49-အန္တရာယ်ကင်းစေဖို့ ကျွမ်းကျင်စွာ အံစာခေါက်စို့

24 2 0
                                    

|| အန္တရာယ်ကင်းစေဖို့ ကျွမ်းကျင်စွာ အံစာခေါက်စို့ [ အပိုင်း ၂ ] ||

ထွက်သွားတော့မဲ့ သူ့ကို ကြည့်ရင်း လန်ချန်းချိုးက ချက်ချင်း အော်ခေါ်လိုက်တယ် ။

" ခင်ဗျား နေဦး !"

ရှဲ့လျန် ရပ်လိုက်တယ် ။ လန်ချန်းချိုးက အံကိုတင်းတင်းကြိတ်ထားပြီး နောက်ဆုံး မလျော့သေးဘဲ ထပ်ပြောလာတယ် ။

" ခင်ဗျား .... ကျုပ်ကို ဖြေရှင်းချက်ပေးဖို့ ကျန်သေးတယ်"

" မင်းက ဘယ်လို ဖြေရှင်းချက်မျိုးလိုချင်တာလဲ ?"

" ပထမမျိုးဆက်ရဲ့ ရန်ငြိုးအာဃာတတွေကြောင့် တိုင်းပြည်ကို မုန်းပြီး မိသားစုကို အငြှိုးထားတယ် .. ခင်ဗျား ယုံအမ်းကို မုန်းတာ ကျုပ်နားမလည်လို့ မဟုတ်ဘူး .. ဒါပေမဲ့ ..."

သူတစ်ခဏလောက် ဆို့နင့် မွန်းကျပ်နေတယ် ။ နောက်တော့ နွမ်းလျှ တုန်ယင်တဲ့ အသံနဲ့ ဆက်ပြောလာခဲ့တယ် ။

" ဒါပေမဲ့ ပုရောဟိတ်ကြီး ... ကျုပ်နဲ့ ခမည်းတော် မယ်တော် တို့က ကျန်ရှိနေသေးတဲ့ ရှန်းလာ့ပြည်သားတွေကို ကောင်းကောင်းမဆက်ဆံဘဲ နေခဲ့လို့လား ? ကျုပ် သူတို့တော်တော်များများနဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ် ...ပြီးတော့ ... ပြီးတော့ .... သူတို့ကို ကာကွယ်ဖို့ အကောင်းဆုံးလုပ်ပေးခဲ့တာ"

သူပြောတဲ့ စကားတွေ အားလုံးဟာ အမှန်တွေချည်းပဲ ။

ရှန်းလာ့ပြည်ကြီး ကျဆုံးသွားပြီးတဲ့နောက်မှာ ကျန်ရှိနေသေးတဲ့ တိုင်းသူပြည်သားတွေဟာ သူတို့ရဲ့ မျိုးနွယ် ကို ဘယ်တော့မှ မမေ့ခဲ့ကြဘူး ။ ယုံအမ်းပြည်ကြီး တည်ထောင်ပြီး စတင် စီမံအုပ်ချုပ်နေခဲ့ချိန်မှာတောင်မှ အဲ့ဒီလူတွေနဲ့ သူတို့ရဲ့ သားစဉ်မြေးဆက်တွေဟာ ရှန်းလာ့မျိုးနွယ်တွေအဖြစ်ပဲ ဆက်လက်နေထိုင်ခဲ့ကြပြီး မကြာခဏဆိုသလို တိုင်းပြည်သစ်က လူတွေနဲ့ အချင်းဖြစ်ပွားလေ့ရှိကြတယ် ။

ယုံအမ်းမင်းမျိုးမင်းနွယ်ရဲ့ အစောပိုင်း မျိုးဆက်အနည်းငယ်ဟာ အင်အားသုံး အကြမ်းဖက် အုပ်ချုပ်ခဲ့ပြီး ရှန်းလာ့မျိုးနွယ်တော်တော်များများကို ရက်စက်စွာ အစုလိုက်အပြုံလိုက် အမြစ်ဖြတ်သတ်ဖြတ်ခဲ့တယ် ။ ဆန့်ကျင်ဘက်အနေနဲ့ ယုံအမ်းတော်ဝင်မျိုးနွယ်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ရှန်းလာ့ လူမျိုးတွေ ဖွဲ့စည်းထားတဲ့ မြေအောက် မဟာမိတ်တပ်ပေါင်းစုတွေလည်း ရှိပြီး အကြိမ်အနည်းငယ်တောင် အောင်မြင်ခဲ့ကြတယ် ။ အခြေအနေတွေဟာ ဒီလိုပဲ ဆက်ဖြစ်နေပြီး အဆုံးသတ် ရလဒ်ကတော့ နှစ်ဖက်လုံးမှာ အမုန်းတရားတွေ နက်နက်ရှိုင်းရှိုင်း သန္ဓေတည်သွားခဲ့တာပဲ ။

ထျန်းကွမ်းစစ်ဖူ (Volume 1 Zawgyi)Where stories live. Discover now