31-တစ္ဆေဘုရင်အား တို့ထိရင်း အိမ်ရှေ့စံက အမှန်တရားကို ရှာဖွေလေသည်

26 1 0
                                    

|| တစ္ဆေဘုရင်အား တို့ထိရင်း အိမ်ရှေ့စံက အမှန်တရားကို ရှာဖွေလေသည် [အပိုင်း ၂] ||

သူတို့ကြားထဲက ပတ်ဝန်းကျင်လေထုလေးဟာ တိတ်ဆိတ်ပြီး အေးခဲလာတာကြောင့် ရှဲ့လျန်ဟာ သူ့မေးခွန်းက စည်းကျော်သွားပြီလားလို့ ထင်မိတယ် ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့နှစ်ယောက်ဟာ တရင်းတနှီးရှိခဲ့တယ် ဆိုပင်မဲ့ ဟွားချန်ဟာ သူ့ရဲ့ အသွင်အစစ်အမှန်ကို တစ်ခါမှ ထုတ်မပြခဲ့ဘူး ။ ဒါအပြင် သူ့ရဲ့ သရုပ်မှန်ပေါ်သွားခဲ့ပြီးတာတောင် သူ့ရဲ့အသွင်မှန်ကို ပြန်မပြောင်းခဲ့တာကြောင့် သူ့မှာ အကြောင်းပြချက် တစ်ခုခု ရှိရမယ် ။ ရှဲ့လျန်အနေနဲ့ အတင်းတိုက်တွန်းဖို့ရာ အကြောင်းမရှိဘူး ။ ဒါကြောင့် သူ့ရဲ့ တုံ့ပြန်ဖြေကြားမှုကို မစောင့်တော့ဘဲ ရှဲ့လျန်ဟာ နှစ်လိုဖွယ်ရာ အားပါးတရပြုံးလိုက်ပြီး ပြောလိုက်တယ် ။

" ငါက ဒီတိုင်းမေးကြည့်တာပါ စိတ်ထဲ မထားပါနဲ့"

ဟွားချန်က စက္ကန့်အနည်းငယ်လောက် မျက်လုံးတွေ အသာမှိတ်ထားပြီးနောက် နူးညံ့စွာပြုံးလိုက်တယ် ။

" တစ်နေ့ အခွင့်အရေးရရင် ကျွန်တော်ပြပါ့မယ်"

အကယ်၍ အခြားတစ်ယောက်ယောက်က ပြောတာသာဆိုရင် အဲဒီ " တစ်နေ့နေ့" ဆိုတဲ့ စကားဟာ ဝတ်ကျေတမ်းကျေသာ ဖြစ်ပြီး အဓိပ္ပါယ်ကတော့ " ကျေးဇူးပြုပြီး မေ့လိုက်ပါ" ဆိုတဲ့ သဘောသက်ရောက်တယ် ။ ဒါပေမဲ့ ဒီစကားတွေကို ပြောလာတဲ့သူဟာ ဟွားချန် ဖြစ်တာကြောင့် " တစ်နေ့နေ့" ဟာ " တစ်နေ့နေ့" ပဲဖြစ်ပြီး အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ ရှဲ့လျန်ခံစားရတယ် ။ ဒါက သူ့ကို ပိုပြီး စူးစမ်းချင်စိတ် ဖြစ်လာစေတာကြောင့် ခပ်ပြုံးပြုံးနဲ့ ပြောလိုက်တယ် ။

" ဒါဆို မင်းပြမဲ့နေ့အထိ ငါစောင့်ပါမယ် ... အခုတော့ အနားယူကြစို့"

ညဝက်လောက် ဗြောင်းဆန်အောင် လျှောက်လုပ်ပြီးတဲ့နောက်မှာ ရှဲ့လျန်ဟာ ချက်ပြုတ်ခြင်းအမှုကို လုံးဝလက်လျှော့လိုက်ကာ မြက်ဖျာလေးဆီ ပြန်လာခဲ့တယ် ။ ဟွားချန်ဟာလည်း သူ့ဘေးမှာ လှဲအိပ်လိုက်တယ် ။ သူတို့ရဲ့ သရုပ်မှန်တွေ ပေါ်သွားခဲ့ပြီးတာတောင်မှ အချင်းချင်း ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ စိတ် အနှောက်အယှက်မပေးကြဘဲ နတ်မင်းတစ်ပါးနဲ့ တစ္ဆေဘုရင်တစ်ပါးဟာ တွန့်ကြေဖွာလန်နေတဲ့ မြက်ဖျာပေါ်မှာ အတူလှဲရင်း ရယ်ရင်းမောရင်း စကားစမြည်ပြောရင်း အတူတကွ အချိန်ဖြုန်းခဲ့ကြတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now