|| တောင်ပေါ်မှာ ဖုံးကွယ်ခံထားရတဲ့ ရှေးဟောင်း နတ်ကွန်း ၊ ဇောက်ထိုးတွဲလောင်းဆွဲ အလောင်းကောင်တောအုပ် [ အပိုင်း ၁ ] ||
လူအုပ်ထဲ ပုန်းကွယ်နေတဲ့ ရှောင်ယင်ကို ဖူယောင်မြင်တော့ မျက်မှောင်တွေကုတ်သွားပြီး မေးတယ် ။
" ဘာလို့ ဒီမှာ မိန်းမတစ်ယောက် ရှိနေရတာလဲ ?"
သူရဲ့ လေသံဟာ ရန်လိုဟန်မပေါက်ပေမဲ့ စေတနာနဲ့ မေးဟန်လည်း မတူဘူး ။ ဒါကြောင့် ရှောင်ယင်လေးဟာ သူ့စကားကို ကြားတော့ ခေါင်းပိုငုံ့သွားတယ် ။ ရှဲ့လျန်က ပြောလိုက်တယ် ။
"သူက စိုးရိမ်လို့ လိုက်လာကြည့်တာပြောတယ် "
ဖူယောင်က ဘေးက လူတစ်ယောက်ကို လှည့်မေးလိုက်တယ် ။
"ခင်ဗျားတို့ ဒီကို တက်လာတော့ သူရောအတူပါလာတာလား?"
အစကတော့ လူတစုက အနည်းငယ်တွေဝေနေတယ် ။ ပြီးတော့မှ သူတို့ ဖြေကြတယ် ။
" မမှတ်မိတော့ဘူး "
" သေချာ မပြောတတ် ..."
" မဟုတ်ဘူး ! ငါတို့ ဒီကိုတက်လာတုန်းက သူမပါလာဘူး မဟုတ်လား ?"
" ဘယ်လိုလဲတော့ မသိပေမဲ့ ကျွန်တော်လည်း သူ့ကို မမြင်မိဘူး "
" ကျုပ်လည်း မမြင်ဘူး "
ရှောင်ယင်က အလောတကြီး ဝင်ဖြေတယ် ။
" အဲဒါက ကျွန်မက တိတ်တိတ်လေး လိုက်လာတာမလို့ပါ.. "
လူငယ်ခေါင်းဆောင်က ချက်ချင်း ဖြတ်ပြောတယ် ။
" နင်က ဘာကိစ္စ ခိုးကြောင်ခိုးဝှက်လိုက်လာရတာလဲ ? နင့်ကိုယ်နင် အပြစ်ရှိတယ်ဆိုပြီး မလုံလို့လား ? ဒါမှမဟုတ် နင်က တစ္ဆေသတို့သားက အယောင်ဆောင်ထားတာလည်း ဖြစ်နိုင်တာပဲ !!"
သူ့စကားဆုံးတော့ ရှောင်ယင်ဘေးနားက လူတွေ ရုတ်ရုတ်သဲသဲနဲ့ ချက်ချင်း ဘေးကို ချဲသွားကြတယ် ။ ရှောင်ယင်က ပျာယာခတ်ပြီး သူ့လက်တွေကို အသည်းအသန် ဝှေ့ယမ်းရင်း ပြောတယ် ။
" မဟုတ်ဘူး မဟုတ်ဘူး ကျွန်မ ရှောင်ယင်ပါ !! ကျွန်မ ရှောင်ယင် အစစ်ပါ !!"
အဲဒီနောက် သူမက ရှဲ့လျန်ဘက်ကို လှည့်ရင်း ပြောပြန်တယ် ။
" သခင်လေး !! သခင်လေးနဲ့ ကျွန်မ တို့ တွေ့ဖူးတယ်လေ ! သခင်လေးကို ကျွန်မပဲ အလှပြင်ဆင်ပေးလိုက်တာလေ သတို့သမီးဝတ်စုံလည်း ကျွန်မပဲ ကူညီပြင်ဆင်ပေးခဲ့တာလေ "