ကျောက်တုံးတွေဆင့်ထားသည့် အုတ်တံတိုင်းခြံတံခါးကြီးမှဝင်လိုက်လျှင် ပေ၃ရာရှည်သည့်လမ်းတစ်လျှောက်ကို ကားဖြင့်ေမာင်းလာရပြီး သုခစံအိမ်ကိုရောက်လေသည်။ သုခစံအိမ်က တစ်ထပ်သာရှိပြီး လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်များစွာရှိလေ၏။ သို့ပေမယ့်ရှောင်းကျန့်နေသည့်အခန်းကတော့ လုံခြုံလေသည်။ ရှောင်းကျန့်လည်းထိုအခန်းမှာပဲ တစ်နေကုန်နေဖို့ကမဖြစ်နိုင်တာမို့ တစ်ခါတစ်လေ အိမ်ရှေ့က ပန်းခြံအသေးစားလေးမှာ ထိုင်လိုက်လမ်းလျှောက်လိုက်လုပ်တတ်၏။
ဒီနေ့မှာတော့ လ,ကလည်းသာပြီး လေအေးလေးတွေတိုက်ခက်နေတာမို့ ရှောင်းကျန့် ခြံထဲမှာ လမ်းလျှောက်နေသည်။ ဗိုက်ကလေးကိုပွတ်ပြီးစကားတွေပြောနေရရင် ရှောင်းကျန့်၏စိတ်ညစ်စရာများက လုံးဝကွယ်ပျောက်သွားရသည်။
ထိုစဉ်..ခြေသံကြားသဖြင့် သူအလန့်တစ်ကြားလှည့်ကြည့်လိုက်ရာ
"အိမ် အိမ်တော်ထိန်းကျန်း.....ဘယ်သူရှိလဲ။ လာကြစမ်း။"
ရှောင်းကျန့် ဗိုက်ကိုကိုင်ရင်းထိတ်လန့်စွာ အော်ခေါ်ရင်း နောက်ဆုတ်မိသည်။ အိမ်တော်ထိန်းကျန်းကိုယ်ပေါ်မှာသွေးတွေစွန်းနေပြီး လက်ထဲမှာည်း ဓားရှည်ကိုကိုင်ထားသည်။ ထိုဓားရှည်မှာလည်း သွေးတွေကတတောက်တောက်ကျလျှက်...
"အိမ် အိမ်တော်ထိန်းကျန်း..."
"ဒီကနေအမြန်သွားမှရမယ်။"
"ဘာ ဘာကိုလဲ။"
"သုခစံအိမ်ကို လုပ်ကြံသူတွေဝင်လာတယ်။ အစောင့်တွေသေကုန်ပြီ။ ကြင်ယာတော် လွတ်ရာကိုပြေးပါ။ ကျွန်တော်တားထားပါ့မယ်။"
ရှောင်းကျန့် ထိတ်လန့်ပြီး အတတ်နိုင်ဆုံးလှည့်ပြေးလေ၏။ ဘယ်လိုလို့ပြေးနိုင်မှာလဲ။ ခုချိန်မှာသတိရမိတာကတော့..
"ဝမ်"
_______
"ဝမ်လေးကျဲကို ဘာမှပြောစရာမရှိတော့ဘူးလား။"
ရိပေါ် ရှောင်းကျန့်ဆီသွားဖို့ပြင်နေတုန်း ရှောင်ယဲ့က ကားရှေ့မှာပိတ်ရပ်နေတာဖြစ်သည်။