✍️ Unicode
တဖွဲဖွဲကျနေတဲ့နှင်းမှုန်တွေကလူတစ်ယောက်နဲ့လူတစ်ယောက်ကို ဘယ်သူဘယ်ဝါရယ်လို့တောင်သဲသဲကွဲကွဲမမြင်ရ။အရှေ့အရပ်ကနေထွက်လာပြီဖြစ်တဲ့နေမင်းကိုသေချာမြင်ရဖို့မပြောနဲ့ ပိန်းပိတ်အောင်ကျနေတဲ့နှုင်းမှုန်တွေကြားထဲကိုအလင်းရောင်တောင်ကောင်းကောင်းဝင်ရောက်မလာနိုင်သေး။
နှင်းရည်တွေစိုစွတ်နေတဲ့မြက်ပင်ရှည်တချို့ကတော့ တွဲခိုနေတဲ့နှင်းရည်ပေါက်တွေနဲ့အတူငိုက်မြည်းလို့ကောင်းနေကြတုန်း။နေရောင်ခြည်ရဲ့အနွေးဓာတ်ရောက်မလာနိုင်သေးတဲ့လောကဓာတ်တစ်ခွင်လုံးကတော့အအေးဒဏ်ကအနိုင်ယူနေတာကိုခံနေရဆဲ။
ရှင်းသန့်မောင်ရဲ့ကိုယ်ပေါ်မှာချည်ကြမ်းအင်္ကျီကိုနှစ်ထပ်သုံးထပ်ဝတ်ထားပေမဲ့နှင်းထုထဲမှာပါလာတဲ့အအေးဓာတ်က ခပ်ထူထူခပ်ကြမ်းကြမ်းအင်္ကျီအလွှာတွေကိုဖောက်ဝင်ကာ အသားတွေကိုအေးစိမ့်နေစေနိုင်တုန်း။
ချမ်းစိမ့်တဲ့ဒဏ်ကိုခံစားနေရပေမဲ့ စားတော်ပဲပင်နှုတ်နေတာပြီးချင်တဲ့ဇောကိုတော့ အေးစိမ့်ခြင်းကအနိုင်မယူနိုင်ကြ။ခမောက်ကြီးကြီးတစ်ချပ်ကိုဆောင်းပြီးမြင်ကွင်းထဲရောက်လာတဲ့ပဲပင်လေးတွေကိုအားရပါးရနှုတ်နေမိတာမို့ တဖွဲဖွဲကျနေတဲ့နှင်းမှုန်တွေကိုတောင်ခပ်မေ့မေ့။
မေ့တာမှဆေးခန်းပိတ်ရက်မို့ဆိုပြီး ပဲနှုတ်တဲ့ဆီကိုအလယ်လိုက်လာရင်း ပဲနှုတ်ကူနေတဲ့ကိုညီ့ကိုတောင်မေ့နေပါရောလား။
စားတော်ပဲပင်တွေမှာသီးနေကြတဲ့စားတော်ပဲသီးတွေကလဲတချို့အရာတွေကိုမေ့သွားစေနိုင်အောင်စွမ်းဆောင်ထားနိုင်ကြတာကိုး။အောင်မြင်လှတဲ့စားတော်ပဲစေ့တွေကအသီးထဲကနေရုန်းထွက်လာကြတော့မလိုအသီးခွံတွေပါဖောင်းကားလို့။
နေ့လည်နေပူချိန်နေရောင်အောက်မှာ စားတော်ပဲပင်တွေပေါ်ကိုကျရောက်လာမဲ့တုတ်ချက်တွေနဲ့အတူမြေတလင်းပြောင်ပြောင်မှာစားတော်ပဲစေ့တွေဖွေးနေမှာမြင်ယောင်မိပါသေးရဲ့။
စားတော်ပဲတွေအောင်အောင်မြင်မြင်သီးနေကြတာကိုဝမ်းသာအားရဖြစ်နေမိပေမဲ့ဒီယာကွက်ကရှင်းသန့်မောင်တို့ယာကွက်တော့မဟုတ်။မအေးညိုတို့ရဲ့ယာကွက်။ယာကွက်လို့ပြောနေရပေမဲ့အမှန်တကယ်တော့စပါးစိုက်တဲ့လယ်ကွက်သာ။
YOU ARE READING
💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုး
Romanceတချို့ဆုံတွေ့ရခြင်းတွေဟာ ဝဋ်ကြွေးကြောင့်လို့ဆိုတယ်......... yawthawemaung တချို့ဆုံတွေ့ရခြင်းတွေဟာ ဝဋ်ကြွေးကြောင့်လို့ဆိုတယ်.........