"နောက်တစ်ပွဲ ထပ်ယူဦးမလား"
ကျော်ဇော စားနေတဲ့တိုဖူးနွေးတစ်ပွဲ ကုန်ခါနီးတော့ ကိုစိုင်းမာန်ကမေးလာခြင်းပင်။
"တော်ပြီ...တစ်ပွဲနဲ့ ဝပြီ"
အရင်တစ်ခါ လာတုန်းက နှစ်ပွဲစားမိတာက ကျော်ဇော ဗိုက်တအားဆာနေတဲ့အချိန်မို့ဖြစ်သည်။
"ခင်ဗျားက တော်ပြီလား"
ကိုစိုင်းမာန်က သူ့အမေးကို ခေါင်းညိတ်ပြကာ တစ်ဝက်တောင်ကျန်သေးသည့် ရေစိမ်ခေါက်ဆွဲသုပ် ပန်းကန်ကို ဘေးသို့ရွှေ့လိုက်၏။
"နှမြောစရာကြီး...ကျွန်တော်စားမယ်...ပေး"
မှာကတည်းက ဆိုင်ရှင်ကို အငန်လျှော့ ပေးပါဟုဆိုသည့် ကိုစိုင်းမာန်က ရေစိမ်သုပ်ထဲ မြေပဲမှုန့်လည်းမထည့်ခိုင်း။ ငရုပ်သီးလည်းမပါ။ အချိုရည်ကလည်း ပါလေကာလေးဆိုတော့ အခုကျော်ဇောစားကြည့်လိုက်တာ အရသာက ပေါ့ရွှတ်နေသည်။
"ခင်ဗျားက အချိုတွေ၊အငန်တွေ ရှောင်တာလား"
ခေါက်ဆွဲပန်းကန်ထဲ အရသာဖြည့်ရင်း သူမေးတော့ ကိုစိုင်းမာန်က သောက်လက်စ ရေနွေးကြမ်းခွက်ကို လက်ထဲက ချပြီးမှ
"လုံးဝရှောင်တာတော့ မဟုတ်ပါဘူး၊ လိုအပ်သလောက်ပဲစားတာ " ဟု ဆိုလာသည်။
"ဒါဆို ချောကလက်စားချင်တာက အချိုဓာတ် လိုအပ်နေလို့ပေါ့"
"အင်း"
"ကျွန်တော်တို့ မနက်စာ စားပြီးရင် ဘယ်သွားကြမလဲ"
"မင်း ဘယ်သွားချင်လဲ"
"ကလောမှာ ကော်ဖီဆိုင်ထိုင်ချင်တယ်"
"သွားကြတာပေါ့"
ကျော်ဇောက ဒီအတိုင်း စိတ်ထဲရှိတာကို ပြောလိုက်တာဆိုပေမယ့် ကိုစိုင်းမာန်က အတည်ကြီး ပြန်ပြောလာတော့ သူ အံ့ဩသွားရ၏။
"ခင်ဗျား အချိန်ရလို့လား"
"ကိုယ် ဒီနေ့ တစ်နေ့လုံး အားတယ်လေ...တောင်ကြီးနဲ့ကလော ဘယ်လောက်မှ မဝေးပါဘူး"
"ဒါဆို သွားရအောင်"
"Okay"
"ဒီတစ်ခါတော့ ကျွန်တော်ရှင်းမယ်နော"