အပိုင်း(၁၀)
"ပန်းချီကားတစ်ချပ်ဖန်တီးတယ်ဆိုတာ ကိုယ့်ရဲ့နှလုံးသားကို အများမြင်သာအောင် ချပြပေးနိုင်တဲ့ စိတ်ပြူတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ အတူတူပဲ မောင်ရဲ့"
ကင်းဗတ်ပေါ်မှာ စည်းချက်ကျကျပြေးလွှားနေတဲ့ စုတ်တံကိုင် လက်ချောင်းသွယ်သွယ်ကို အကြည့်ရောက်နေတုန်း ကြားလိုက်ရတဲ့ စကားကြောင့် မောင် အာရုံပြန်လွင့်နေတာရပ်သွားရသည်။ ဒီအမျိုးသမီးက တခါတလေ သူနားမလည်တဲ့ စကားတွေပြောတတ်သည်။ ကျောင်းသားဘဝရဲ့ မပျောက်ကွယ်နိုင်သော အိမ်မက်ဆိုးကြီးဖြစ်တဲ့ ဆယ်တန်းစာမေးပွဲပြီးတော့ မောင် ပန်းချီသင်တန်းတက်ဖြစ်သည်။ ဆရာက တခြားသူတော့မဟုတ်။ မောင် ငယ်ငယ်ကတည်းက မြင်ဖူး ထိတွေဖူးနေကျ ဆေးရောင်စုံ ကားချပ်တွေရဲ့ ဖန်တီးရှင် မေဖြစ်သည်။ မောင် မှတ်မှတ်ရရ ရှိပါသေးသည်။ အဲ့ဒီနေ့က ဒီလိုပဲ မောင်နဲ့ ဝါဆို ခြံကြီးပတ်ပတ်လည်မှာ လျှောက်ဆော့ဖြစ်သည်။ ခြံနောက်ဖက် သစ်သားဂိုထောင်လေးဟာ အမြဲသော့ပိတ်ထားတတ်သလို မေးလိုက်တိုင်း လူကြီးတွေပြန်ဖြေသည်က အသုံးမလိုတဲ့ ပစ္စည်းတွေထားတဲ့ နေရာတဲ့။ သော့ပွင့်နေတဲ့ နေ့ဖြစ်တာနဲ့ကြုံလို့ မောင်တို့သွားစပ်စုဖြစ်သည်။ ဟောင်းနွမ်းနေတဲ့ ပရိဘောဂတွေရယ် စာအုပ်အထူကြီးတွေရယ်နဲ့ တိုလီမုတ်စတွေပြည့်နေသည့် တကယ့်နေရာကြီးပါ။ မောင် အမှတ်မထင်တွေ့သွားသည်က ထင်းရှူးသေတ္တာကြီးနဲ့ အပြည့်ထည့်ထားသည့် ဆေးရောင်စုံ ပန်းချီကားတွေဖြစ်သည်။
ဘယ်အရာကို အသုံးအဝင်ဖူးလို့ပြောတာလဲ မောင်တော့ နားမလည်။ အားလုံး ....အားလုံး အဲ့ဒီပန်းချီကားတွေအားလုံးက အရောင်တွေမှိန်နေသည့်တိုင် မောင့် မျက်ဝန်းထဲမှာတော့ ကမ္ဘာဦးတုန်းက ပျောက်ကွယ်သွားတဲ့ ရတနာတွေလိုပဲ တန်ဖိုးကြီးလိုက်တာများ။ ဒီပန်းချီတွေကို ကိုယ်ပိုင် အခန်းထဲသယ်လာသည့်ချိန်ကစလို့ ဒီနေ့ဒီအချိန်ထိ ဘဝတလျှောက်လုံး မောင့်အတွက် အသုံးဝင်လိုက်ပုံများပြောမကုန်နိုင်။ စာကြည့်ချိန်တွေ ပင်ပန်းရင် ၊ လိမ္မာရတာ ငြီးငွေ့လာရင်၊ ဘာဖြစ်လို့ဖြစ်နေမှန်းကိုယ်တိုင်နားမလည်ဘဲ စိတ်ရှုပ်ရချိန်တွေမှာ မောင့်ကို ဒီအနုပညာတွေက ကယ်တင်ခဲ့တာ။ မောင့်အတွက်တော့ အသုံးဝင်လိုက်ပုံများ စာဖွဲ့လို့ မကုန်နိုင်စရာ။
YOU ARE READING
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်