အပိုင်း(၃၁) "လက်တွေ့လောကမှာ အရာရာဟာ အေးချမ်းနေတယ်ဆိုရင် မယုံလိုက်နဲ့မေ အဲ့တာအတုယောင်ပဲဖြစ်လိမ့်မယ်"အသက်လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်က ဆယ်နှစ်အရွယ်ကသစ်မေရဲ့ မျက်နှာချင်းဆိုင်မှာရှိနေပြီး နှစ်ယောက်သားရဲ့ ပတ်ဝန်းကျင်မှာတော့ တိမ်ခိုးတိမ်ငွေ့တွေကသာ ဖုံးလွှမ်းနေသည်။ "အားရီ သမီးတိမ်တွေကို သဘောကျတယ် ဒီလိုကောင်းတဲ့ အရာက အိမ်မက်ဆိုရင်တောင် ခဏခဏတွေ့ရရင်ကောင်းမှာပဲ" ကျစ်ဆံမြီးလေးနှစ်ဖက်မှာချည်ထားတဲ့ ဖဲကြိုးလေးကို ဆော့ကစားရင်း တူမဖြစ်သူက ဖြစ်ချင်ရာကို ပြောနေပြန်တော့ အမျိုးသမီးကြီးမှာ မတတ်နိုင်စွာပြုံးမိပြန်သည်။ သူမမေ့သွားတာ ဖြူစင်တဲ့ နှလုံးသားနဲ့ ကလေးမလေးဟာ လောကကြီးရဲ့ မာယာတွေကို မသိနိုင်သေးဘူးလေ။ ဘဝဆိုတာလှုပ်ရှားရုန်းကန်ရမှာပဲမို့ စိတ်ကူးနဲ့ လက်တွေ့ကို ကောင်းစွာခွဲခြားတတ်ဖို့၊ အယောင်ဆောင်မေတ္တာတွေကို ခွဲခြားတုံ့ပြန်တတ်ဖို့ ဒီကလေးမလေးကို သူမအတွေ့အကြုံတွေနဲ့ ရင်းပြီးသင်ပေးရမှာပဲ။သဘာဝပတ်ဝန်းကျင်ကို နှစ်ခြိုက်ပြီး တိမ်တွေတောင်တွေနဲ့ မိုးစက်တွေကို သဘောကျတတ်တဲ့ ကလေးမလေးရဲ့ မျက်နှာနုနုလေးကို ပါးနှစ်ဖက်ကနေ အသာအုပ်ကိုင်လိုက်ပြီး သူမနဲ့ မျက်နှာချင်းဆိုင်စေလိုက်သည်။ "တိမ်စိုင်တွေကို မေသဘောကျလို့ရတာပေါ့ ကြည့်လို့လည်းရတယ် မြတ်နိုးလို့လည်းရတယ် တစ်ခုပဲ မှတ်ထားကွယ် မေ သဘောကျတဲ့ ဘယ်အရာမဆို တစ်နေ့ကျရင် ပျက်သုန်းသွားလိမ့်မယ် အဲ့ဒီအချိန်ကျရင် ခံနိုင်ရည်ရှိဖို့လိုတယ် လက်လွှတ်တတ်ဖို့လိုတယ်" "ဘယ်လိုမျိုးလဲ အားရီ" "တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို လက်လွှတ်တတ်ဖို့ဆိုတာ နည်းလမ်း နှစ်မျိုးရှိတယ်လို့ ထင်တာပဲ ပထမတစ်ခုက ဖြစ်သမျှကို လက်ခံလိုက်ပြီး ကိုယ့်ဘဝတစ်လျှောက်လုံးမှာ အမှတ်တရလှလှလေးအဖြစ် သိမ်းဆည်းသွားပြီး နေထိုင်သွားဖို့ပဲ နောက်တစ်နည်းကတော့ အခက်ဆုံးလည်းဖြစ်သလို အလွယ်ဆုံးနည်းလဲ ဖြစ်တယ် ...မဆုံးရှုံးခင်မှာ စိတ်ရင်းနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်ပါ အကယ်၍ လက်လွှတ်လိုက်ရတယ်ဆိုရင် ကိုယ့်ရဲ့ အလေးနက်ထားမှု့ကို တစ်ဖက်သားကလည်း နားလည်သဘောပေါက်မှာပါ ကိုယ့်အတွက်လည်း မထိခိုက်မနာကျင်ရတော့ဘူးပေါ့ကွယ်" ".............""မှတ်ထားကွယ် မေသဘောကျတဲ့အရာတွေကို ဆုံးရှုံးလိုက်တဲ့အခါ မေ့ နှလုံးသားလေးက မနာကျင်စေဖို့ နောင်တကင်းအောင် ပြမူထားဖို့တော့လိုတယ်နော်" သဘောအကျရဆုံး အလေးစားရဆုံးမိသားစုဝင်ဖြစ်သူ ဒေါ်လေးရဲ့ စကားကို ဆယ်နှစ်သမီးကသစ်မေက မကြုံဖူးသေးပေမယ့် တတ်နိုင်သမျှ မှတ်သားလိုက်နာရှာပါသည်။ ဒီလိုနဲ့ အနီးပါးက တိမ်စိုင်တွေဟာ ပျောက်ကွယ်သွားပြန်သည်။ ထို့နောက်တော့ မိုးသည်းညတစ်ခုဟာ ရုတ်ခြည်းပေါ်ပေါက်လာတယ်။ အခုနကထိ တူတူရှိနေတဲ့ ဒေါ်လေးကလည်း ပျောက်ကွယ်သွားလေသည်။ အဲ့ဒီအစား သူရင်းနှီးနေတဲ့ အိမ်ကြီးထဲကို ကသစ်မေပြန်ရောက်သွား၏။ မျက်စိရှေ့က သစ်သားလှေကားကြီးအတိုင်း တက်သွားမိတော့ ကိုယ့်ကိုကိုယ် သတိထားမိတာက အခုနက အသက်ရွယ်မှာ မဟုတ်တော့။ နှစ်ဆယ့်ရှစ်နှစ်အရွယ်ကသစ်မေပေါ့။ သစ်သားလှေကားထိပ်မှာ ရပ်နေတဲ့ ကသစ်မေဟာ ဘယ်ကို ခြေလှမ်းရမယ်မသိခင် ရင်းနှီးနေသည့် ဆန့်ကျင်ဖက် အခန်းမှ ဆူညံသံတွေထွက်ပေါ်လာသည်မို့ အပြေးလေး သွားကြည့်မိသည်။ သူမအခန်းထဲ ဝင်လာတာကိုတောင် မသိနိုင်လောက်အောင် အခန်းတွင်းက လူနှစ်ယောက်မှာ ငြင်းခုံလို့ကောင်းတုန်း။ "မေ ကျွန်တော် တောင်းပန်နေတယ်လေဗျာ အဲ့လိုမလုပ်ပါနဲ့" ဒီအသံကို သူမကောင်းကောင်းသိတာပေါ့။ မထင်မှတ်တဲ့ ရေစက်နဲ့ သူ့ဘဝထဲကို ဝင်ရောက်လာပြီး ဆုံးရှုံးရမှာ အကြောက်ဆုံး ပိုင်ဆိုင်မှု့လေးဖြစ်နေတဲ့ သက်ရှိလေး။ ထိတ်လန့်သွားတာကတော့ အဲ့ဒီသက်ရှိအဖိုးတန်လေးနဲ့ အပြင်းအထန် ပြိုင်ဆိုင်မှု့ဖြစ်နေတာကတော့ သူမကိုယ်တိုင်ပဲ။ "လောကကြီးဟာ မာယာများတယ်ဆိုတာသိသားနဲ့ အရဲမကိုးချင်စမ်းပါနဲ့ မြွေမြွေချင်းခြေမြင်တယ်ဆိုသလိုပဲ ယောကျာ်းတွေရဲ့ အကြောင်းကို ယောကျာ်းအချင်းချင်းပဲသိတယ် ကျားတွေနဲ့ မကစားပါနဲ့ မေ့အတွက် လည်တိုင်ကို ပွတ်သပ်ချော့မြူလိုက်ရင် ငြိမ်ဝပ်သွားမယ့် ကြောင်ပေါက်လေးဟာ မောင်တစ်ယောက်ပဲရှိတယ် ဒါတောင် မောင် လုံးဝအာမမခံနိုင်ဘူး ဘာလို့ဆို မေ့ဖြစ်တည်မှုတွေဟာ လိုချင်တပ်မက်နိုင်ခြင်းဆိုတဲ့ ဘောင်အပြင်မှာ ရှိလို့ ကိလေသာရှိတဲ့ ယောကျာ်းတကာ မိန်းမတကာ လွန်ဆန်နိုင်မှာ မဟုတ်ဘူး မေ အဲ့တာကို သိရဲ့လား" "ငါကရော ဘာလုပ်နေလို့လဲ အလုပ်ကိစ္စလို့ပြောနေတယ်လေ မောင် မင်းကမှ ငါ့ကို စွပ်စွပ်စွဲစွဲနဲ့ မင်းကိုယ်မင်း စည်းကျော်နေပြီဆိုတာကိုရော သိလား" "သိတယ် သိတယ် ဒေါ်ကသစ်မေရဲ့ ကျုပ်က ခင်ဗျားကျွေးမွေးထားတဲ့ မိဘမဲ့ကောင်ဟုတ်ပြီလား အဲ့ဒီကောင်ကပဲ ခင်ဗျားကို သေလောက်အောင် ချစ်နေတာမို့ စည်း ....အင်း စည်းကျော်တာပေါ့ ဟုတ်တယ် ကျုပ်က ခင်ဗျားနဲ့သက်ဆိုင်တဲ့ ခင်ဗျားယောကျာ်းဖြစ်ချင်တဲ့ကောင်မို့ စည်းကျော်နေတာ ဘာဖြစ်လဲ" ဖြန်း ခနဲထွက်လာတဲ့ အသံက တစ်ချက်တည်းတောင်မဟုတ် နှစ်ချက်။ နီရဲသွားတဲ့ ပါးပြင်ပိုင်ရှင်မှာ အံ့ဩသွားဟန်ဖြင့် တစ်ဖက်လူကို စိုက်ကြည့်လာသည်။ ဒါပေမယ့် ........ အဲ့ဒီအကြည့်တွေကို သူမသိသည်။ အခုမှ သိလာသည်။ ပိုင်ဆိုင်လိုခြင်းနဲ့ စောင့်ရှောက်ကာကွယ်လိုခြင်းတွေနဲ့ ပြည့်နေတဲ့ ချစ်ခြင်းတရားမှာ ဒေါသနည်းနည်းလေးတောင် ထွက်မနေတဲ့ ဒီကောင်လေးကို အဲ့ဒီအချိန်စက်ဝန်းတုန်းက ကသစ်မေဟာ သိရှိခဲ့ခြင်းမရှိတာတော့ နှမြောစရာ။ "မင်း မင်းက အရိုင်းစိုင်းကောင်" ရှက်ရွံ့စိတ်က ပေါက်ကွဲလာတော့ အတိတ်က ကသစ်မေမှာ မျက်ရည်ကလွဲရင် ဘာမှ ထုတ်ပြစရာမရှိခဲ့။ ဒီလိုဖြစ်လိမ့်မယ်လို့မှ မထင်ထားခဲ့တာ။ "မောင်က ရိုင်းပါတယ် မောင်က ယဉ်ကျေးပါတယ် မောင်က မုန်းတတ်ပါတယ် မောင်က ချစ်တတ်ပါတယ် မောင်က သဝန်တိုတတ်ပါတယ် မောင်က စိုးရွံ့တတ်ပါတယ် မောင်က မြတ်နိုးတတ်ပါတယ် မောင်က ဆိုးသွမ်းတတ်ပါတယ် ဟုတ်တယ် မောင်က ဒီလိုလူမျိုးပါ မေရယ် ခင်ဗျားနဲ့မှ အရောင်တွေစုံလာတဲ့ ပန်းချီတစ်ချပ်ပါ မေရယ် အဲ့တာကြောင့် မောင်က လွဲလို့ တခြားသူတွေကို သဘောမကျလိုက်ပါနဲ့ မောင်က အလေးအနက် တောင်းပန်နေတာပါဗျာ" ကြမ်းပြင်ပေါ်မှာ ခြေကုန်လက်ပန်းကျစွာ ထိုင်လျှက်သားလဲကျသွားတဲ့ မေ့ကိုယ်လေးကို ပွေ့ဖက်ဖို့ အနားတိုးလာတဲ့ မောင့်မှာလည်း မျက်ရည်စတွေနဲ့။ နှစ်ယောက်သားကြောင့် မွန်းကြပ်လာတာကတော့ အလည်ရောက်လာတဲ့ ကသစ်မေတစ်ယောက်သာ ဖြစ်နေသည်။ ဘာကြောင့်များ အဲ့ဒီအချိန်တုန်းက......သူနားမလည်ခဲ့တာပါလိမ့်။ "မင်း ထွက်သွား .....ငါ့မျက်စိရှေ့က ထွက်သား ငါ့ဘဝထဲက အပြီးတိုင်ထွက်သွား သွား" လက်ကျန် မာနတရားလေးကို ချိုးဖဲ့မခံရဖို့အရေး တစ်ယောက်က တွန်းထုတ်ခဲ့တယ်ဆိုရင် နောက်တစ်ယောက်ကလည်း ဒီအကြောင်းအရာ တစ်ခုတည်းကိုပဲ ကာကွယ်ဖို့ ရှေ့ဆက်တိုးခဲ့တာ အဲ့ဒီညက မထင်မှတ်စွာ လမ်းမှားကို ရောက်ခဲ့ကြတယ်။ မှားခဲ့တယ်လို့ ခေါင်းစဉ်တပ်လို့မရတဲ့ အဲ့ဒီညဟာ ကြောက်စရာကောင်းလောက်အောင် လူသားနှစ်ယောက်လုံးရဲ့ စိတ်အမြုတေတွေကို တစ်စစီကြွေကျပျက်စီးစေခဲ့တယ်။ ကာယကံရှင်တွေတောင် မေ့ဖျောက်ထားလိုက်ချင်တဲ့ အမှားကြောင့်ပဲ ရှေ့ဆက်လမ်းဟာ မဝေးသင့်ပဲ ဝေးခဲ့ရတယ်။ ဒီတစ်ဘဝမှာ ဒီရင်ခွင်ကျယ်ဟာ သူမ ခိုဝင်ခဲ့ရမယ်လို့ တစ်ခါမှ ယောင်လို့တောင် မတွေးဖူးတဲ့ ကသစ်မေဟာ မယုံကြည်နိုင်မှု့ ရှက်ရွံ့မှုတွေနဲ့အတူ အဲ့ဒီအတိတ်ညတုန်းက ငိုကြွေးခဲ့သလို ပြန်မြင်ယောက်လာတဲ့ ဧည်သည့်တော်ဟာလည်း နောင်တများစွာနဲ့ ငိုကြွေးနေမိသည်။ "ဘာကြောင့်များ ဒီအချစ်တွေကို မမြင်နိုင်ခဲ့ရတာလဲ" ဘာမဟုတ်တဲ့ မာနတွေကို ကာကွယ်ဖို့ အတင်းတွန်းထုတ်ခဲ့မိသလား။ မယုံကြည်ခဲ့တာက ဒီကောင်လေးရဲ့ နုနယ်တဲ့ နှလုံးသားမဟုတ်ဘဲ ဆုံးရှုံးခြင်းကို ကြောက်မိတဲ့ မိမိကိုယ်ကိုလား မသိတော့။ အခုတော့ ..... စိတ်ချလက်ချ စိတ်ဝိဉာည်တစ်ခုလုံးကို အပ်နှင်းတော့မယ်ဆိုကာမှ ကံကြမ္မာက မေ့ကို နှိပ်စက်ပြန်တယ်။ အရာရာကို ဖြစ်ကြောင်းပျက်ကြောင်းနားလည် လက်ခံခဲ့ပေမယ့် ဒီလူသားကိုတော့ မဆုံးရှုံးချင်ပါ။ အဲ့သလောက်ထိ တန်ဖိုးထားရတာမို့ အခွင့်ရေးတစ်ခါလောက်သာ ပေးမယ်ဆိုရင် လောကကြီးရှိရှိသမျှ တန်ခိုးရှင်တွေကို ကျေးဇူးတော်တင်မိမှာ အမှန်။ "တစ်ခါလောက်ပဲ တစ်ခါလောက်ပဲ မောင့်ဆီ ပြန်သွားပါရစေ" စိတ်နှလုံးက ထောင်းထောင်းကြေနေသလို ကိုယ်ခန္ဓာတစ်ခုလုံးလည်း ပြိုလဲကာ လှုပ်မရအောင် ဖြစ်ပြီး သူမ ပိတ်မိနေခဲ့တာ ပိန်းပိန်းပိတ်နေတဲ့ အမှောင်ယံထဲမှာ။ "မောင်ရေ မေ့ကို လာခေါ်ပါ" နာကျင်မှု့တွေက ကိုယ်ပေါ်ကို ရုတ်ခြည်းရောက်လာသည်။ လှုပ်လို့မရလောက်အောင် နာကျင်နေတာ အိမ်မက်လား၊ လက်တွေ့လားပင် မသဲကွဲတော့။ ဒီအတိုင်း ဒါဟာ သူမအသိစိတ်ရဲ့ နောက်ဆုံးလှုံ့ဆော်မှု့ ဆိုရင်တောင် မဖြစ်သေးဘူး...မောင့်ကိုတော့ တွေ့ချင်သေးသည်။ အသံလေးဖြစ်ဖြစ် ကြားချင်သေးသည်။ "မောင်" နောက်ဆုံးလက်ကျန် ခွန်အားတွေကို သုံးကာ အော်ခေါ်မိတာက မောင့်တုံ့ပြန်မှု့လေးဖြစ်ဖြစ် ရဖို့ မျှော်လင့်လို့ပေါ့။ မောင် ဘယ်ရောက်နေတာလဲ။ တဖြေးဖြေးနဲ့ ငြိမ်သက်သွားတဲ့ အမှောင်ယံထုမှာ မောင်ဟာ အချိန်တော်ကြာထိ ရောက်မလာခဲ့ပါ။ "ငါမောင့်ကို... တောင်းပန်ပါတယ်" တကယ်လို့ မောင်သာ သူရှိရာကို ရောက်မလာချင်ခဲ့တာများလား။ မောင်ကရော သူသဘောကျခဲ့တဲ့ တခြားသော အရာလေးတွေလို ပျောက်ကွယ်သွားပြီလား။ ဒီတခါတော့နောင်တကင်းကင်းနဲ့ လက်လွှတ်ဖို့ မတတ်နိုင်သလို အလေးနက်ထားပြီးလည်း သိမ်းဆည်းဖို့ မတတ်နိုင်ပါ။"ဘာပဲဖြစ်ဖြစ်ပေါ့ မောင်နဲ့ပဲ အတူတူရှိချင်တယ်" ဒါဟာ သူမနောက်ဆုံး ဆန္ဒလေးရယ်ပါ။ ကံကောင်းထောက်မစွာနဲ့ ချစ်ခြင်းတရားတွေကို အလေးထားတဲ့ နတ်ဘုရားတွေရှိရင် သူမ မောင့်ထံ ပြန်နိုင်ဖို့ လမ်းပြပေးပါ။ အမှောင်ယံက ရုတ်ခြည်းလင်းလာသလို ၊ လေထုကလည်း ချက်ချင်းပြောင်းလဲသွားတာကို သတိထားမိသည်။ နာကျင်မှုတွေလည်း သိသိသာသာ မရှိတော့။ "မေ သတိရလာပြီလား" ဒီအသံကို ကြားရသည်။ သေချာသလောက် သူမအနားကနေပဲ ထွက်ပေါ်လာတဲ့ အသံ။ ညာဖက်လက်ဖဝါးကို ထိတွေ့လာတဲ့ နွေးထွေးတဲ့ အထိတွေ့လေးကလည်း အစစ်အမှန်ဖြစ်ကြောင်း စိစစ်နေစဉ်...."မောင့်အသံကို ကြားရလား မေ" "မောင်" ဟုတ်တာပေါ့။ ကံကောင်းလို့ ....ကံကောင်းလို့ပေါ့။ မျက်ရည်တွေနဲ့ ဝေ့သီနေတဲ့ မျက်ဝန်းကို အားယူဖွင့်ကြည့်လိုက်တော့ မောင့်မျက်နှာ ချောချောလေးကို မြင်ရသည်။ မောင့်ကို ပြန်တွေ့ရပြီ။ "မောင်" "အိုး မေ ဖြေးဖြေးလုပ်ပါ နာသွားဦးမယ်"ဆေးပိုက်တွေ ပရပွနဲ့ လူနာဟာ သူမဟုတ်တဲ့အတိုင်း စိတ်မြန်လှတဲ့ အမျိုးသမီးသည် သူ့ရှေ့က အမျိုးသားငယ်ကို ပွေ့ဖက်ပစ်လိုက်တာများ လုံးဝကို အဆုံးရှုံးမခံနိုင်တဲ့ အတိုင်း။ မဟုတ်ဘူး ဆုံးရှုံးပြီးမှ ပြန်ရလိုက်တဲ့ အဖိုးတန်လေးကို နောင်တတွေနဲ့ ထွေးပိုက်ထားတဲ့ပုံ။ "မောင် မောင် ငါလေ မောင့်ကို ပြန်မတွေ့ရတော့ဘူးထင်နေတာ မောင်ရဲ့ အဟင့် ဟင့် ဟင့်" "အိုး မဟုတ်တာ မေရယ် မောင်က မင်းကို အဆုံးရှုံးခံပါ့မလား အင်း ဘာမှမဖြစ်တော့ဘူး မငိုနဲ့တော့နော်" "မောင် မောင် ငါပြောတာ နားထောင်ပါဦး" "အင်း မောင် နားထောင်နေတယ်" လည်တိုင်ကို သိုင်းဖက်ထားတဲ့ လက်နှစ်ဖက်ကိုလည်း မလွတ်စေဘဲ မောင့်ကို သူမနဲ့ မျက်နှာချင်းဆိုင်စေလိုက်သည်။ ကုတင်ပေါ်မှာ ကိုယ်တပိုင်း လဲလျောင်းလျှက်သားရှိနေသေးတဲ့ အမျိုးသမီးပေါက်စရဲ့ ခါးသွယ်သွယ်လေးကို ပြန်ဖက်ထားရင်း မောင့်မှာ စေညွှန်ရာ လိုက်ပါပေးနေရသည်။ "မောင် ငါ့ကိုကြည့် ငါ ပြောစရာရှိတယ်" "ဘာများလဲဟင်" "ငါ မောင့်ကို ချစ်တယ် သိလား ငါမောင့်ကို အရမ်းချစ်တယ် ဟင့်အင်း မဟုတ်သေးဘူး ဒီလောကကြီးမှာ ငါ အချစ်ဆုံး တန်ဖိုးအထားဆုံး အဆုံးရှုံးမခံနိုင်ဆုံး ဖြစ်တည်မှု့က မောင် တစ်ယောက်တည်းပဲရှိတယ်" "မေ ...မေရယ်" "တကယ်ပြောတာ အတည်ပြောတာ မှတ်ထားနော် ငါက မောင့်ကို အဲ့လောက်မက ချစ်တာနော် သိလား အရမ်း အရမ်းချစ်တယ်" "မောင်လည်း မေ့ကို ပြောပြလို့မရအောင် ချစ်တယ် တိုင်းဆလို့မရအောင် မြတ်နိုးတာပဲကွယ် ဒါကိုရော မေ သဘောပေါက်ပြီလား" "အင်း အင်း ငါသိပြီ ငါ ဒီအတောတွင်းမောင့်အပေါ်မှာ ဆိုးခဲ့တာတွေအတွက်တောင်းပန်ပါတယ် ငါက ဒီအတိုင်း အရမ်းလေးနက်လွန်းတဲ့ မောင့်အချစ်ကို လက်ခံဖို့ရာ အတွေးလွန်နေခဲ့တာပါ" ရင်ခွင်ထဲထိ တိုးဝင်လာပြီး ပခုံးပေါ်က လက်တွေကိုပါ တင်းကျပ်အောင် ဖက်လာသည့် ချစ်ရသူကို မောင် ဘာကြောင့်များ အလှကြည့်နေနိုင်မလဲ။ အသာဆွဲယူလိုက်တဲ့ ခါးသွယ်သွယ်လေးကနေ ကိုယ်ခန္ဓာနှစ်ခုလုံး ပူးကပ်သည်အထိ ဆွဲဖက်လိုက်သည်။ "မေ့ကို သတိရနေတာဗျာ""ငါရောပဲ မောင့်ကို ထပ်မတွေ့ရမှာ ကြောက်လိုက်တာ" နီးကပ်လာတဲ့ မျက်နှာနုနုလေးကို လက်ဖဝါးနှစ်ဖက်ထဲ အသာယာထည့်ကာ ဆွဲကိုင်လို့ မောင့်မှာ အသေချာ ကြည့်လို့မဝနိုင်။ "မောင့် ဘေဘီလေး မျက်နှာလေးကို ချောင်ကျသွားတာပဲကွာ" "ဟုတ်လားဟင်" "အင်း စိတ်မပူပါနဲ့ မောင်က သေချာပြုစုပေးမှာပါ" "အဟင်း ဟုတ်လား အခုလောလောဆယ် အားပြည့်သွားအောင် အရင်ဆုံး နမ်းပါလား မောင်ရဲ့ အွင့်" ပါးတစ်ဖက်ကို လေဖောင်းပေးရင်း ရက်ရောလာသူကြီးကို မောင့်မှာ ငြင်းဆန်ရန် အစီအစဉ်ကိုမရှိတာ။ "မွ မေ့ပါးနုနုလေးကို မောင့်အနမ်းတွေနဲ့ ကုသပေးမယ်" "နောက်တစ်ဖက် မောင် အွင့်" "အဟင်း မွ အင်း မွ" ဘယ်ပြန် ညာပြန် ပါးတစ်ဖက်စီတင်မဟုတ် နှဖူးပြင်ကျဉ်းကျဉ်းလေးထံပါ အနမ်းခြွေလိုက်တော့ လူမမာဟာ တဟီးဟီးနဲ့ သဘောတကျ ထရယ်ပြန်ပါသည်။ ဒီထက်မကတဲ့ အထိတွေ့တွေကို ရင်းနှီးပြီးသား ချစ်သူတွေမို့ အရာရာဟာ လိုက်ပါစီးမျောချင်စရာ အငွေ့သက်တွေပြည့်နေသည်။ "မောင်" "ဟင် မေ ဘာနားအဆင်မပြေလို့လဲ" မျက်နှာအနှံ့ကို မွှေးကြူနေသူသည် ရင်ခွင်ထဲက အသံသေးသေးလေးကြောင့် ခဏ ရပ်သွားကာ စိုးရိမ်ပူပန်စိတ်အပြည့်ဖြင့်မေးလာသည်။ "ငါ တစ်နေရာ အဆင်မပြေတာရှိတယ်" "ဘယ်နားလေးလဲဟင် မောင် ဆရာဝန်တွေခေါ်လိုက်မယ်" "အဟင့် မခေါ်နဲ့ မောင်ကုပေးမှ ရမှာ" ခပ်ချွဲချွဲလေးပြောသံမှာ အထာပေါက်စွာ မောင် တစ်ယောက် လှိုက်လှိုက်လှဲလှဲပြုံးလိုက်မိသည်။ "ကဲ မောင့်ရဲ့ ဘေဘီလေးပြောပါဗျာ ဘယ်နားက အဆင်မပြေလဲ မောင့်အနမ်းတွေနဲ့ ကုပေးမှာပေါ့" "အွင့် ဒီမှာ ဒီနား လုံးဝ အဆင်မပြေဘူး မောင် နမ်းပေး" "ဟာ မေရာ" နှုတ်ခမ်းလှလှလေးတွေကို အနည်းငယ် ဆူပေးရင်း ပြောလာသည့် ဒီအမျိုးသမီးကြောင့် မောင့်မှာ ဝမ်းသာ ဝမ်းနည်းရခက်ကြီး။"ဘာလဲ မောင်က ငါ့နှုတ်ခမ်းတွေကို မနမ်းချင်ဘူးလား ငါကတော့ ဒီမှာ ဟိုကောင့်ကြောင့် အော်ဂလီဆန်လို့ ကိုယ့်နှုတ်ခမ်းကိုတောင် ဖြတ်ထုတ်ပစ်ချင်နေတာ ဘာလဲနော် မောင်က ငါ့ကို ရွံ့လို့လား" "ဟာ မောင့်အမျိုးသမီးရယ် ဘာတွေတွေးနေပြန်တာလဲ မောင်ဖြင့် မင်းနှုတ်ခမ်းလေးတွေကို နမ်းလို့တောင် မဝသေးတာကို မောင်က ဘာကို ဂရုစိုက်ရမှာလဲ ...အင်း ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲနော် နောက်ဆက်တွဲတွေဖြစ်လာရင် မေပဲ တာဝန်ယူရမှာ နော်" "ဒါပေါ့ အကုန်တာဝန်ယူတယ် မြန်မြန်နမ်းတော့ မောင့်အနမ်းတစ်ပွင့်နဲ့ဆို မေ့ရောဂါတွေ အကုန်ပျောက်မှာ နမ်း နမ်း အဟီး ဟီး" ဒီလို အခွင့်ရေးမျိုးကို စနေသားတို့ လက်လွှတ်ခံပါ့မလား။ စိတ်မြန်လက်မြန်နဲ့ နှုတ်ခမ်းလှလှဆီ အနမ်းတွေခြွေပြီး ခရီးလှလှလေးဆက်ရန် ပြင်လိုက်ရင်ပဲ ...."ကဲ နမ်းရုံနဲ့ ရောဂါပျောက်တယ်တဲ့ ငါတို့ဆရာဝန်တွေမလိုတော့ဘူး ပြန်ကြစို့" ဆူအောင့်အောင့် အသံကြီးက အခန်းဝကနေ ထွက်လာသည်။ မောင်လည်း လန့်သွားသလို မေဆို ကိုယ်လုံးလေးပါ တုန်တက်သွားသည်။ ကြည့်လိုက်တော့ ဆရာဝန်တွေ တသိုက်ကြီး မတ်တပ်ရပ်လို့ မောင်တို့ကို ကြည့်နေတာများ ပါးစပ်လေးတွေ အဟောင်းသားနဲ့။ တာဝန်ခံ ဆရာဝန်ကြီးဖြစ်သူက သည်းမခံနိုင်တော့ဘူး ထင်ရဲ့ အထက်ပါ အတိုင်းပြောပြီး လှည့်ထွက်သွားတော့သည်။ ".....အော် လူနာရှင်တွေ မှတ်ထားပါ ဒီလူနာနဲ့ လူနာစောင့်ကို ဘယ်တော့မှ ငါတို့ဆေးရုံလာမတင်နဲ့ မကုပေးဘူး ...ယိလိုပဲ ဘဝကြီးက ကိုယ့်ဟာကို အေးဆေး ဆေးကုစားနေတာတောင် ဆေးရုံထိလာပြီး ခွေးစာတွေလာကျွေးနေတဲ့ သူတွေနဲ့ တိုးနေတယ်" ဒီစကားကိုတော့ ဆရာဝန်အုပ်လိုက်ကြီးနောက်မှာ ရပ်နေသည့် လူသုံးယောက်ကို ဦးတည်ပြောသွားခြင်းဖြစ်သည်။ မောင်ကတော့ အခုမှ ဒီသုံးယောက်ကို မြင်တာ တကယ်ပါ။ ကိုယ့်အာရုံထဲမှာ မေကလွဲလို့ရှိမနေတော့လေ ဘာတတ်နိုင်မလဲ။ ဆရာဝန်ကြီးစကားကြောင့် မောင် နည်းနည်းမျက်နှာပူလို့ မေနဲ့ ကိုယ်ချင်းခွာလိုက်တယ်ဆိုမှ မေကလည်း ထိုလူသုံးယောက်ကို မြင်သွားပုံရသည်။ "ဟင် ယောက္ခမကြီးပါ ရှိနေတာလား" မေ့အာမေဋိတ်သံကြောင့် မောင်အပါဝင် အခန်းထဲရှိလူကုန်မှာ ကြောင်အသွားတော့သည်။ "မေ ဘာပြောတာလဲဟင်" မောင် မနေနိုင်စွာမေးမိတော့ မေက မောင့်ကို အံ့ဩစွာပြန်ကြည့်လာသည်။ ပြီးတော့ အခန်းဝကိုတစ်လှည့်ကြည့်ကာ တစ်ခုခုပြောဖို့ အားယူနေခိုက် အခန်းထဲကနေ တစ်စုံတစ်ဦး ထွက်သွားလေသည်။ "ဒုခေါင်းဆောင်က ဘယ်သူလဲမေ" တတိုင်းမွှေး(25/9/23)A/N- အခုကစပြီး ခဝေးစာတွေစားကြပါစို့။ စကားမစပ် လျို့ဝှက်ချက် အကြီးကြီးကို သိသွားပြီလား။ ............................................................................................................
YOU ARE READING
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်