12-နတ်ကွန်းတွေကို မီးရှို့ခဲ့တဲ့ အနီရောင်အင်္ကျီနဲ့တစ္ဆေ

31 2 0
                                    

|| စာပေဆိုင်ရာ နတ်မင်းတွေနဲ့ စစ်နတ်မင်းတွေရဲ့ နတ်ကွန်းတွေကို မီးရှို့ခဲ့တဲ့ အနီရောင်အင်္ကျီနှင့် တစ္ဆေ ||

ရှဲ့လျန် ထင်ထားခဲ့သလိုပဲ ကောင်လေးရဲ့ မျက်နှာပေါ်မှာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာကြီးရှိတယ် ။ သို့ပေမဲ့ အဲဒီသွေးနီရောင်အမာရွတ်ကြီး တစ်ပြင်လုံးအောက်မှာ သေးငယ်တဲ့ လူမျက်နှာပုံသဏ္ဌာန်သုံးလေးခုဟာ မပီမပြင်ဝိုးတဝါး တိုးထွက်နေသလိုပဲ ။

အဲဒီလူမျက်နှာ သဏ္ဌာန်လေးတွေဟာ မွေးကင်းစ ကလေးငယ်ရဲ့ လက်ဖဝါးအရွယ်လောက်ရှိပြီး သူ့ရဲ့ပါးပြင်နဲ့ နှဖူးပေါ်မှာ တွန့်လိမ်ရွဲ့စောင်းစွာ ပြန့်ကျဲတည်ရှိနေတယ် ။ မျက်နှာတစ်ခုချင်းစီဟာ မီးလောင်ခံထားခဲ့တာကြောင့် တော်တော်လေး တွန့်လိမ်ရှုံ့ တွနေပြီး မြင်ရတာ နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်နေတဲ့ အမူအရာသဏ္ဌာန်မျိုးဖြစ်နေတယ် ။ အဲဒီလို ထူးဆန်းပြီး အော်ဟစ်နေတဲ့ ပုံစံနဲ့ လူမျက်နှာသေးသေးလေးတွေဟာ သာမန်လူသားတစ်ယောက်ရဲ့ မျက်နှာပေါ်မှာ ပူးကပ်စွာ တည်ရှိနေတာကို မြင်ရတာဟာ သရဲတွေ့ရတာထက်ပို ထိတ်လန့်စရာကောင်းတာ အမှန်ပဲ ။

ဒီမျက်နှာကို မြင်လိုက်ရတဲ့ တစ်ခဏ ရှဲ့လျန်ဟာ ချောက်ချားဖွယ် အိမ်မက်ကြီးတစ်ခုထဲကို သွတ်သွင်းခံလိုက်ရသလို ခံစားလိုက်ရတယ် ။ သူ့ကိုယ်ထဲမှာ ကြီးမားတဲ့ ချောက်ချား ထိတ်လန့်မှုကို ရုတ်ချည်းခံစားလိုက်ရတဲ့အခါ သူ့ကိုယ်သူတောင် သတိမထားမိပဲ ထရပ်လိုက်မိတော့တယ် ။ အဲဒီအချိန် သူ့မျက်နှာမှာ ဘယ်လိုအမူအရာပုံစံမျိုး ဖော်ပြမိမှန်းတောင် သူမသိဘူး ။ သေချာတာကတော့ အလွန်အမင်း ထိတ်လန့်နေဟန်ဖြစ်နိုင်လောက်တယ် ။

ကောင်လေးဟာ တွေဝေ ဖြေးညှင်းစွာ ချီတုံချတုံနဲ့ သူ့ရဲ့ ပတ်တီးတွေကို ဖြေချပြီး သူ့ခမျာ အလွန်အမင်းကို စိတ်မသက်မသာဖြစ်နေခဲ့သလိုပဲ ။ အဲဒီအချိန် ထပ်ပြီး ရှဲ့လျန်ရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတဲ့အခါ သူ့စိတ်ထဲ ရှဲ့လျန်လည်းပဲ ဒီလိုပုံစံ သူ့မျက်နှာကို လက်မခံနိုင်ဘူးလို့ ရိပ်စားမိပြီး ခြေနှစ်လှမ်းလောက် နောက်ဆုတ်သွားတယ် ။ ကောင်လေးဟာ သူ့ကိုယ်သူကာကွယ်ရန်အတွက် သူ့ရဲ့ ကြောက်စရာ မျက်နှာကို ချက်ချင်းဖုံးအုပ်လိုက်ကာ မြေကြီးပေါ်က ခုန်ထလိုက်ပြီး စူးစူးဝါးဝါးအော်ဟစ်ရင်း တောနက်ထဲ ပြေးဝင်သွားတော့တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now