💕 - 7

4K 176 9
                                    

✍️ Unicode

ပဲဆီမွှေးမွှေးနဲ့သုပ်ထားတဲ့ဖိုးခေါင်ပြောင်းဖူးစေ့ပြုတ်ကို ရှင်းသန့်မောင်တစ်ဇွန်းခပ်စားလိုက်သည်။စေးနေအောင်ပြုတ်ထားတဲ့ဖိုးခေါင်ပြောင်းဖူးစေ့ပြုတ်တွေက တာဝန်ကျေပွန်စွာလျှာပေါ်မှာချိုမြလို့နေကြသည်။

ယောမှာစိုက်ကြတဲ့ပြောင်းဖူးမျိုးတွေထဲမှာ အခုစားနေတဲ့ဖိုးခေါင်ဆိုတဲ့ပြောင်းဖူးကိုရှင်းသန့်မောင်အကြိုက်ဆုံးဖြစ်သည်။သကြားပြောင်းဖူးတွေလဲချိုပေမဲ့ ဖိုးခေါင်ပြောင်းဖူးရဲ့သဘာဝအချိုကိုတော့မမီ။

အခုလဲ အရီးမယ်ခကဖိုးခေါင်ပြောင်းဖူးပြုတ်တယ်ဆိုပြီး ဖိုးခေါင်ပြောင်းဖူးကိုကြိုက်တဲ့ရှင်းသန့်မောင်ကိုအစားခေါ်တာမို့ အရီးမယ်ခတို့အိမ်ကို သားငယ်နဲ့အတူတူ အလည်ရောက်နေကြခြင်းပင်ဖြစ်သည်။

ဒီနေ့တော့နေမင်းခန့်ကမြို့ကိုဈေးဝယ်ဆိုပြီးတက်သွားတာမို့ အရီးမယ်ခတို့အိမ်မှာ အေးအေးဆေးဆေးစားသောက်ကာ အိမ်လည်နေဖြစ်ကြသည်။ဒါမှမဟုတ်ရင်တော့ သုတ်သုတ်သွားပြီးသုတ်သုတ်စားလို့သာ ပြန်ခဲ့ရတတ်သည်။

" ဖေဖေ သားရောပြောင်းဖူးစေ့သုပ်စားလို့ရမလားဟင်… "

" အမလေး သားငယ်ရယ်… ငါတို့အိမ်မှာနင်ကြိုက်တာကိုကြိုက်သလိုစားလို့ရတယ်… လာစမ်းငါ့နားကို ငါခွံ့ကျွေးစမ်းမယ်… ငမောင် နင်လဲကလေးကိုအဲလောက်ကြီးမချုပ်ချယ်နဲ့လေဟယ်…… "

အရီးမယ်ခရဲ့သမီး မထွေးညိုက သားငယ်ကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ ပြောင်းဖူးစေ့ပြုတ်ကိုခွံ့သည်။သားငယ်ကမထွေးညိုခွံ့တဲ့ပြောင်းဖူးစေ့ပြုတ်ကိုစားလိုက်ပြီး နောက်တစ်ဇွန်းခွံ့ဖို့လုပ်နေတဲ့မထွေးညိုရဲ့လက်ကိုတားထားလိုက်သည်။

" ဟမ် တော်ပြီလားသားငယ်ရဲ့… စားပါဦး… ချိုတယ်မဟုတ်ဘူးလား… အခုမနက်မှပြောင်းဖူးခင်းထဲကချိုးခဲ့တဲ့ပြောင်းဖူးပါ‌တော်… လတ်လတ်ဆတ်ဆတ်ချိုသလားမမေးနဲ့… ဘာလဲသားအဖေကိုကြောက်လို့လား… မကြောက်နဲ့ဖေဖေကငါ့သားကိုငေါက်ရင် အရီးက တုတ်နဲ့ကောက်ရိုက်ပစ်လိုက်မှာရယ်… စားသာစား…… "

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now