Queenstown, New Zealand.
မနေ့က ကျယ်ကျဲတို့နှင့်စကားပြောပြီးကတည်းက Andrian အတွေးတွေ များနေခဲ့သည်။
စဝ်မော်ကွန်းတည်ဆိုတဲ့လူက သူ့ကို လက်ထပ်ချင်ကြောင်း လူကြီးတွေနဲ့ မြန်းစေလိုက်သောကြောင့်ပင်။
ကျယ်ကျဲတို့ကတော့ နှစ်ခါတောင် မပြောရအောင်ကို သဘောတူနေကြပြီး ပါပါးကလည်း ထိုကြောင်းလမ်းမှုဟာ သူ့အတွက် ကောင်းမည့်ကိစ္စဟု ပြောလာ၏။
"ပါပါးက အသက်ကြီးပြီ Andri။ သားရဲ့အစ်မတွေက မိသားစုကိုယ်စီနဲ့အခြေကျပြီမို့ သိပ်စိတ်မပူရတော့ပေမယ့် သားကိုတော့ ပါပါး စိတ်မချဘူး။"
"ကျွန်တော် နားလည်ပါတယ် ပါပါး"
"အသက်က အခုပဲ ၆၃ ဖြစ်နေပြီလေ။ပါပါးလည်း ဒီမှာ တစ်ယောက်တည်း နေနိုင်ရင် နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်ပေါ့။ ဘဝရဲ့လက်ကျန်အချိန်တွေကိုတော့ သားတို့မာမား ခေါင်းချခဲ့တဲ့ ရန်ကုန်အိမ်မှာ နေသွားဖို့ စိတ်ကူးထားတယ်။"
"ကျွန်တော် ဒီတစ်ခါတော့ ပါပါးရဲ့စကားကိုပဲ နားထောင်မှာမို့ ပါပါး
ကောင်းသလိုသာ စီစဥ်ပါ""ဒေါ်သီရိဆိုတာ သားမာမားရဲ့ငယ်သူငယ်ချင်းမို့ ပါပါးတို့နဲ့ အတွင်းသိ၊ အဆင်းသိတွေပါ။ သားရဲ့အစ်မတွေကိုလည်း အများကြီး ကြည့်ရှူစောင့်ရှောက်ပေးခဲ့တာ။ အခု သူ့ရဲ့သားကိုလည်း လူကောင်းလို့ ပါပါး ယုံကြည်တယ်။ ဒါပေမယ့် သားက တစ်သက်လုံး လက်တွဲသွားရမယ့်သူဆိုတော့ ပါပါးတို့အနေနဲ့ အရမ်းတော့ မတိုက်တွန်းလိုပါဘူး။"
"ကျွန်တော် အဲဒီလူနဲ့တွေ့ကြည့်လိုက်ပါ့မယ်"
"မနက်ဖြန်ကျ မော်ကွန်း ဒီကို ရောက်မယ်လို့ ကြားတယ်။ ပါပါးတို့ လေဆိပ်မှာ သွားကြိုကြတာပေါ့။"
"ဟုတ်ကဲ့"
Andrain ပါပါးနှင့်အတူ ညစာ စားပြီးနောက် ပန်းကန်တွေကို တစ်ခါတည်း ဆေးကြော၊ သိမ်းဆည်းလိုက်သည်။ ပါပါးက အစောကြီး အိပ်ရာဝင်သွားပြီ ဖြစ်သော်လည်း သူကတော့ တော်တော်နှင့် အိပ်မပျော်နိုင်သေးဘဲ ရှိနေသည်။
သူ အိပ်ရာပေါ်တွင် ဒီအတိုင်း လှဲနေစဥ်
Telegram ကနေ စာဝင်လာတော့ Nightstand ပေါ်က ဖုန်းကို လှမ်းယူလိုက်၏။