💕 - 5

4.6K 170 5
                                    

✍️ Unicode

" နေ... မင်း... ခန့်... "

စူးစူးဝါးဝါးအော်လိုက်တဲ့ မမရှင်းသန့်မေအသံကြောင့် စာသင်ကျောင်းဝင်းထဲရှိ ကုက္ကိုလ်ပင်ကြီးတွေအောက်က မုန့်ဆိုင်မှာမုန့်ဝယ်စားနေကြသူတွေအားလုံးတိတ်ဆိတ်သွားကြသည်။

ရှင်းသန့်မောင်တို့ရွာမှာရှိတဲ့ ကျောင်းကအထက်တန်းကျောင်းခွဲအထိတိုးမြှင့်ဖွင့်ထားတာမို့ ဘေးနားရှိရွာတွေကအလယ်တန်းအထိပြီးသွားတဲ့ကျောင်းသားတွေပါ ရှင်းသန့်မောင်တို့ကျောင်းမှာလာတက်ကြရသည်။

ဒါ့ကြောင့်မို့ ရွာကျောင်းဖြစ်ပေမဲ့ ရှင်းသန့်မောင်တို့စာသင်ကျောင်းမှာကျောင်းသားတွေပေါပါသည်။ကျောင်းသားတွေပေါတဲ့အထဲမှာမှ စာသင်ကျောင်းဝင်းထဲမှာမုန့်ဆိုင်ကသုံးဆိုင်ပဲရှိတာမို့ မုန့်စားဆင်းချိန်ဆိုလျှင်မုန့်ဆိုင်မှာလူတွေပြည့်နေတတ်သည်။

အခုတော့ မမရှင်းသန့်မေရဲ့စူးခနဲအော်လိုက်တဲ့အသံကြောင့် မုန့်ဝယ်နေကြသူတွေရော မုန့်စားနေကြသူတွေပါအားလုံးတိတ်ဆိတ်သွားကာ အကြည့်တွေက မမရှင်းသန့်မေနဲ့နေမင်းခန့်ဆီကိုရောက်သွားကြသည်။

ရှင်းသန့်မောင်ကအစွန်ဆုံးကဆိုင်မှာ သာကူကြိုသောက်နေတာမို့ ဒီအဖြစ်အပျက်ကိုအစအဆုံးမြင်နေရပေမဲ့ မမရှင်းသန့်မေကတော့ ရှင်းသန့်မောင်ကိုသတိထားမိဟန်မတူ။

မမရှင်းသန့်မေက ပြဿနာတစ်ခုခုကိုအစပျိုးပြန်ပြီဆိုတာစိတ်ထဲကအလိုလိုသိနေတာမို့ စားလက်စသာကူကြိုမှာတောင်အရသာတွေပျောက်လို့ကုန်သည်။

" နင်ကဒီလိုမုန့်တွေဘာတွေဝယ်စားရအောင် ပိုက်ဆံကိုဘယ်ကရခဲ့တာလဲ... နင်ခိုးခဲ့တာမဟုတ်လား...... "

မမရှင်းသန့်မေရဲ့ခပ်မာမာစကားကြောင့် နေမင်းခန့်ကလက်ထဲမှာကိုင်ထားဆဲမုန့်ကိုအောက်ပဲပြန်ချရမလို ဆက်ပဲကိုင်ထားရမလိုဖြစ်နေတုန်း၊ဆိုင်ရှင်အရီးမြကလဲ ယူထားလက်စပိုက်ဆံကိုသိမ်းပဲသိမ်းရတော့မလို နေမင်းခန့်ကိုပဲပြန်ပေးရတော့မလိုနဲ့အကုန်လုံးကြောင်အအ။

" အဖေကပေးလိုက်တာ ငါ့နဲ့နေမင်းခန့်ကိုတစ်ယောက်ငါးဆယ်စီပေးလိုက်တာ...... "

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now