Hold Me Hold My Soul - 20

2.9K 339 24
                                        

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ် ပထမဆုံးအကြိမ် တရားဝင် ဒိတ်ဖြစ်တဲ့နေရာက အရမ်းကြီးတော့ မထူးခြားဘူး။ သူတို့နှစ်ယောက် မီးရှူးမီးပန်းတွေ ကြည့်ဖြစ်ခဲ့တဲ့နေရာ၊ တောင်ပတ်လည်ဝန်းရံထားတဲ့ ရှုမျှော်ခင်းကြည့်နေရာမှာဖြစ်တယ်။ အဆုံးအစမဲ့တဲ့ ပင်လယ်ပြင်ကြီးက သူတို့ရှေ့မှာ ရှိနေတယ်။

ရှောင်းကျန့်ဟာ အနက်ရောင်ကားရဲ့ ရှေ့ဖုံးပေါ်ထိုင်လို့ သူ့ခြေထောက်ကို ရှေ့ဆန့်ထားတယ်။ သူ့လက်ကို အနောက်က ကားဖုံးပေါ် ထောက်တင်ထားပြီး အနောက်ကို အနည်းငယ် မှီထားရင်း နေဝင်ချိန် ဆည်းဆာကို ကြည့်နေတယ်။

သူ့မှာ ရည်းစားထားတာနဲ့ပတ်သက်ပြီး အတွေ့အကြုံ မရှိဘူး။ ချစ်ရေးချစ်ရာ တီတီတာတာတွေ ဘယ်လိုပြောရမှန်း မသိဘူး။ သူ့ခေါင်းထဲမှာ စကားလုံးတွေ အများကြီး တွေးထားခဲ့ပေမဲ့ တကယ်တမ်း ပြောမယ်ဆိုတဲ့အခါ ရွေးချယ်ထားတဲ့ စကားလုံးတွေအပေါ် ကျေနပ်မှု သိပ်မရှိတာမို့ မပြောဖြစ်တော့ဘူး။ ဒါ့အပြင် ဝမ်ရိပေါ်က အမြဲတမ်း မြုံစိလုပ်နေတဲ့အခါ နှစ်ယောက်ကြား အခြေအနေက အနည်းငယ် တိတ်ဆိတ်နေတယ်။

ဝင်လုဆဲဆဲ နေမင်းကြီးအောက်မှာ ဝမ်ရိပေါ်ဟာ ကားရှေ့ဖုံးပေါ် မှီထိုင်လို့ ဆေးလိပ်မီးညှိလိုက်တယ်။ သူ မျက်ခုံးကို ခပ်သာသာ တွန့်ချို့ထားရင်း ဆေးလိပ်နှစ်ရှိုက် ဖွာလိုက်တဲ့အခါ ယောက်ျားပီသမှုတွေက အရမ်းကို ထင်သာမြင်သာ ရှိသွားတယ်။

"မင်းစိတ်ထဲမှာ တွေးနေတာ တခုခုများ ရှိနေလား?"

ရှောင်းကျန့်က မေးလိုက်တာဖြစ်တယ်။

တကယ်တော့ သူ့အမြင်ကနေ ဝမ်ရိပေါ်ကို အနက်ရောင်အရိပ်အဖြစ်ပဲ မြင်နေရတာဖြစ်တယ်။ တိကျတဲ့ အမူအရာကို မမြင်ရဘဲ ကျယ်ပြန့်တဲ့ ပခုံးလိုင်းအတိုင်းပဲ မှုန်ဝါးဝါး မြင်နေရတယ်။

သူ့အသံကို ကြားတဲ့အခါ ဝမ်ရိပေါ်က လှည့်ကြည့်လာတယ်။ အဖြူရောင် ဆေးလိပ်မီးခိုးငွေ့တွေဟာ သူ့နှုတ်ကနေ တိမ်တိုက်တွေလို ဝေ့ဝဲထွက်လာပြီး ဝင်စနေရောင်ခြည်ရဲ့ ထင်ထင်ရှားရှား အလင်းပြန်မှုအောက်က ရှောင်းကျန့်ရဲ့မျက်နှာကို သူ ငေးကြည့်နေမိတယ်။ သူ့ရဲ့အတွင်းစိတ် ခံစားချက်ကို ဘယ်လိုဖော်ပြရမယ်ဆိုတာ သူ မသိဘူး။ သူတို့နှစ်ယောက်ကြားမှာ တစုံတခုက နူးနူးညံ့ညံ့လေး ပြောင်းလဲသွားတယ်။ ပြီးတော့ ဒီလို ရင်းနှီးတဲ့ပတ်သက်မှုအပေါ် နေသားကျဖို့အတွက် သူတို့နှစ်ယောက်လုံး အချိန်ယူဖို့လိုတယ်။

Human Nature is Evil ||Completed||Where stories live. Discover now