22-ခြေတစ်လှမ်းတည်းနဲ့ မိုင်တစ်ထောင် ၊ သဲမုန်တိုင်းအတွင်း ပျောက်ဆုံးခြင်း

27 2 0
                                    

|| ခြေတစ်လှမ်းတည်းနဲ့ မိုင်တစ်ထောင် ၊ သဲမုန်တိုင်းအတွင်း ပျောက်ဆုံးခြင်း [အပိုင်း ၃] ||

ကင်းမြီးကောက် အမြီး !

ဆူးနဲ့ အထိုးခံလိုက်ရပြီးနောက် ရှဲ့လျန်လည်း ၎င်းရဲ့ အမြီးကို ဆတ်ခနဲ ဖမ်းဆုတ်လိုက်ပြီး မြွေကို သေချာ ဖမ်းထားလိုက်တယ် ။ အဲဒီနောက် သူဟာ မြွေကို သတိလစ်သွားသည်အထိ ခပ်ပြင်းပြင်းဖိညှစ်လိုက်တယ် ။ အဆိပ်ဆူးနဲ့ အထိုးခံလိုက်ရပြီးတာတောင် ရှဲ့လျန်ရဲ့ မျက်နှာအမူအရာဟာ လုံးဝပြောင်းလဲသွားခြင်း အလျဉ်းမရှိဘဲ လက်ထဲက မြွေကို မြေကြီးပေါ် ပစ်ချလိုက်ပြီး ပုံမှန် အမူအရာနဲ့ပဲ ပြောတယ် ။

" အားလုံးပဲ ဂရုစိုက်ကြပါ ! ဒီနားမှာ မြွေတွေ ထပ်ရှိနေနိုင်သေး...."

သူ့စကားမဆုံးလိုက်သေးခင်မှာဘဲ သူ့လက်ကောက်ဝတ်ဆီက တင်းခနဲ ခံစားလိုက်တာကြောင့် လှည့်ကြည့်လိုက်တဲ့အခါ စန်းလန်က သူ့လက်ကို ဖမ်းဆွဲထားခဲ့တယ် ။ရှဲ့လျန်တစ်ယောက် အနည်းငယ် ပဟေဠိဖြစ်သွားလေရဲ့ ။

" စန်းလန်?"

သူဒီလို ပြန်မေးလိုက်မိတာက စန်းလန်ရဲ့ အမူအရာဟာ အတော်လေး ထူးဆန်းနေတာကြောင့်ပဲ ။ သူ့အမူအရာကို ဘယ်လို စကားလုံးမျိုးနဲ့ ဖော်ပြရမှန်းကို မသိဖြစ်နေခဲ့ပြီး မြင်ရသူကို အလိုလို ကျောချမ်းကာ ကြက်သီးမွှေးညင်းထလုမတတ် ဖြစ်သွားစေတယ် ။

သူ့ရဲ့ မျက်လုံးတွေက ရှဲ့လျန်ရဲ့ လက်ခုံပေါ်က သေးငယ်တဲ့ ဒဏ်ရာလေးကို စူးစူးစိုက်စိုက် ကြည့်နေတယ် ။ ဒဏ်ရာရဲ့ မူလအရွယ်အစားဟာ အပ်ပေါက်ရာလေးလောက်သာရှိပေမဲ့ အဆိပ်က သိပ်ပြင်းထန်ပြီး ပြန့်တာမြန်လွန်းတယ် ။ သူ့ရဲ့ လက်ဖမိုးဟာ ခရမ်းနီပုပ်ရောင် အကွက်လိုက်ကြီး ချက်ချင်း ဖောင်းကား ရောင်ကိုင်းလာပြီး သေးငယ်တဲ့ အပေါက်ရာ ဒဏ်ရာလေးဟာလည်း ဓားနဲ့ ထိုးခွဲထားသလောက် အခြေအနေအထိကို မြင်သာထင်လာလောက်အောင် ကြီးမားလို့လာတယ် ။

စကားတစ်ခွန်းမှ မဆိုဘဲ မျက်မှောင်တွေ ကျုတ်ထားရင်း စန်းလန်ဟာ ရှဲ့လျန် လက်မောင်းဆီက ရော့ယယ်ကို ဖမ်းဆွဲလိုက်ပြီး အဆိပ်ပျံ့တာကို ကာကွယ်ဖို့ အတွက် ချက်ချင်းပဲ ရှဲ့လျန်ရဲ့ လက်ကောက်ဝတ်ဆီမှာ ခပ်တင်းတင်း ပတ်ချည်ပြီး ထုံးထားလိုက်တယ် ။ ရော့ယယ်ဟာ ရှဲ့လျန်ဆီမှာ ပွတ်သီးပွတ်သတ် တိုးဝှေ့ပူးကပ်ပြီး နေရတာကို သဘောကျပြီး ပုံမှန်အားဖြင့် ဒီလို ဣနြေ္ဒရရ မရှိတတ်ပေမဲ့ ၎င်းဟာ စန်းလန်ရဲ့ လက်ထဲမှာတော့ သိပ်အလိုက်အလျော နေတတ်လွန်းပြီး အသေကောင်လိုပဲ ငြိမ်သက်စွာ ပြုမူနေခဲ့တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now