32-စစ်နတ်ဧကရာဇ်မင်းကြီး နန်းဆောင်တွင် အိမ်ရှေ့စံက အိမ်ရှေ့စံ နှင့်တွေ့ဆုံခြင်း

27 1 0
                                    

|| စစ်နတ်ဧကရာဇ်မင်းကြီး နန်းဆောင်တွင် အိမ်ရှေ့စံက အိမ်ရှေ့စံ နှင့်တွေ့ဆုံခြင်း [ အပိုင်း ၁ ] ||

ဒီလက်စွပ်လေးဟာ ဟွားချန် ချန်ခဲ့တာပဲဖြစ်ရမယ်ဆိုတာ ရှဲ့လျန်သိတယ် ။ လက်စွပ်လေးကို လက်ထဲကိုင်ထားပြီး ကြည့်နေရင်း ဒါဟာ ဘာနဲ့လုပ်ထားတာဖြစ်မလဲလို့ တွေးတောနေမိတယ် ။

ရှဲ့လျန် အိမ်ရှေ့စံဘဝတုန်းက သူဟာ ရှန်းလာ့နန်းတော်ကြီးထဲမှာ ကြီးပြင်းခဲ့တာ ။ ရှန်းလာ့တိုင်းပြည်ဟာ လှပပြီး အဖိုးထိုက်တန်တဲ့ ရတနာ ပစ္စည်းတွေ လွန်စွာပေါကြွယ်ဝပြီး နှစ်သက် ရှာဖွေစုဆောင်းကြသူတွေလည်း အလွန်တရာ ပေါများလှတယ် ။ နန်းတော်ကြီးဟာလည်း အသရေတင့်တယ်စွာ ခမ်းနားထည်ဝါပြီး တလက်လက်တောက်ပနေခဲ့တယ် ။ ရွှေဝါရောင် ဝါဝင်းတောက်ပနေတဲ့ တိုင်လုံးတွေ ၊ ကျောက်စိမ်းလှေကားတွေ ၊ အမြောက်အမြား မရေမတွက်နိုင်လောက်တဲ့ အဖိုးတန်ကျောက်မျက် ရတနာတွေ ရှိတဲ့အပြင် မင်းညီမင်းသားတွေတောင်မှ ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားနိုင်ကြသေးတယ် ။ ရှဲ့လျန်အနေနဲ့ ရတနာမျိုးစုံနဲ့ အကျွမ်းတဝင်ရှိခဲ့ဖူးသည် ဖြစ်ရကား လက်စွပ်လေးကို ကြည့်ရင်း စိန်နဲ့လုပ်ထားတာ ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆမိလိုက်တယ် ။ သို့ပေမဲ့ လက်စွပ်ရဲ့ ပုံစံဟာ အလွန်လှပသေသပ်လွန်းပြီး အတော်ဆုံး အကျွမ်းကျင်ဆုံး ကျောက်မျက်ရတနာပညာရှင်တောင်မှ ဒီလို အလွန်နူးညံ့သိမ်မွေ့တဲ့ သဘာဝအလှတရားကို ပေါ်ထွက်လာအောင် ပြုလုပ်ထွင်းထုနိုင်မှာ မဟုတ်ဘူး ။ ဒါ့အပြင် သူမြင်ဖူးခဲ့တဲ့ စိန်တွေအားလုံးထက် ဒီကျောက်ဟာ လွန်တရာ သန့်စင်ကြည်လင်ပြီး ဖန်သလင်းလို ရင်သပ်ရှုမောဖွယ် တလျှပ်လျှပ်တောက်ပနေကာ စွဲမက်ဖွယ်ရာကောင်းလွန်းတာကြောင့် ဘာနဲ့ပြုလုပ်ထားတယ်ဆိုတာ သေသေချာချာ ဆုံးဖြတ်ဖို့ရာ ခက်ခဲလွန်းလှတယ် ။

ဒီလက်စွပ်လေးဟာ ဘာနဲ့ပြုလုပ်ထားတယ်ဆိုတာ ပြောဖို့ခက်ပေမဲ့ ထူးခြားတဲ့ ရည်ရွယ်ချက်တစ်ခုကို ဖော်ညွှန်းတဲ့ ပစ္စည်းလေးတစ်ခုဆိုတာတော့ သေချာတယ် ။ ဒါ့အပြင် သူ့ရဲ့ လည်ပင်းမှာ ဆွဲလျှက်သားတွေ့ခဲ့တာမို့ မတော်တဆ ပြုတ်ကျ ကျန်ခဲ့တာမျိုးလည်း မဖြစ်နိုင်ဘဲ ဟွားချန်မပြန်ခင် ပေးခဲ့တဲ့ အမှတ်တရ လက်ဆောင်လေးတစ်ခုသာ ဖြစ်နိုင်တယ် ။ ရှဲ့လျန်က နူးညံ့စွာပြုံးလိုက်ပြီး လက်စွပ်လေးကို သေချာစွာ သိမ်းထားဖို့ ဆုံးဖြတ်ရင်း နောက်တစ်ခါ သူတို့တွေ့ဆုံခဲ့ကြရင် သူ့ကို ဘာအဓိပ္ပါယ်နဲ့ ပေးခဲ့တယ်ဆိုတာ မေးကြည့်ဖို့ စိတ်ထဲ တေးထားလိုက်တယ် ။ သူပိုင်ဆိုင်တဲ့ နေရာဟာ ဒီယိုယွင်းပျက်စီးနေတဲ့ နတ်ကွန်းတဲအိုပျက်ငယ်လေးသာ ဖြစ်တာကြောင့် ရတနာလေးကို သိမ်းဆည်းထားဖို့ရာ အဆင်ပြေတဲ့နေရာမျိုးမရှိဘူး ။ ဒီလိုနဲ့ ဟိုဒီ တောင်တောင်အီအီအတွေးပွားပြီးနောက်မှာ အကောင်းဆုံးသိမ်းဆည်းရာနေရာဟာ သူ့ကိုယ်နဲ့မကွာသာ ဖြစ်တာကြောင့် ရှဲ့လျန်ဟာ ငွေကြိုးလေးကို သူ့လည်ပင်းမှာ ပြန်ဆွဲထားလိုက်တော့တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now