Hold Me Hold My Soul - 25

2.5K 297 54
                                    

ရှောင်းကျန့်ရဲ့လှုပ်ရှားမှုတွေက အရမ်းမြန်တယ်။ တလအတွင်းမှာပဲ အင်တာနက်စီးပွားရေးလောကတခုလုံး လှုပ်ခါသွားတယ်။ ကုမ္ပဏီတခု နေ့ချင်းညချင်း ပေါ်လာပြီး ဈေးကွက်တခုလုံးကို လက်ဝါးကြီး အုပ်သွားတယ်။ စီးပွားရေးလောကထဲကလူတွေမှာ ရုတ်တရက်မို့ မှင်တက်ကုန်တယ်။ ဒီလိုမျိုး "ကျောက်ခဲ" သေးသေးလေးတလုံး ရုတ်တရက် ပေါ်လာပြီး လှိုင်းလုံးကြီးတွေ ထသွားအောင် လုပ်နိုင်လိုက်လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး။

ကုမ္ပဏီကြီးတွေလို့ ပြောလို့ရတဲ့ ချီလုံရဲ့လက်အောက်က အင်တာနက်ကုမ္ပဏီတွေ အကုန်လှုပ်ခတ်ကုန်တယ်။ ဈေးကွက်တွင်းမှာ ကြီးကြီးမားမား ပြောင်းလဲမှုတွေ မဖြစ်အောင် ကုမ္ပဏီတခုလုံးဟာ အင်အားတက်လာမယ့် ဖြစ်နိုင်ချေတွေကို တားဆီးကြတယ်။ ဝမ်ရိပေါ်ကိုယ်တိုင်မှာလည်း ဒီလိုရုတ်တရက်ကြီး ဈေးကွက်ကသောင်းကနင်းဖြစ်မှုကြောင့် ခေါင်းကိုက်လာတဲ့အထိပဲ။ သူ့မှာ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ သူ တပတ်လုံး အင်အားသုံးလို့ ဖြစ်စဉ်အရင်းအမြစ်ကို ရှာပေမဲ့ ဘယ်ကနေ စလာတယ်ဆိုတာ ရှာမရ ဖြစ်နေတယ်။

ကုမ္ပဏီတခုဟာ ရုတ်တရက်ကြီး ဒီလို ပေါ်ထွက်မလာနိုင်မှန်း သူ သိတယ်။ အခုချိန်မှာ ဒီလို ရဲရဲတင်းတင်း လုပ်ရဲတဲ့လူဟာ နောက်ကွယ်မှာ အင်အားကြီးတဲ့ ပိုင်ဆိုင်မှုတွေ ရှိကိုရှိရမယ်။ ဘယ်သူဖြစ်နိုင်မလဲ? ဝမ်ရိပေါ်ဟာ သူ စဉ်းစားလို့ရသမျှ လူကို စစ်ဆေးပေမဲ့ ဘယ်လိုသဲလွန်စကိုမှ ရှာမရနိုင်ဘူး။ အဲ့တော့ ဒီကုမ္ပဏီဟာ လူတွေကို လှည့်ဖြားဖို့ ခဏတာ ပေါ်ပေါက်လာတဲ့ အသုံးချခံ ကုမ္ပဏီတခုပဲ ဖြစ်ရမယ်ဆိုတာ သူ သေချာလာတယ်။ ပြဿနာတွေ ရှုပ်ထွေးအောင်၊ ဈေးကွက်ကို လှိုင်းထအောင် လုပ်နိုင်တဲ့တခြားလူ ရှိကို ရှိရမယ်။

သူ ရှောင်းကျန့်ကို သံသယ မဝင်တာတော့ မဟုတ်ဘူး။ ဘာပဲပြောပြော သူ သေချာလိုက်ကြည့်ပြီးတဲ့အခါ ဒီလောကထဲမှာ ရှောင်းကျန့်ကလွဲရင် ဒီလိုအင်အားကြီး ငွေကြေးပိုင်ဆိုင်ပြီး သပ်ရပ်တဲ့နည်းစနစ်ကို ကိုင်တွယ်နိုင်တဲ့ တခြားလူကို သူ စဉ်းစားမရနိုင်ဘူး။ ဒါပေမဲ့ သူ့နံဘေး ခေါင်းအုံးပေါ်ကလူကို အကြိမ်ပေါင်းများစွာ ကြည့်မိတဲ့အခါတိုင်း မဖြစ်နိုင်ဘူးလို့ပဲ ခံစားမိတယ်။

Human Nature is Evil ||Completed||Where stories live. Discover now