💕 - 29

3.4K 137 16
                                    

✍️ Unicode

နေ့ပူညချမ်းတပေါင်းလသရမ်းဆိုတဲ့အတိုင်း မနက်နေရောင်မလာခင်ဆိုရင် အအေးဓာတ်ကခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံထားနိုင်တုန်း။ဒါပေမဲ့ အချမ်းဒဏ်ကိုအံတုပြီးဆွမ်းလောင်းဖို့ရောက်နေကြတဲ့သူတွေကမနည်းမနော။

လူငယ်တွေကတော့အဝတ်အစား‌အသစ်အနွေးထည်အသစ်နဲ့အသွေးစုံအရောင်စုံအလှချင်းပြိုင်နေကြသလို အဘိုးအဘွားတွေကတော့‌ချည်ကြမ်းစောင်လေးတွေခြုံလို့သူ့အလှနဲ့သူ။

ကောက်ခြေပြတ်အလုပ်အားချိန်ဖြစ်တာရောဒီအချိန်မှသာဆွေလည်မျိုးလည်ဆိုပြီးညအိပ်ညနေရောက်လာကြသူတွေရောမို့ ဘယ်ရွာဘုရားပွဲဖြစ်ဖြစ်လူစည်ပြီးသားဖြစ်ပေမဲ့ ရှင်းသန့်မောင်တို့ရွာဘုရားကတော့သီရိဓမ္မာသောကမင်းကြီးတည်ခဲ့တဲ့ဘုရားရယ်လို့ တခြားရွာတွေထက်ပိုပြီးလူစည်နေကြ။

ရေကန်ပေါင်းရှစ်သောင်းလေးထောင် စေတီပေါင်းရှစ်သောင်းလေးထောင်တည်ခဲ့တဲ့အထဲမှာ ရှင်းသန့်မောင်တို့ရွာဘုရားနဲ့ရေကန်ကြီးကလဲတစ်ခုအပါအဝင်။ရွှေရောင်ဝင်းနေတဲ့စေတီတော်နဲ့ရေကန်ကြီးကလိုက်ဖက်လှပါဘိ။ရေကန်ထဲမှာ ရောင်စုံပွင့်နေတဲ့ကြာပန်းတွေကတော့ ရှင်းသန့်မောင်အကြိုက်ဆုံး။

ငယ်ငယ်ကတည်းကစကြိုက်ခဲ့ရတဲ့ဒီကြာပန်းတွေကိုရှင်းသန့်မောင်ကမခူးရက်မကိုင်ရက်။ရေပြင်ပေါ်မှာလှပနေတဲ့ကြာပန်းကိုခူးယူလိုက်တဲ့အခါလှတယ်လို့မခံစားရတော့။ကြာပန်းဟာရေကန်ထဲမှာပဲရှိနေမှ။ကြာပန်းဟာရေလွှာနဲ့သာလိုက်ဖက်တင့်တယ်ဆုံးလို့ထင်ခဲ့တာ။

ငယ်ငယ်တုန်းက ဒီရေကန်ထဲကကြာခွက်တွေခူးပြီး ကြာစေ့တွေစားခဲ့ရတာသတိရမိပါသေးရဲ့။ရေသိပ်မနက်တဲ့ရေကန်ထဲကိုနွာစာကျွေးတဲ့သစ်သားခေါင်းကြီးချစီးပြီး ကြာခွက်တွေအပြိုင်အဆိုင်ရှာခဲ့ကြရတာ ပျော်စရာအကောင်းသား။

နွားစာခေါင်းတွေအချင်းချင်းတိုက်ကြ၊မမှောက်ဘဲကျန်နေတဲ့နွားစာခေါင်းကိုဝိုင်းမှောက်ကြ၊ရေကန်ထဲမှာအားရအောင်ဆော့ကြ၊မောသွားတဲ့အခါကြာခွက်တွေဝေစားကြနဲ့ ပျော်စရာကောင်းခဲ့တဲ့အတိတ်တွေကမနေ့တစ်နေ့ကလိုရှိနေကြဆဲ။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now