(10)Zawgi

46 3 3
                                    

အပိုင်း(၁၀)"ပန်းချီကားတစ်ချပ်ဖန်တီးတယ်ဆိုတာ ကိုယ့်ရဲ့နှလုံးသားကို အများမြင်သာအောင် ချပြပေးနိုင်တဲ့ စိတ်ပြူတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ အတူတူပဲ မောင်ရဲ့" ကင်းဗတ်ပေါ်မှာ စည်းချက်ကျကျပြေးလွှားနေတဲ့ စုတ်တံကိုင် လက်ချောင်းသွယ်သွယ်ကို အကြည့်ရောက်နေတုန်း ကြားလိုက်ရတဲ့ စကားကြောင့် မောင် အာရုံပြန်လွင့်နေတာရပ်သွားရသည်။ ဒီအမျိုးသမီးက တခါတလေ သူနားမလည်တဲ့ စကားတွေပြောတတ်သည်။ ကျောင်းသားဘဝရဲ့ မပျောက်ကွယ်နိုင်သော အိမ်မက်ဆိုးကြီးဖြစ်တဲ့ ဆယ်တန်းစာမေးပွဲပြီးတော့ မောင် ပန်းချီသင်တန်းတက်ဖြစ်သည်။ ဆရာက တခြားသူတော့မဟုတ်။ မောင် ငယ်ငယ်ကတည်းက မြင်ဖူး ထိတွေဖူးနေကျ ဆေးရောင်စုံ ကားချပ်တွေရဲ့ ဖန်တီးရှင် မေဖြစ်သည်။ မောင် မှတ်မှတ်ရရ ရှိပါသေးသည်။ အဲ့ဒီနေ့က ဒီလိုပဲ မောင်နဲ့ ဝါဆို ခြံကြီးပတ်ပတ်လည်မှာ လျှောက်ဆော့ဖြစ်သည်။ ခြံနောက်ဖက် သစ်သားဂိုထောင်လေးဟာ အမြဲသော့ပိတ်ထားတတ်သလို မေးလိုက်တိုင်း လူကြီးတွေပြန်ဖြေသည်က အသုံးမလိုတဲ့ ပစ္စည်းတွေထားတဲ့ နေရာတဲ့။ သော့ပွင့်နေတဲ့ နေ့ဖြစ်တာနဲ့ကြုံလို့ မောင်တို့သွားစပ်စုဖြစ်သည်။ ဟောင်းနွမ်းနေတဲ့ ပရိဘောဂတွေရယ် စာအုပ်အထူကြီးတွေရယ်နဲ့ တိုလီမုတ်စတွေပြည့်နေသည့် တကယ့်နေရာကြီးပါ။ မောင် အမှတ်မထင်တွေ့သွားသည်က ထင်းရှူးသေတ္တာကြီးနဲ့ အပြည့်ထည့်ထားသည့် ဆေးရောင်စုံ ပန်းချီကားတွေဖြစ်သည်။ ဘယ်အရာကို အသုံးအဝင်ဖူးလို့ပြောတာလဲ မောင်တော့ နားမလည်။ အားလုံး ....အားလုံး အဲ့ဒီပန်းချီကားတွေအားလုံးက အရောင်တွေမှိန်နေသည့်တိုင် မောင့် မျက်ဝန်းထဲမှာတော့ ကမ္ဘာဦးတုန်းက ပျောက်ကွယ်သွားတဲ့ ရတနာတွေလိုပဲ တန်ဖိုးကြီးလိုက်တာများ။ ဒီပန်းချီတွေကို ကိုယ်ပိုင် အခန်းထဲသယ်လာသည့်ချိန်ကစလို့ ဒီနေ့ဒီအချိန်ထိ ဘဝတလျှောက်လုံး မောင့်အတွက် အသုံးဝင်လိုက်ပုံများပြောမကုန်နိုင်။ စာကြည့်ချိန်တွေ ပင်ပန်းရင် ၊ လိမ္မာရတာ ငြီးငွေ့လာရင်၊ ဘာဖြစ်လို့ဖြစ်နေမှန်းကိုယ်တိုင်နားမလည်ဘဲ စိတ်ရှုပ်ရချိန်တွေမှာ မောင့်ကို ဒီအနုပညာတွေက ကယ်တင်ခဲ့တာ။ မောင့်အတွက်တော့ အသုံးဝင်လိုက်ပုံများ စာဖွဲ့လို့ မကုန်နိုင်စရာ။ "တောင်တန်းတွေက ဝေးလွန်းရင် အပြာရောင်ပြောင်းသွားတယ် တိမ်တွေက ဝေးလွန်းရင် ကိုယ်ရောင်ဖျောက်သွားနိုင်တယ်" အနီးအဝေးအမြင်သီအိုရီကို သင်နေတုန်းမို့ မောင့်ပန်းချီတွေဟာ တခါတလေ မပီပြင်သေး။ လွဲမှားနေတယ်လို့ ဘယ်တော့မှ မပြောတဲ့ ဆရာသမားကောင်းကြောင့် မောင် လေ့လာသင်ယူခြင်းမှာ စိတ်မဖိစီးပါ။ ငွေကြေးနဲ့ စရင်းဇယားတွေကိုသာ နိုင်နင်းတယ်လို့ ထင်ရတဲ့ အမျိုးသမီးဟာ ဘယ်သူမှ မသိတဲ့ တဖက်ခြမ်းမှာ အနုပညာကို စိတ်ကြိုက် ချယ်လှယ်နေတာများ မောင့်မှာ အံ့ဩတကြီးဖြစ်ရသည်။ တခါတရံ စ◌ျန်ဝင်သွားရင် စုတ်တံကိုင်ထားတဲ့ မောင့်လက်တွေကို ထိန်ချုပ်ဖို့ ရောက်လာသေးတဲ့ လက်သွယ်သွယ်ဟာ စိတ်မရှည်စွာ သူကိုယ်တိုင် ဦးဆောင်သွားတာချည်းပဲ။ ဒီလိုအချိန်တိုင်း မောင့်စိတ်ထဲမယ် တည်ငြိမ် သက်ဝင်မှု့တွေ ခြေရာဖျောက်သွားတာ ဘယ်သူမှမသိ။ ဝုန်းဒိုင်းကျဲနေတဲ့ စည်းချက်တွေဟာ ဟိုတုန်းကလိုပဲ ရေရာတဲ့ အဖြေမရှိ။လွန်ခဲ့တဲ့နှစ်တွေမှာ ဒီအမျိုးသမီးနဲ့ ပတ်သတ်တဲ့ ဝေဒနာတစ်ရပ်ဟာ မောင့်ရင်မှာ တိတ်တဆိတ်အမြစ်တွယ်ခဲ့ပြီးပြီ။ ဒါကို ဘယ်သူမှ မသိအောင် သိုဝှက်ထားရတာ မောင် ဘယ်လောက်တော်လိုက်သလဲ။ သွေးသားတော်စပ်မှုမရှိတဲ့လူတွေပါလို့ သိရတုန်းကဆိုရင် ဝမ်းနည်းမှု တစုံတရာကို ရိပ်ရိပ်လေးသော်မျှ မဖြစ်ခဲ့တဲ့ မောင့်စိတ်ဟာ အတော်လေးဆန်းကြယ်ပါလား။ ဒီအမျိုးသမီးနဲ့ ပတ်သတ်ရင် မောင့်မှာ မရေရာမှုတွေ ကြီးစိုးနေတာ အတော်ကြာပြီ။ ဘာဆိုတာ တိတိကျကျ မသိနိုင်သေးတာမို့ ဘာလုပ်လို့ ဘာကိုင်ရမယ်လည်း မသိ။ ဒီလိုပဲ ရေစုန်မျောလာတဲ့ နေ့ရက်တွေဟာ မောင်တယောက်တည်းရဲ့ လူမသိ သူမသိ ကျဆုံးခန်းတွေပေါ့။ မောင် အဖြေရှာဖို့ လိုအပ်လာပြီလား။ "မောင် ပန်းချီပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုချင်သလား" တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထွက်ခါနီးတာတောင် စိတ်မလှုပ်ရှားခဲ့တဲ့မောင်ဟာ ဒီစကားကိုကြားတော့ နည်းနည်းစိတ်ရှုပ်မိသည်။ ဟင့်အင်း မောင် မလုပ်ချင်ပါဘူး။ မောင်က ဒီအတိုင်း သဘောကျရတဲ့ မြင်ကွင်းလေးတွေကိုပဲ ဘောင်ခတ်ရေးခြစ်ထားချင်တာ။ တသက်လုံးကြီး စွဲမြဲသွားဖို့အတွက်တော့ မောင့်နှလုံးသားဟာ အနုပညာသန္ဒေမတည်သေးဘူး ထင်ရဲ့။ "မောင် စီးပွားရေးတက္ကသိုလ်ပဲ တက်ချင်တာမေ" စီးကရက်အစား ချိုချဉ်လုံးလေးတွေနဲ့ အစားထိုးထားတဲ့ မေ့ပါးစပ် အဟောင်းသားဖြစ်သွားရသည်။ စွဲစွဲလမ်းလမ်း နေ့ရှိသရွေ့ ဆေးရောင်စုံတွေ ကင်းဗတ်စတွေ နဲ့သာ ကုန်ဆုံးနေတဲ့ ဒီကောင်လေးကို မေ နားမလည်တာလားပဲ။ အကြောင်းပြချက်က ဘာလဲလို့ မေးမိတဲ့ အခါ သူမမျက်ဝန်းတွေကို ရဲရဲ ဝံဝံ စိုက်ကြည့်ရင်းဖြေလာတဲ့ အဖြေတစ်ခွန်းချင်းစီဟာ ကျိုးကြောင်းဆီလျော်သည်။ "ဝါသနာက တန်ဖိုးထားစရာသပ်သပ်ပဲ ရည်မှန်းချက်ကကျတော့ အောင်မြင်ဖြစ်မြောက်အောင်လုပ်ရမယ့် အရာမဟုတ်လား မောင် မေ့လို စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တယ် ဒါမောင့်ရည်မှန်းချက် ပန်းချီတွေကိုတော့ မစွန့်လွတ်ပါဘူး မေ့လိုပဲလေ ဝါသနာဟာ မြတ်နိုးစွာ သိမ်းဆည်းထားရင်လည်း ရင်ထဲမှာ ရှင်သန်နေတာပဲ မဟုတ်လား" နောက်ရက်ကစလို့ မောင့် နေ့စဉ်လှုပ်ရှားမှုတွေ သစ်ဆန်းသွားရတာ ဒီအဖြေစကားကြောင့်ဖြစ်သည်။ တက်နေတဲ့ မြောက်များစွာသော သင်တန်းတွေအပြင် အခုဆို မောင့်ဟာ ဒေါ်ကသစ်မေရဲ့ လက်တွေ့သင်တန်းမှာ ကွင်းဆင်းရလေပြီ။ "တက္ကသိုလ်က ပညာသင်ပေးရင် မေကတော့ မင်းကို တတ်မြောက်ခြင်းဆိုတဲ့ လက်တွေ့သဘောတရားကို ပြပေးမယ်"အိမ်ရဲ့ ငွေဝင်လမ်းကြောင်းတစ်ခုချင်းစီကို တောက်တိုမယ်ရဘဝကနေ စသင်ယူရမယ်လို့ မေ ကသတ်မှတ်ပေးထားပေမယ့် မောင် ကိုယ်တိုင်လည်းလိုလားပါသည်။ ပထမဆုံးအလုပ်ကို လိုက်လာတဲ့နေ့မှာ မောင်ဟာ နေ့စားဝန်ထမ်းတွေနဲ့ တူညီဝတ်စုံဝတ်ရင်း အပေါက်ဝမှာ ဧည့်ကြိုထီးမိုးအလုပ်ကို စခဲ့ရတယ်။ "ဧည့်သည်တွေ တို့ဆီကို ရောက်လာတဲ့အခါ သူတို့ကို စ,မြင်လိုက်ရတဲ့ မျက်နှာအနေအထားနဲ့ သူတို့ထွက်ခွာသွားတဲ့ အခါ နောက်ဆုံးတွေ့လိုက်ရတဲ့ မျက်နှာအသွင်အပြင်ကို လေ့လာစမ်းမောင်" မေ့ရဲ့ ပင်မလုပ်ငန်းဖြစ်တဲ့ ရွှေဆိုင် လုပ်ငန်းဟာ တနိုင်ငံလုံးအဆင့်နဲ့ ယှဉ်ရင် ထိပ်တန်းမှာ ဝင်သည်။ တနေ့တနေ့ ရာချီလာတဲ့ ဖောက်သည်တွေရဲ့ မျက်နှာ အမူအရာကို အကဲခတ်ပြီး စိတ်ကို မှန်းကြည့်ဖို့ရာ မောင် အတော်ကြိုးစားရပါသည်။ ပြုံးရယ်ပြီး ပြန်သွားသလား ၊ မကျေမနပ်နဲ့ ကျိန်ဆဲသွားလေသလား၊ မပျော်မရွှင်နဲ့ ဝမ်းနည်းသွားလေသလားဆိုတာ မောင်တို့လုပ်ငန်းရဲ့ အောင်မြင်မှု၊ ငွေဝင်မှု အတိုင်းအတာတွေနဲ့ တိုက်ရိုက်အချိုးကျနေကြောင်း မောင် သင်ယူခဲ့ရပြန်သည်။ မောင်တို့ မမြင်မတွေ့ဘူးတဲ့ မေ့ရဲ့ ပုံစံတွေက အောင်မြင်မှုတွေ ဖြစ်နေပြန်တော့ တသက်လုံး ငွေပုံပေါ်မှာ မပူမပင်နေခဲ့ရမှုတွေအတွက် အားနာလို့မဆုံး။ ရိုကျိုးမှုတွေ၊ နှိမ့်ချမှုတွေဟာ ကသစ်မေဆိုတဲ့ အမျိုးသမီးဆီမှာ မရှိဘူးထင်ခဲ့တာလို့ဆိုတော့ မေက ရယ်သည်။ "မောင်ရဲ့ မှတ်ထား လုပ်ငန်းပြိုင်တွေမှာ ဘယ်သူက ပိုအောင်မြင်လဲဆိုပိုပြီးသည်းခံနိုင်တဲ့လူက ပိုအောင်မြင်တာပဲ လူ့အောက်ကျို့လို့လူပိမသေပါဘူး အဲ့ဒီအစား သူများတွေက တစ်ရာရအောင်ရှာနိုင်ရင် ကိုယ်က သုံးရာရအောင် ယူနိုင်ရမယ်"ဒီအမျိုးသမီးဟာ မောင့်အတွက် ဆန်းကြယ်လှသော မျက်နှာဖုံးအမျိုးမျိုးရဲ့ ပိုင်ရှင်ဖြစ်နေတာကို သဘောပေါက်လာရသည်။ ကသစ်မေကို လိုက်မီဖို့ဆို မောင်လည်း ဒီလို ဆေးရောင်စုံမျက်နှာဖုံးတွေ ဆင်မြန်းရမည်လား။ ကြုံတွေ့ရတော့မယ့် လောကကြီးကို ကြောက်မိပါ၏။ ဒါပေမယ့်လည်း မောင့်အနားမှာ ဒီအမျိုးသမီးရှိနေပေးလို့ တော်ပါသေးရဲ့။ မာကျောတယ်လို့ ထင်ရပေမယ့် နူးညံ့နေတဲ့ စိတ်နှလုံးသားပိုင်ရှင်ရယ် ငြိမ်သက်မှုတွေလွှမ်းခြုံထားပေမယ့် ပြတ်သားနိုင်ရက်တဲ့စိတ်အစဉ်ကို ပိုင်ဆိုင်ထားသူရယ်ဟာ မျက်နှာဖုံးကိုယ်စီနဲ့ ရှင်သန်နေတော့ ပွဲကြည့်ပရိသတ်တွေခင်မျာ ဘယ်ဇာတ်ကွက်ကို ကြည့်ရလေမလဲ စိတ်လှုပ်ရှားနေမှာ ဧကန်ပင်ဖြစ်သည်။....................................................ပညာရေးတက္ကသိုလ်ဟာ တခြားမြို့မှာရှိတာမို့ အိမ်က မင်းသမီးလေးခင်မျာ အဖြူအစိမ်းဝတ်ဆရာမလေးဘဝကို လိုချင်မိတာ နောင်တရသလိုလိုရှိလာသည်။ အိမ်ကြီးရဲ့ အချစ်ခံလေးဟာ တနယ်တကျေးကို ပညာသင်သွားတော့မယ်ဆိုတော့ မိခင်ဖြစ်သူဟာ မျက်ရည်လေးစမ်းရပြန်သည်။ ကိုယ့်တုန်းက မဖြစ်မြောက်လိုက်သော ပညာရေးလမ်းဆုံးထိ သမီးဖြစ်သူကို လျှောက်စေချင်တော့ လိမ္မာစေဖို့ မှာတမ်းခြွေရတာ ခဏခဏ။ ဒီလိုနဲ့ သားအမိနှစ်ယောက်ရဲ့ ကတ္တီပါလမ်းခွဲ ပြဇာတ်ကိုကျန်သူတွေ စိတ်မရှည်တော့ပါ။ "မမယုရယ် ပညာသင်သွားတာပါ လင်နောက်လိုက်တာ မဟုတ်ပါဘူး ငိုမနေပါနဲ့ တကယ်ပဲ နားငြီးလာပြီ" "ဟဲ့ ပညာသင်ပဲ သွားလို့ပေါ့ လင်နောက်လိုက်ရင် ငါ ကိုယ့်ကိုကိုယ်သတ်သေလိုက်ပြီ" တစ်ယောက်တခွန်းပြန်ပက်နေသော ညီအစ်မနှစ်ယောက်ကို စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေသည်က မကြာခင် တမြို့စီခွဲလို့တက္ကသိုလ်တက်တော့မယ့် လူငယ်နှစ်ယောက်။ တစ်ယောက်က ပညာရေးတက္ကသိုလ် နောက်တစ်ယောက်က စီးပွားရေးတက္ကသိုလ်မို့ နှစ်ယောက်လုံး ကိုယ်စီ မွေးရပ်မြေနဲ့ အိမ်ကြီးကို ခွဲရမည်။ "ကိုကို ဝါဆို့ကို နေ့တိုင်းဖုန်းဆက်မယ်မလား" "ဒါပေါ့ ဘာမှမကြောက်နဲ့ ဟိုရောက်ရင် သူငယ်ချင်းတွေ ချက်ချင်းရလာမှာ နေပျော်မှာပါ မင်းသမီးလေးရဲ့" "တကယ်ဆို ကိုကိုနဲ့ တမြို့တည်းတက်ချင်တာကို မေက ခွင့်မပြုလို့သာပေါ့ ကိုကိုလည်း အဆင်ပြေအောင်နေနော်" ကိုယ့်ကိုပြန်လည်ကာ စိတ်ပူပေးနေသော ညီမငယ်ရဲ့ ခေါင်းကို ခပ်ဖွဖွလေးသပ်ပေးလိုက်သည်။ ကြီးလာလေ လှလာလေဖြစ်သော ညီမငယ်သည် အဖြူအစိမ်းဝတ်ကျောင်းဆရာမလေးဖြစ်ချင်တယ်လို့ ဆိုလာလေတော့ မူလအစီအစဉ်ဖြစ်သော မောင်နှမနှစ်ယောက် တက္ကသိုလ်အတူတက်ရေး အစီအစဉ်ကို ရွေ့ရတော့သည်။ မောင် ကျောင်းသွားတက်မယ့် မြို့မှာ ပညာရေးကောလိပ်ရှိပေမယ့် မေက လက်မခံ။ အမှတ်မြင့်မြင့်နဲ့ အောင်တဲ့ သူတူမဟာ ပိုအဆင့်မြင့်တဲ့ နေရာမှာသာ ပညာသင်စေရမယ်တဲ့။ ဒီလိုနဲ့ပဲ တခါမှ မခွဲဖူးတဲ့ သူတို့နှစ်ယောက်ဟာ ကိုယ်စီ အိမ်နဲ့ ဝေးရဦးမှာပေါ့။ မာမီယုက သမီးဖြစ်သူကို ကိုယ်တိုင်လိုက်ပို့ဖြစ်တာကြောင့် မောင့်ကိုတော့ မေတစ်ယောက်ထဲသာ လိုက်ပို့ပေးဖြစ်သည်။ အသက်မပြည့်သေးလို့ လိုင်စင်မလုပ်ရသေးမယ့် မေ့အစီအမံကြောင့် မောင် ကားမောင်းတတ်ပါသည်။ စီးပွားရေးတက္ကသိုလ်ရှိရာ မြေပြန့်မြို့လေးတစ်မြို့သို့ ဦးတည်နေတဲ့ မောင်တို့ ကားလေးထဲမှာ နည်းနည်း တိတ်ဆိတ်နေသည်။ ကားမှန်ချထားပြီး ဘေးတဖက်ကိုသာ စောင်းငဲ့ကြည့်ရင်း လိုက်ပါလာသူ အမျိုးသမီးဟာ နည်းနည်း တိတ်ဆိတ်နေလေတော့ မောင် မနေတတ်တော့ပါ။ "မေ နေကောင်းရဲ့လား" ဒီမေးခွန်းကို ပြန်ဖြေလာဖို့တောင် မောင် နှစ်ခါလောက်မေးယူလိုက်ရသည်။ "မောင်တို့ တက္ကသိုလ်အဝင်ဝမှာ ကန္တာရချယ်ရီပင်ကြီးရှိတယ်" မေးခွန်းနဲ့ အဖြေဟာ တခြားစီ။ မောင် သစ်ပင်တွေ ပန်းပင်တွေကို စိတ်မဝင်စားပါ။ ချယ်ရီဆိုပေမယ့် ကန္တာရချယ်ရီတဲ့ ။ စည်းနှောင်မထားတဲ့ ဆံနွယ်ညိုတွေဟာ လေအဝေ့မှာ မျက်နှာနုနုပေါ်သို့ ဝဲခနဲ လွင့်လာတော့ ကားမောင်းနေတဲ့ မောင့်ကို ကြည်နေသူ အမျိုးသမီးမျက်နှာ တခြမ်းကို ကွယ်သွားသည်။ ပြီးတော့မှ ရှေ့ကို ပြန်လှည့်ကာ "ဒီအတိုင်းပြောပြတာပါ" "မေ မျက်နှာ မလန်းသလိုပဲ ခဏအိပ်လိုက်ပါလား" "ဒီမြို့က သိပ်ပူလွန်း သိပ်အေးလွန်းတယ်မောင် ဂရုစိုက်ပါ" အစွန်းတစ်ဖက်ရောက်နေတဲ့ ရာသီဥတုအကြောင်းဟာ မောင့်စိုးရိမ်စကားတွေကို ဖျောက်ပစ်လိုက်သည်။ မေ ဘာဖြစ်နေသလဲ။ ဒါပေမယ့် မှိတ်ထားသည့် မျက်ဝန်းတစ်စုံနဲ့ ဆက်မလာတော့သော စကားတွေကြောင့် မောင် နည်းနည်းစိတ်သက်သာရာရသည်။ မြို့ဝင်ဆိုင်းဘုတ်နဲ့ တွဲလျှက် လိမ္မော်ရောင် စက္ကူပန်းတွေကို ကျော်ဖြတ်လာပြီးနောက် မောင်တို့ မြို့ထဲကို ဝင်လာသည်။ တခါမှ မရောက်ဖူးပေမယ့် မောင် စုံစမ်းထားသည့် လမ်းအတိုင်း မောင်းလာခဲ့တာ ဘေးနားက အိပ်ချင်ယောက်ဆောင်နေသူတစ်ယောက်ကို အနှောင့်အယှက်မပေးချင်လို့ပါ။ စီးပွားရေးတက္ကသိုလ်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထားတဲ့ လမ်းကို ကွေ့အဝင်မှာ မောင် နည်းနည်းသတိထားမိသည်။ ဒီအတိုင်း လမ်းလယ်မှာ သေချာ ရှိနေသည့် အပင်အိုတစ်ပင်။ အရွက်စိမ်းတွေဖုံးနေတဲ့ ဒီအပင်ဟာ မေ ပြောတဲ့...."ဒီအပင်က ကန္တာရချယ်ရီလေ ပွင့်တဲ့ အချိန်သိပ်လှတာ မောင်ရဲ့" ဘယ်အချိန်ကတည်းက သတိထားမိသွားသလဲ မသိသူဟာ အခုနကလို မှုန်မှိုင်းနေဟန် တစက်မှမရှိတော့။ ဖျတ်ခနဲ အရောင်တက်လာတဲ့ ဒီမျက်ဝန်းတွေဟာ ဘာကို အမှတ်ရသွားလို့လဲ။ မာမီယုပြောဖူးတယ် မေလဲ ဒီမှာ ကျောင်းတက်ဖူးတယ်တဲ့။ ပညာသင်နှစ်ဝက်တောင် မဆုံးသေးဘဲ ထွက်ခွာလာခဲ့တဲ့ ကျောင်းတော်ကို မေ သတိရလွမ်းဆွတ်လို့များလား။ ဘယ်နေရာမှာ ဘယ်အဆောက်အဦးရှိတယ် ဘယ်သူက ဘယ်ဌာနမှာ ရှိတယ်ဆိုတာကို လက်တမ်းပြောရင်း မောင့်ကို ဦးဆောင်ခေါ်သွားသူဟာ အမှတ်တရတွေထဲ ပြည့်ဝစွာ ပျော်ဝင်နေပုံရသည်။ ကျောင်းသားရေးရာက ထုတ်ယူလာသည့် လျှောက်လွှာဖြည့်ဖို့ မေနဲ့ အတူ လူရှင်းသည့် တနေရာကို ရွေးလိုက်သည်။ စာတင်ရေးလို့ ရသည့် ခုံတန်းတစ်ခုမှာ မေနဲ့ မောင် မျက်နှာချင်းဆိုင်ထိုင်ကာ လိုအပ်သည်များကို ဖြည့်နေစဉ်"ကသစ်မေ မေ မေဟုတ်တယ်မလား" ဩရှရှခေါ်သံဟာ မောင့်လှုပ်ရှားမှုတွေကို ရပ်တန့်သွားစေသည်။ မျက်နှာချင်းဆိုင်က အမျိုးသမီးဟာလည်း ဆတ်ခနဲ ခေါင်းထောင်လာကာ အသံလာရာ မောင့်နောက်ကျောဖက်ဆီကို ဝိုင်းစက်သော မျက်ဝန်းများဖြင့် ကြည့်လာသည်။ မောင် လှည့်မကြည့်ရသေးခင် အနားကို ရောက်လာသော အရိပ်ပိုင်ရှင်က မြန်လှ၏။ တိုက်ပုံအဖြူကို သေသပ်စွာဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် မေနဲ့ သက်တူရွယ်တူဖြစ်နိုင်ကြောင်းသိသာလှသည်။ ပြီးတော့ ရင်ဘတ်က ရွေရောင်ရင်ထိုးလေးမှာ ရေးထွင်းထားသည့် ရာထူးအရ ဒီတက္ကသိုလ်က ကထိကတဲ့။ "ကသစ်မေ မောင့်ကို မှတ်မိတယ်မလားဟင်" မောင်တဲ့။ ကိုယ့်ကိုကိုယ် မောင်လို့ သုံးနှုန်းလိုက်တဲ့ ဒီလူကြီးကို မောင် ဆိတ်သုဉ်းစွာ ကြည့်လိုက်မိသည်။ မတူဘူးလေ။ မောင့်ကို မောင်လို့ခေါ်ခြင်းနဲ့ ဒီလူကြီးကို မောင်လို့ ခေါ်ခြင်းမှာ အဓိပ္ပါယ်တွေ မတူဘူးဆိုတာ ကောင်းကောင်းသိတာမို့ မျက်နှာချင်းဆိုင်က အမျိုးသမီးဆီ အားကိုးတကြီးလှမ်းကြည့်မိသည်။ ဘာကို ကိုးစားမိမှန်းမသိပေမယ့်ပေါ့။ မောင် မသိတာ တခုနှစ်ခုမှ မကတာ။ အမှတ်တရတွေထဲ ပျော်ဝင်ခဲ့တာက မောင်ဆိုတဲ ဒီလူကြီးရော ပါနေမလား သိချင်လိုက်တာ မေရယ်။ မသိခြင်းတွေကြောင့် မောင် ဝမ်းနည်းမိတာ ဒီနေ့က ပထမဆုံးတော့ မဟုတ်ဘူး မေတတိုင်းမွှေး(14/4/23)A/N- ဖတ်ရှုပေးသူ တစ်ယောက်ချင်းစီအတွက်ကျေးဇူးအများကြီးတင်ပါတယ်။ နောက်တစ်ခုက သင်္ကြန်မုန့်ဖိုးပေးချင်လို့ပါ။ နည်းတယ်များတယ် သဘောမထားဘဲ ကိုယ့် စေတနာလို့ မှတ်ယူပေးပါ။ MPT- 07 7560 9015 4453 2228Ooredoo- 4237 4074 9252 4072အေးချမ်းတဲ့ နှစ်ကူးချိန်ခါလေးဖြစ်ကြပါစေ။ ............................................   

တိမ်ခိုးလေနှင်(Normal)Donde viven las historias. Descúbrelo ahora