|| တိမ်ဆိုင်နီနီ ခြားလို့ ပန်းတစ်ပွင့်သို့ရှုမျှော် ၊ ဂရုဏာ အပြည့်နဲ့ နှလုံးသား တစ်ခု [ အပိုင်း ၃] ||
ရှဲ့လျန်ဟာ တစ်ကိုယ်လုံးအနီရောင်ဝတ်ထားတဲ့ လူငယ်လေးကို စိုက်ကြည့်နေမိသေးတယ် ။
" မင်း ... "
သူတစ်ခုခုပြောလိုက်ချင်ပေမဲ့ အခုနေ သူဟာ မျက်လုံးအစုံပေါင်းများစွာရဲ့ အကြည့်အောက်မှာ ရှိနေတာရယ် နောက်ပြီး ဟွားချန်ရဲ့ မျက်နှာပေါ်က အဓိပ္ပါယ် ဖော်မရတဲ့ အမူအရာဟာလည်း သူ့ကို မှတ်မိသိရှိတဲ့ဟန်မျိုး မပေါ်လွင်တာကြောင့် ရှဲ့လျန်လည်း သူနဲ့ သိပ်ရင်းနှီးတဲ့ ပုံစံမျိုး ပြုမူသင့်ရဲ့လားလို့ ချီတုံချတုံစဉ်းစားနေမိတယ် ။ ဒါနဲ့ပဲ သူက " ကျေးဇူးတင်ပါတယ် " လို့ပဲ ပြောလိုက်တော့တယ် ။
ဒါကို လန်ချန်းချိုးက ပြောတယ် ။
" ဘာလို့ သူ့ကို ကျေးဇူးတင်နေရတာလဲ ? ဒီနေရာက သူ့ပိုင်နက်ပဲ ဒါတွေအားလုံး အစကတည်းကသူပဲ ရည်ရွယ်ပြီးလုပ်တာပဲနေမှာ "
"......"
ရှဲ့လျန်က တိုးတိုးကျိတ်ပြောလိုက်ရတယ် ။
" အိမ်ရှေ့စံ အရှင့်သား ဘာမှမပြောပါတော့နဲ့ ကျွန်ုပ်တို့ မြန်မြန်သွားကြရအောင်ပါ "
အကယ်၍ သူတို့သာ ဆက်နေမယ်ဆိုရင် လန်ချန်းချိုး ပါးစပ်က ဘာတွေ ဆက်ထွက်လာဦးမလဲ သူမသိနိုင်ဘူး ။ အထူးသဖြင့် တာဝန်တစ်ဖက်နဲ့ ဒီလိုအချိန်မှာ သူ့အနေနဲ့ ကြာကြာဆက်နေဖို့ မဖြစ်နိုင် ။ သူ ဟွားချန်ကို အကြိမ်အနည်းငယ်လောက် ထပ်ကြည့်လိုက်ပြီး လန်ချန်းချိုးကို အပေါက်ဝဆီ တွန်းထုတ်လာခဲ့တယ် ။ အဲဒီ့အချိန် သူ့နောက်ကျောဆီက ဟွားချန်ရဲ့ ခေါ်သံကြားလိုက်ရတယ် ။
" ခဏနေပါဦး "
ရှဲ့လျန်ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွားပြီး ပြန်လှည့်ကြည့်လိုက်တယ် ။ တစ္ဆေ အုပ်စုဆီက ဆူညံဆူညံအသံတွေ ထွက်လာပြန်တယ် ။
" ဟုတ်တယ် မြို့အရှင်သခင် ! ကျုပ်တို့ သူတို့ကို ဒီတိုင်းလွှတ်လိုက်လို့ ဘယ်ဖြစ်မလဲ "
" အဲဒီကောင်က သံသယဖြစ်စရာပဲ ! သူ့ကြည့်ရတာ စွမ်းအားကြီးတဲ့ပုံပေါ်တယ် သူတစ်ခုခုကို ဖုံးကွယ်ထားတာ ဖြစ်ရမယ် ! မြို့အရှင်သခင် ကျွန်တော့်ကိုသာ တာဝန်ပေးလိုက်ပါ သူတို့ကို ဖမ်းပြီး တစ်ခါတည်း စစ်ကြောရေးလုပ်လိုက်မယ် !"