💕 - 30

3.8K 136 13
                                    

✍️ Unicode

" သင်္ကြန်နွေဦး တူးပို့ တူးပို့ တူးပို့ တူးညင်သာ… သင်္ကြန်မယ်များ တူးပို့ တူးပို့ တူးပါရဲ့နော်ဗျာ…… "

ညီညီညာညာကနေတဲ့ ယိမ်းသမလေးတွေရှိရာဇာတ်ခုံကနေ သင်္ကြန်သီချင်းသံကလွင့်ပျံလို့နေသလို ရှင်းသန့်မောင်အိမ်ရှေ့မှာစိုက်ထားတဲ့ ပိတောက်ပင်ကြီးဆီက ပိတောက်ပန်းရနံ့တွေက ဝန်းကျင်တစ်ခုလုံးကိုလွှမ်းခြုံလို့နေသည်။

အဖေကိုယ်တိုင်တောထဲကပိတောက်ပင်ပေါက်ကလေးကိုတူးပြီးစိုက်ထားတဲ့တောပိတောက်စစ်စစ်မို့ အပင်ကြီးမြန်တဲ့မြို့ပိတောက်လောက်မကဘဲ အမွှေးရနံ့ကပိုပြီးစွဲမက်စရာကောင်းလှသည်။

အိမ်ဝင်းထဲမှာပဲစိုက်ထားတာဆိုပေမဲ့ အိမ်အဝင်ပေါက်ဝနားမှာကပ်ပြီးစိုက်ထားတာမို့ ဝါထိန်နေတဲ့ပိတောက်ပန်းတွေကမြင်သူတကာကိုသရေကျစေသည်။သင်္ကြန်မဏ္ဍပ်ကိုရောက်လာကြသူတွေနဲ့ လမ်းသွားလမ်းလာတွေကပိတောက်ပန်းကိုခူးချင်ကြပေမဲ့ ရှင်းသန့်မောင်ကအခူးမခံတာမို့ ပိတောက်ပန်းတွေကိုလိုချင်တက်မက်တဲ့မျက်လုံးတွေနဲ့သာ ဒီအတိုင်းသာငေးမောကြည့်သွားကြရသည်။

ရှင်းသန့်မောင်ကြားဖူးတာတစ်ခုရှိသည်။ဂျပန်နိုင်ငံမှာဆာကူရာပန်းတွေပွင့်တဲ့အခါ ဘယ်သူမှခူးယူခြင်းမပြုဘဲ ဒီအတိုင်းပဲအလှကြည့်ကြသည်။ဆာကူရာပန်းတွေကလဲ ပိတောက်ပန်းတွေလိုပဲအပင်ပေါ်မှာအကြာကြီးခံတာမျိုးမဟုတ်တာမို့ ဆာကူရာပန်းတွေပွင့်တဲ့အချိန်မှာ တစ်နိုင်ငံလုံးကရုံး‌တွေ၊ကျောင်းတွေ၊အလုပ်ရုံတွေကိုပိတ်ပေးလိုက်သည်။

ဒီတော့မှ ဂျပန်နိုင်ငံသူနိုင်ငံသားတွေကဆာကူရာပန်းပင်တွေအောက်ကို ပျော်ပွဲစားထွက်လာကြပြီး ပန်းတွေကိုမြတ်မြတ်နိုးနိုးနဲ့အလှကြည့်ကြသည်လို့ရှင်းသန့်မောင်ကြားဖူးသည်။ဆာကူရာပန်းတွေကမှနှစ်ရက်သုံးရက်ခံသေးသည်လို့ဆိုသည်။

ပိတောက်ပန်းကတော့တစ်ရက်တည်း။ဒါ့ကြောင့်ပဲ တစ်ရက်တည်းသာပွင့်တဲ့ပိတောက်ပန်းတွေကို အပင်ပေါ်မှာသာအစွမ်းကုန်လှလို့နေစေချင်သည်။

💕 မုန်းသူ့ကျိန်စာမပြေသည့်ရန်ငြိုးWhere stories live. Discover now