57-အတိတ်ကို ခြေရာကောက် ၊ သဲလွန်စရှာဖို့ ထိုက်ချောင်းတောင်သို့တစ်ခေါက်

52 4 0
                                    

|| အတိတ်ကို ခြေရာကောက် ၊ သဲလွန်စရှာဖို့ ထိုက်ချောင်းတောင်သို့တစ်ခေါက် [ အပိုင်း ၂] ||

ရှဲ့လျန်ဟာ ကိုယ်ကို တစ်ဖက်ယိမ်းကာ ထိုအရာဝတ္တုကို ရှောင်တိမ်းလိုက်တယ် ။ အစက ကျိုးကျလာတဲ့ သစ်ကိုင်းတစ်ခုခု သို့မဟုတ် အသိုက်တစ်ခုခုလို့ ထင်ခဲ့ပေမဲ့ သေသေချာချာအနီးကပ်ကြည့်လိုက်တဲ့အခါ ခြစားပျက်စီးနေပြီး သူ့ရဲ့ နဂိုမူရင်းပုံစံတောင် မသဲကွဲ မသိသာတော့တဲ့ ပျဉ်ပြားတစ်ချပ်ဖြစ်ပြီး ပျဉ်ချပ်ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ သံကြိုးတစ်ခုစီ နဲ့ ချိတ်ဆက်ထားတယ် ။ အကယ်၍ အခြားသော မည်သူမဆို ဒီအရာကို မြင်ခဲ့ရင် ဘာလဲဆိုတာ မသိသာနိုင်ပေမဲ့ ရှဲ့လျန်ကတော့ အဲဒီအရာဟာ ဒန်းလွှဲတစ်ခုဖြစ်တယ်ဆိုတာ ချက်ချင်းသိလိုက်တယ် ။

ဟိုးလွန်ခဲ့တဲ့ အတိတ်တုန်းက ထိုက်ချောင်းတောင် တလွှားမှာ ဒီလိုမျိုး ဒန်းလွှဲတွေကို နေရာအနှံ့တပ်ဆင်ထားပြီး အပျော်ဆော့ကစားလို့လည်း ရသလို လက်ရုန်းရည် လေ့ကျင့်ခြင်းအတွက်လည်း အသုံးပြုနိုင်တယ် ။ ရှဲ့လျန်အခုလေးတင် ပြန်မှတ်မိလာတဲ့ မှတ်ဉာဏ်တစ်ခုထဲမှာ ဟိုအရင်က ဝတ်ပြုဆုတောင်းဖို့အတွက် သူ့ရဲ့ မိဘတွေနဲ့အတူအဖော်ပြုရင်း ဟွမ်ကျီကွမ်းကို လာရောက်လည်ပတ်ခဲ့စဉ်က သင်တန်းသားငယ်တွေ အုပ်စုလိုက်ဟာ ဒန်းလွှဲတွေပေါ်မှာ လွှဲယမ်း လှိမ့်ခုန် ကျွမ်းထိုးကာ ထိုးသတ် ယှဉ်ပြိုင်တိုက်ခိုက်နေကြတာကို သူတွေ့မြင်ခဲ့ရတယ် ။ အဲဒါဟာ သိပ်ကို စိတ်လှုပ်ရှားစရာ ပြကွက်တစ်ခုဖြစ်တာကြောင့် ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ဟာ သဘောကျနှစ်ခြိုက်ခဲ့ကြပြီး ရှဲ့လျန်ကလည်း လက်ခုပ်တီး ဩဘာပေးကာ ပြကွက်ကို တန်ဖိုးထားအသိအမှတ်ပြုခဲ့တယ် ။ ဘုရင်မင်းမြတ်နဲ့ မိဖုရားကြီးတို့ဟာ အလွန်အမင်းသဘောကျတော်မူတာကြောင့် သင်တန်းသားငယ်တွေကို ဆုလာဘ်တွေ မြောက်မြားစွာ ချီးမြင့်ခဲ့သေးတယ် ။ အဲဒီအချိန်ကစပြီး ကျင့်ကြံခြင်းလမ်းစဉ်ဟာ အံ့ဩလေးစားဖွယ်ကောင်းလောက်အောင် လူကို အစွမ်းထက်စေပြီး ပျော်ရွှင်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာ ရှဲ့လျန်စိတ်ထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားတော့တယ် ။ သို့ပေမဲ့ နောက်ပိုင်းသူကြီးပြင်းလာတဲ့အခါ ကျင့်ကြံခြင်းလမ်းစဉ်ဆီ ဝင်ရောက်ခဲ့ချိန်မှာတော့ အမှန်တကယ်ကို ကျင့်ကြံအားထုတ်ချင်၍သာ ဖြစ်ပြီး ပျော်စရာကောင်းမယ်ထင်တဲ့ ဆိုတဲ့ အကြောင်းပြချက်ကြောင့် မဟုတ်တော့ဘူး ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now