💕 - 19

3.9K 179 37
                                    

✍️ Unicode

လှလှပပဖြစ်အောင်ဝိုင်းပြင်ပေးထားကြတာမို့ ကြည့်ကောင်းနေတဲ့သားငယ်ရဲ့အသက်မဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး ရင်ထဲမှာနာကျင်လှသည်။သားငယ်ရဲ့ဘေးမှာဝိုင်းထိုင်နေကြသူတွေအားလုံးကလဲ တိတ်တိတ်ဆိတ်ဆိတ်ပင်မျက်ရည်သုတ်လို့နေကြသည်။

သားငယ်ကိုတစ်ရွာလုံးနီးကပါးကချစ်ခင်ကြတာမို့ သားငယ်သေဆုံးခြင်းကိုနှမြောဝမ်းနည်းကြပေမဲ့ ရှိုက်သံတစ်ချက်မှထွက်မလာဘဲ သားငယ်အလောင်းကိုစိုက်ကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ရှင်းသန့်မောင်ကြောင့်အသံထွက်မငိုကြတာပဲဖြစ်လိမ့်မည်။

နေမင်းခန့်မသိအောင်ဝယ်ပေးထားတဲ့အသစ်စက်စက်ဝတ်စုံနဲ့ သားငယ်ကတော့မသိရင်နှစ်နှစ်ခြိုက်ခြိုက်ပဲအိပ်ပျော်နေသလိုလို။အံ့ဩစရာကောင်းတာက ရှင်းသန့်မောင်ရင်ထဲမှာသေလောက်အောင်နာကျင်နေရပေမဲ့မျက်ရည်ကတစ်စက်မှကျမလာ။

သားငယ်သေသွားပြီဆိုတာသိပေမဲ့ စိတ်ထဲမှာတော့သားငယ်ကအိပ်နေရာကထလာပြီးဖေဖေရေလို့ခေါ်မယ်လို့ထင်နေတုန်း။ရေထဲမှာနစ်နေခဲ့တာရောအသက်မရှိတော့တာရောကြောင့်အေးစက်နေပြီဖြစ်တဲ့သားငယ်လက်ကလေးတွေကိုကိုင်ထားရင်းက ရှင်းသန့်မောင်လက်ထဲကသားငယ်လက်ချောင်းလေးတွေလှုပ်နေတယ်လို့ခံစားမိနေတုန်း။

" ငိုချလိုက်ပါလားကွယ်...... "

တစ်ချိန်လုံးရှင်းသန့်မောင်အနားမှာထိုင်နေတဲ့ ကိုညီ့အမေဆီကအသံထွက်လာပေမဲ့ ခေါင်းညိတ်မပြမိသလိုခေါင်းလဲမခါပြမိ။ငိုလိုက်ရင်ကော။ငိုလိုက်ရင်ကောသားငယ်ကပြန်လာမှာလား။ရှင်းသန့်မောင်မငိုချင်ပါ။ရှင်းသန့်မောင်ငိုတာကိုသားငယ်မြင်မသွားစေချင်ပါ။

တော်တော်တန်တန်နဲ့တော့သားငယ်ရှေ့မှာ ရှင်းသန့်မောင်ငိုမှမငိုခဲ့ဖူးပဲ။နောက်ထပ်တွေ့ရတော့မှာမဟုတ်တဲ့သားငယ်ကိုရှင်းသန့်မောင်ငိုတာမြင်မသွားစေချင်တော့။ဒါပေမဲ့လဲ ငိုချင်တယ်ဆိုရင်တောင်မျက်ရည်ကဘယ်လိုမှထွက်မလာ။မျက်ရည်မကျအောင်ငိုခဲ့ဖူးတာတွေရဲ့အကျိုးဆက်ပဲထင်ပါရဲ့။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now