💕 - 21

4K 172 24
                                    

✍️ Unicode

" ဟိုးအရင်တုန်းကဆိုရင်တော့ ကြက်ခြောက်ကောင်ဝက်ခြောက်ကောင်နဲ့လုပ်ကြရပေမဲ့အခုတော့ စင်မြင့်ကနေစင်နိမ့်ကိုတောင်းပန်ပြီး ကြက်တစ်ကောင်နဲ့ဝက်သားနှစ်ပိဿာဆိုရင်ရပါတယ်...... "

ရှင်းသန့်မောင်ရှေ့တည့်တည့်မှာထိုင်နေတဲ့သူကမျက်လုံးပြူးလိုက်ကာအံ့ဩသွားတဲ့ဟန်လုပ်ပြသည်။မနေ့ကတည်းကသိပ်နေမကောင်းချင်သလိုမို့ ဒီနေ့ဈေးရောင်းမသွားဖြစ်။

ကိုညီကထမင်းဟင်းတွေနဲ့ဆေးပါလာပို့သွားတာမို့ မနက်ကတည်းက ထမင်းစားပြီးဆေးသောက်အိပ်ပစ်လိုက်တာ ရှင်းသန့်မောင်နိုးလာတော့ဆယ့်တစ်နာရီထိုးပြီးနေခဲ့ပြီ။ဆေးသောက်လိုက်ရတာမို့ဖြစ်မည်။

လူကလန်းလန်းဆန်းဆန်းဖြစ်သွားတာမို့ ရေချိုးဖို့ရေတွင်းဆီအရောက်မှာ နေမင်းခန့်နဲ့အတူ ရှင်းသန့်မောင်မသိတဲ့လူတစ်ယောက်ရောက်လာခဲ့သည်။

လယ်အိုနတ်ကိုပူဇော်ပသရမှာမို့ ရှင်းသန့်မောင်ကိုလာခေါ်တာပါလို့ဆိုသည်။အဖေ့သွေးပါလာတဲ့ရှင်းသန့်မောင်က နတ်ပူဇော်ပသတာမျိုးတွေထက် ဘုရားတရားကိုကိုးကွယ်ဆည်းကပ်တာမျိုးပဲပိုကြိုက်တာမို့ နတ်ပူဇော်ပသတာမျိုးကို ဘယ်တုန်းကမှမလုပ်ခဲ့။

မှတ်မှတ်ရရ နေမင်းခန့်ခိုင်းလို့တစ်ခါလုပ်ပေးခဲ့ဖူးတာကသာလျှင် ရှင်းသန့်မောင်ဘဝမှာတစ်ခုတည်းသောနတ်ပူဇော်ပသဖူးခြင်းပင်။

" လူနာကမိန်းမဆိုရင်ကြက်ဖ လူနာကယောက်ျားဆိုရင်ကြက်မနဲ့ မရည်ကျိုလိုက်...... "

" ဟုတ်...... "

" ဝက်သားအစိမ်းတစ်ပိဿာကိုစင်မှာဆွဲ... ကျန်တဲ့တစ်ပိဿာကိုငါးဆယ်သားစီဝက်ပြီး တစ်ခုကိုဝက်သားနီချက်ချက်လိုက် ကျန်တဲ့ဝက်သားငါးဆယ်သားကို ဆန်ပြုတ်ကျိုလိုက်...... "

" ဟုတ်...... "

နတ်ပူဇော်ပသတာတွေကိုမယ်သင်ပေးထားခဲ့တာမို့ရင်းနှီးကျွမ်းဝင်နေပေမဲ့ ဘယ်သူခိုင်းခိုင်းပူဇော်ပသပေးတာမျိုးတော့ရှင်းသန့်မောင်မလုပ်ဖူး။

ဒါပေမဲ့ အခုနေမင်းခန့်နဲ့ပါလာတဲ့လူကိုကြည့်ရတာလဲအူကြောင်ကြောင်။နတ်ပူဇော်ပသဖို့လာမေးကြသူတိုင်းက လူနာအတွက်စိုးရိမ်စိတ်တွေများနေတဲ့မျက်နှာနဲ့လာတတ်ကြပေမဲ့ ဒီလူကတော့ဒီလိုမဟုတ်။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now