💕 - 1

10.2K 275 9
                                    

✍️ Unicode

အရပ်ဆယ်မျက်နှာ အရပ်ရှစ်မျက်နှာ အရပ်လေးမျက်နှာက အမိသခင်မတို့အော်...... ဗုဒ္ဓဟူးသားအတွက်ကျွေးပါတယ် မွေးပါတယ်... စားကြပါသောက်ကြပါ...... စူးထားတဲ့ပညာတွေလဲပြန်နှုတ်ပေးလိုက်ပါ... မဖျားပါစေနဲ့... မယားပါစေနဲ့... မနာမကျင်ပါစေနဲ့... ကျေပါအေးပါခွင့်လွှတ်ပေးကြပါ... အကျွေးအမွေးနဲ့ တောင်းပန်ပါတယ်အော်......... "

တစ်ခါတစ်ရံဆွဲဆွဲငင်ငင်ထွက်လာတတ်တဲ့ ခွေးအူသံနဲ့ သစ်ရွက်တွေကြားထဲကိုလေတိုးချိန် သစ်ရွက်လှုပ်သံသဲ့သဲ့ကလွဲရင် ညကတိတ်ဆိတ်လို့နေသည်။

ဒီအထဲမှာမှ ရှင်းသန့်မောင်အတွက် ခွက်စာချနေတဲ့မယ့်ရဲ့ရေရွတ်သံတိုးတိုးကပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံလို့နေပြန်သည်။ရှင်းသန့်မောင်တို့အိမ်ဝင်းခြံစပ်မှာတင်ဆိုပေမဲ့ လူခြေတိတ်မီးမှိတ်အိပ်ကြတဲ့အချိန်ရောက်ပြီမို့ တစ်ရွာလုံးကအမှောင်အောက်မှာအိပ်မောကျနေခဲ့ပြီ။

အိမ်ဆီကမီးရောင်လဲ့လဲ့ကိုသာမြင်နေရတာမို့ ရှင်းသန့်မောင်ကျောချမ်းသလိုလိုတောင်ဖြစ်လာမိသည်။တိုးတိုး တိုးတိုးနဲ့ရွတ်နေဆဲဖြစ်တဲ့မယ်က ရွတ်လို့ပြီးသွားတဲ့အခါမှ ထမင်းနဲ့ကြက်သားကြော်နှစ်တုံးသုံးတုံးထည့်ထားတဲ့ လက်ထဲကငှက်ပျောဖက်နဲ့ ရေခွက်ကိုမြေပြင်ပေါ်ချလိုက်သည်။

" ကဲလာသား အိမ်ကိုပြန်ကြမယ်... နောက်ပြန်လှည့်မကြည့်နဲ့နော်...... "

မယ့်စကားအဆုံးမှာ မယ့်လက်ကိုကိုင်ပြီး အိမ်ဘက်ကိုခပ်သုတ်သုတ်လျှောက်လာခဲ့ကြသည်။ဒီနေ့ကဘာဖြစ်တယ်လို့မသိ တစ်ကိုယ်လုံးယားလို့နေသည်။ရှင်းသန့်မောင်ကအဲလိုချူချာတတ်တာပဲဖြစ်သည်။အဖေကတော့မြန်မာဆေးတိုက်ထားပေမဲ့ မယ်ကတော့နတ်မေးပြီး ခွက်စာချသည်။

ဘာပဲဖြစ်ဖြစ်ယားတာကိုပျောက်ချင်တာမို့ အဖေတိုက်တဲ့မြန်မာဆေးကိုသောက်ပြီး မယ်ခွက်စာချတဲ့နောက်ကိုအဖော်လိုက်လာခဲ့ခြင်းပင်ဖြစ်သည်။ရုတ်တရက်မယ်ခွက်စာချထားခဲ့တဲ့နားကို အပြေးလာတဲ့ခြေသံတစ်သံကြားလိုက်ရတာမို့ ရှင်းသန့်မောင်ဆတ်ခနဲပင်တုန်သွားမိသည်။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now