Chapter [ 5 ]

2.3K 405 17
                                    

နေ့စဥ် ညနေ ၆ နာရီက မော်ကွန်းတစ်ယောက် ရုံးဆင်းချိန်ဖြစ်သည်။

ဒီရက်ပိုင်း တောင်ကြီးမှာ မိုးတွေ သိပ်စွေနေ၏။

ပြာရီ မှောင်ဝေလျက်ရှိသော ကောင်းကင်၊ စိုစွတ်နေသော ပတ်ဝန်းကျင်နှင့်အေးစက်စက်လေထုက မော်ကွန်းရဲ့စိတ်ကိုပါ မှိုင်းညို့လာစေသည်။

သူ ရုံးဝန်းထဲကနေ ကားမောင်းထွက်လိုက်ပြီး သူ့ရုံးနှင့်သိပ်မဝေးသည့်
နေရာတစ်ခုဆီ ဦးတည်လိုက်၏။

အိမ် မပြန်ခင်တိုင်း သူ ဝင်နေကျ ထိုနေရာက လွန်ခဲ့သည့် ဆောင်းဦးတုန်းကမှ သူ ဝယ်ထားသော အိမ်နှင့်ခြံပင်။

လေးလကျော် ငါးလနီးပါး ကြာပြီ ဆိုပေမယ့် တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေး လုပ်ရုံကလွဲလို့ အခုချိန်ထိ ဘာမှ မပြုပြင် မပြောင်းလဲဘဲ ဝယ်စဥ်ကအတိုင်း ရှိနေစေတာကြောင့် ခြံတံခါးတွင် ချိတ်ထားသည့် သစ်သားဆိုင်းဘုတ်လေးတောင် ဆေးရောင်မှိန်ချင်နေပြီ ဖြစ်သည်။

"Rian's Garden"

ဒီအိမ်နှင့်ခြံကို ကိုယ်စား ရောင်းပေးသည့် အစ်မတွေက ထို ဆိုင်းဘုတ်ကို ဖြုတ်သိမ်းသွားဖို့ လုပ်ပေမယ့် သူက ဒီအတိုင်း ထားပေးခဲ့နိုင်မလားလို့ တောင်းဆိုတာနဲ့ နေရာမပျက်၊ ပုံစံမပျက် ရှိနေခြင်းပင်။

အရင်ပိုင်ရှင်က အိမ်နှင့်ခြံရောင်းမည်ဟု ကြော်ငြာစာ ကပ်ထားတာကို မြင်မြင်ချင်းပဲ သူ ဝယ်ဖို့ လာစုံစမ်းပေမယ့် ပိုင်ရှင်နဲ့တော့ တိုက်ရိုက်မတွေ့ခဲ့ရဘဲ ပိုင်ရှင်ရဲ့အစ်မတွေနဲ့ပဲ စကားပြောခဲ့ရသည်။

ထိုအစ်မတွေကလည်း ဝယ်ချင်တဲ့လူ လေးငါးဦးရှိသည့်အထဲက သူ့ကိုပဲ တစ်ခါတည်း ရောင်းပေးလိုက်တာကလည်း သူ့အမေနှင့်သိကျွမ်းနေသော ဆက်ဆံရေးကြောင့်ပင်။

မယင်းတို့အမေ ဒေါ်လဲ့ဝေနှင့်သူ့အမေ ဒေါ်သီရိက ကျောင်းနေဘက် သူငယ်ချင်းတွေဖြစ်ပြီး မယင်းတို့ညီအစ်မ ကိုယ်စီ အိမ်ထောင်ကျကာ
တောင်ကြီးမှာ အခြေချဖို့လုပ်တော့ အမေပဲ ကူညီပေးခဲ့တာဖြစ်သည်။

"ဒီခြံက မယင်းတို့မောင်လေး တောင်ကြီးမှာ ပန်းဆိုင်ဖွင့်ချင်တယ်ဆိုလို့ မယင်းတို့ညီအစ်မနှစ်ယောက်အတူ ဝယ်ပေးတဲ့ခြံလေ...အိမ်နဲ့ဆိုင်ကတော့ မောင်လေး သူ့ဘာသာ ဆောက်ပြီး လပိုင်းပဲ နေရသေးတာကို ပြန် ရောင်းချင်တယ်ဆိုလို့"

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now