7-တစ္ဆေကျင်းပတဲ့ မင်္ဂလာပွဲ ၊ မင်္ဂလာဝေါယာဉ်ပေါ်က အိမ်ရှေ့စံ

31 3 0
                                    

|| တစ္ဆေကျင်းပတဲ့ မင်္ဂလာပွဲ ၊ မင်္ဂလာဝေါယာဉ်ပေါ်က အိမ်ရှေ့စံ [ အပိုင်း ၂ ] ||

မင်္ဂလာဝေါယာဉ် တစ်ခုလုံးဟာ အနီရောင်ပိုးဖဲ ကတ္တီပါတွေနဲ့ လွှမ်းခြုံထားတယ် ။ ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုကို ဖော်ဆောင်ထားတဲ့ လှပတဲ့ ပန်းနွယ်ပန်းခက်နဲ့ လသော်တာ ၊ အဆုံးအစမဲ့ ကံကောင်းခြင်းကို ဖော်ညွှန်းတဲ့ ကျော့မော့တဲ့ နဂါးအသွင် နဲ့ ဇာမဏီငှက်ပုံပန်းသဏ္ဌာန်တွေကို ဝေါယာဉ်တစ်ခုလုံးမှာ တောက်ပတဲ့ ရွှေချည်ငွေချည်တွေနဲ့ ရေးထိုးထားတယ် ။ နန်ဖုန်းနဲ့ ဖူယောင်ဟာ ဝေါယာဉ်ရဲ့ တစ်ဖက်တစ်ချက်မှာရပ်ရင်း စောင့်ကြပ်လိုက်ပါလာတယ် ။ ဝေါယာဉ်ထဲ ထိုင်ရင်းလိုက်လာတဲ့ ရှဲ့လျန်ဟာ ဝေါယာဉ်ထမ်းတဲ့ သူတွေရဲ့ ခြေလှမ်းစီးချက်အတိုင်း ဘယ်ညာယိမ်းလို့ ။

တကယ်တော့ ဝေါယာဉ်ထမ်းတဲ့ လူရှစ်ယောက်လုံးက ထူးချွန်ပြောင်မြောက်တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်တဲ့ စစ်ဖက်ဆိုင်ရာ အရာရှိစစ်သည်တွေချည်းဖြစ်တယ် ။ ဝေါယာဉ်ထမ်းတဲ့ သူတွေအဖြစ် ဟန်ဆောင်ဖို့ ဒီတိုက်ခိုက်ရေးကျွမ်းကျင်တဲ့ သူတွေ ရှာဖွေခေါ်ဆောင်လာနိုင်ရန်အတွက် နန်ဖုန်းနဲ့ ဖူယောင်တို့ဟာ အရာရှိမင်းရဲ့ နေအိမ်ကို တိုက်ရိုက်သွားပြီး သူတို့ရဲ့ အစီအစဉ်ကို ပြောပြခဲ့တယ် ။ သူတို့ဟာ ယွီကျွင်းတောင်ကို သွားရောက် ရှာဖွေမဲ့ အကြောင်းကို ရှင်းလင်းစွာ ပြောကြားခဲ့ပြီးနောက် အရာရှိမင်းဟာ ဘာမှ ထပ်မမေးတော့ဘဲ သူ့ရဲ့ လက်အောက်ငယ်သားတွေထဲက သန်မာ ကြံခိုင်တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်သူတွေကို ချက်ချင်း ခေါ်ထုတ်လာခဲ့တယ် ။ သို့ပေမဲ့ နန်ဖုန်းနဲ့ ဖူယောင်တို့ဟာ တိုက်ခိုက်ရေးကျွမ်းကျင်သူတွေကို ရွေးချယ်ရတဲ့ အကြောင်းအရင်းက သူတို့အတွက် အကူအညီရဖို့ မဟုတ်ခဲ့ဘူး ။ အဲဒီသူတွေဟာ အနည်းဆုံးတော့ သူတို့ကို သူတို့ ကာကွယ်နိုင်ရန်နဲ့ တစ္ဆေသတို့သားက တဖန်ပြန်လည်တိုက်ခိုက်လာတဲ့အခါ ဖနောင့်နဲ့ တင်ပါး တသားတည်း ထွက်ပြေးနိုင်ကြစေရန်ဖြစ်တယ် ။

ခေါင်းမာစွာပဲ စစ်ဖက်ဆိုင်ရာ အရာရှိ စစ်သည် ရှစ်ယောက်ဟာ ဖူယောင်တို့ကို အထင်မကြီးခဲ့ဘူး ။ အစိုးရအဖွဲ့ထဲမှာတော့ သူတို့က ပထမတန်းစား တိုက်ခိုက်ရေးကျွမ်းကျင်သူ အရာရှိစစ်သည်တွေပဲ ။ ဒီလို အရေးကြီးတဲ့ စစ်ဆင်ရေးမှာ သူတို့ကသာလျှင် ခေါင်းဆောင်ဖြစ်သင့်တာ မဟုတ်ဘူးလား ? သို့ပေမဲ့ ဒီ နုနုဖတ်ဖတ် ကောင်ချောလေးနှစ်ကောင်ရောက်လာတော့မှ သူတို့ဟာ နှိမ်ချခံရပြီး မင်္ဂလာဝေါယာဉ်ထမ်းသမားတွေ အဖြစ် အတင်းအကျပ် စေခိုင်းခံရတော့တယ် ။ ဒါကြောင့် သူတို့အားလုံးဟာ ဒီကိစ္စနဲ့ ပတ်သတ်လို့ အင်မတန် စိတ်ငြိုငြင် မကြည်လင်ကြ ။ ဒါပေသိ အထက်အရာရှိရဲ့ လိုက်သွားရမယ် ဟူသော တစ်ချက်လွှတ်အမိန့်ကို မလွန်ဆန်နိုင်သည်ဖြစ်ရကား အောက်ကျနောက်ကျနိုင်တယ် ဆိုတဲ့ ခံစားချက်အကျိတ်အခဲတွေကို စိတ်ထဲ မြိုချထားရုံမှအပ အခြားမတတ်နိုင်ခဲ့ကြဘူး ။ ဒါပေမဲ့ အင်မတန် မကျေမနပ် ဖြစ်နေကြတဲ့ သူတို့ဟာ သူတို့ရဲ့ ဒေါသအမျက် ခြောင်းခြောင်းထွက်နေမှုကို ဖုံးထားနိုင်ခြင်းငှာ မစွမ်းသာကြ ။ ဒီလိုနဲ့ သူတို့ဟာ အချိန်နဲ့ အမျှ ဝေါယာဉ်ကို လှုပ်ခါ ယိမ်းထိုးနေအောင် တမင် လှုပ်ယမ်းနေကြတော့တယ် ။ အပြင်က လူတွေကတော့ မသိနိုင်ပေမဲ့ မင်္ဂလာဝေါယာဉ်ထဲ ထိုင်နေသူသာ သာမန် နူးညံ့ပျော့ပြောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ရင် ဒီအခြေအနေမျိုးမှာ မူးဝေ အန်ထွက်ပြီး သေနိုင်လောက်တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now