ အခြေအနေကြောင့်ထားခဲ့ရတာတဲ့ တမင်စွန့်ပစ်သွားတာ မဟုတ်တော့ မမယုဖက်ကလည်း စိတ်နာတာတွေ ပျောက်သွားပြီထင်ရဲ့ မေတို့က ဘာတတ်နိုင်မှာမို့လဲ" ဟုတ်တော့လည်း ဟုတ်ပါသည်။ ဝါဆိုဖေဖေက မာမီယုကိုယ်ဝန်ရှိတာကို မသိဘဲ နိုင်ငံခြားထွက်သွားမိတာဖြစ်ပြီး .......အခုချိန်ထိလဲ နောက်ထပ် အိမ်ထောင်မထူထောင်ဘဲ မာမီယုကိုပြ မြတ်နိုးဆဲဆိုတာ ပေါ်လွင်ပါသည်။ နေ့လည်စာစားချိန်မတိုင်ခင်တည်းက ရောက်နေသော ဝါဆိုတို့ဖေဖေသည် သမီးဖြစ်သူနဲ့ ဇနီးတို့အား ရင်းနှီးစေရန် အကုတ်တပတ်ကြိုးစားနေသည်။ စီးပွားရေးလည်း တောင့်တင်းလာသော ထိုအမျိုးသားကြီးသည် ဝါဆိုတို့သားအမိကို တင့်တောင် တင့်တယ်ထားနိုင်မယ်ဆိုတာ သေချာပါသည်။ တတိုင်းမွှေး(11/7/23) ..............................................................................
ESTÁS LEYENDO
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်