ဆရာမကြီးအိမ်က အပြန် တလမ်းလုံး မေ့ကို စိတ်ကောက်နေသူ မမယုက စကားလုံးဝမပြော။ အကြောင်းရင်းက ဟိုပေါက်စလေးကို မမွေးစားလို့တဲ့။ မဟုတ်သေးပါဘူးနော် မေက ဘာကိစ္စလွယ်လွယ် နဲ့ ကလေးတစ်ယောက်ကို အိမခေါ်လာရမှာလဲ။ မေ့ ဘဝမှာ အရှုပ်အယှက်တွေ မလိုချင်ဘူးလို့ပြောတော့ သူ့ကလေးကိုပါ မချစ်ဘူးလားဆိုပြီး မျက်ရည်လေးစမ်းပြသည်။
"ကိုယ်ဝန်ဆောင်သည်ကို စိတ်ချမ်းသာအောင် ထားမယ်မရှိဘူး မေက သိပ်အသည်းမာတာပဲ"
"အယ် ကြည့် လွန်လာပြီနော် မမယု"
တကယ်ကို ပွစိပွစိနဲ့ ပြောနိုင်လွန်းသည်။ ကိုယ့်လောက် သူ့ကို စိတ်ချမ်းသာအောင်ထားတာ ကိုယ်ပဲရှိတယ်။ လိုလေသေးမရှိ ပါးစပ်က တစ်ခွန်းမှ ထုတ်မပြောရအောင် ဝယ်ခြမ်းပေးထားတယ်။ ပိုက်ဆံဆိုလည်း မမယုပါလာတာကို တပြားမှ မထိစေရ မေကပဲ ထုတ်ပေးသည်။ အစားအသောက်ကအစ ပြည့်စုံပါစေဆိုပြီး သူ့လက်သူ့ခြေထားပေးတာကို မမယုတို့က စိတ်ကောက်ပြပြီ။ တကယ်ဆို တခြားကလေးမရှိရင် သူ့ကလေးကို မေက ပိုဂရုစိုက်နိုင်တယ်ဆိုပြီး တွေးရမှာမလား။ ဒါသပ်သပ် ဆရာတပည့်နှစ်ယောက်ပေါင်းပြီး မေ့ကို အနိုင်ကျင့်တာ။
မေတို့ကား လမ်းထဲ ဝင်လာတော့ အိမ်ရှေ့မှာ ရပ်ထားသည့် ကားနှစ်စင်းကို တွေ့ရသည်။ စိတ်ကောက်ကာ ပွစိပွစိပြောနေသည့် မမယုမှာ ပါးစပ်ကလေးပိတ်ကာ မေ့ကို လှည့်ကြည့်သည်။ သေချာကြည့်မှ မေသိလိုက်ရသည်က မမယုတို့ အမေနဲ့ မေ့ရဲ့ မိဘတွေဖြစ်နေသည်။
"မေ သူတို့ဘာလာလုပ်တယ်ထင်လဲဟင်"
"ကလေးကို ခမည်းပေးဖို့ရောက်လာတာနေမှာပေါ့"
"မေ မမယုအကောင်းမေးနေတာ"
အသိသာကြီးပဲလေ မေ့အားကိုးနဲ့ အိမ်ပေါ်ကဆင်းလာသည့် မမယုနဲ့ လက်ခံထားသည့် မေ့ကို လာဆုံးမတာနေမှာပေါ့။ မမယုကတော့ ကားပေါ်က ဆင်းတာတောင် ခြေထောက်တွေတုန်နေတာ သတိထားမိသည်။ မမယုကို တွဲပြီး အိမ်ထဲသို့ ဝင်ဖို့လုပ်ရသည်။ ခြံတံခါးရှေ့မှာ ပိတ်ရပ်လိုက်သူက မမယု အမေ ။
ESTÁS LEYENDO
တိမ်ခိုးလေနှင်(Normal)
Romanceတိမ်ခိုးတိမ်စိုင်တွေဟာ လေပြေညင်းကနှင်ရင် အဝေးသို့လွင့်လို့ ကွယ်ပျောက်ရတယ်